သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းကို မြန်မာ့အရေးလှုပ်ရှားသူများ စိုးရိမ်


အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ပင်တားမြစ်ချက် ပြန်လည် ရုပ်သိမ်းလိုက်တဲ့အပေါ်မှာ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ အခိုင်အမာမရှိသေးဘူး၊ လူ့အခွင့်အရေးအရ စိုးရိမ်စရာတွေ ရှိနေဆဲပဲလို့ သူတို့က မြင်ပါတယ်။ မြန်မာ့အရေးတတ်ကြွတဲ့ အထက် လွှတ်တော်အမတ်တွေကတော့ ဒီ ကြေညာချက်ကို ကြိုဆိုပြီး ဒါဟာ ယာယီရုပ်သိမ်းထားတဲ့ သဘောဖြစ်တယ်လို့ ဆိုနေပါတယ်။ ဒီအမြင်တွေကိုတော့ ကိုသားညွန့်ဦးက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုသစ်တွေ မလုပ်ဖို့ ပိတ်ပင်တားမြစ် ချက်ကို အမေရိကန် ပြည်ထောင်စုအနေနဲ့ လျှော့ပေါ့ပေးလိုက်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကလည်း ကြေညာချက်ထုတ်ခဲ့ပြီး ဒါဟာ အမေရိကန်- မြန်မာ ဆက်ဆံရေးရဲ့ အခမ်းကဏ္ဍသစ် ကို စတင်လိုက်တာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံဘက်က အပြု သဘောဆောင် တိုးတက်မှုတွေကို ပြန်လည်တုံ့ပြန်မယ်လို့ ကတိပြုထားတဲ့ အတိုင်း ဆောင်ရွက် ချက်ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ကိစ္စတွေမှာ ကုန်သွယ်စီးပွား လုပ်ဆောင်မယ့်ကိစ္စကိုတော့ ခြွင်းချက် အနေနဲ့ ဆက်ပြီး တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို အမေရိကန်ပြည်ထောင်စု က မြန်မာအပေါ် အရေးယူမှုတွေ လျှော့ပေါ့ပေးလိုက်တဲ့အပေါ်မှာ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ ဒါဟာ အပြုသဘောထက် အဆိုးဘက်ကို ရောက်သွားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ USCB အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးအောင်ဒင်ကတော့ အခုလို အရေးယူမှုတွေ လျှော့ပေါ့ပေးတဲ့ ကိစ္စကို လက်မခံပါဘူး။

"ကျနော်ကတော့ ဒီကိစ္စအပေါ်မှာ အပြင်းအထန် ကန့်ကွက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ဧပြီလ ၄ ရက်နေ့က ရုပ်သိမ်းလိုက်ကတည်းက ကျနော်တို့က ကန့်ကွက်နေတာပါ။ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက နောက်ကြောင်းပြန်မလှည့်ဘူးလို့ စိတ်ချရတဲ့ အနေအထားမှာ မရှိသလို ရှေ့ကိုဆက်ပြီး တိုးတက်လေမလားဆိုတာကိုလည်း မျှော်လင့်ချက် အပြည့်အဝ မရှိသေးတဲ့အချိန် - နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီပြီးတော့ အကျဉ်းကျနေသေး တယ်။ နောက်ပြီးတော့ ကချင်ပြည်နယ်ဘက်မှာ ဖြစ်နေတဲ့စစ်ပွဲတွေကလည်း မပြီးဆုံးသေးတဲ့အပြင် ပိုပြီးတော့တောင် ကြီးမားနေသေးတယ်။ နောက်တခါ လူထုခံစားနေရတဲ့ စီးပွားရေးဒုက္ခတွေ၊ လူမှုရေးဒုက္ခတွေ ပိုပြီး မြင့်မားနေတဲ့အချိန်မှာ အခုလိုမျိုး အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုကို အတိုင်းအတာတခုအထိ ဖွင့်ပေးလိုက်တဲ့ဟာဖြင့် ဗမာအစိုးရနဲ့ သူတို့ရဲ့အပေါင်းအပါ စီးပွားရေးသမားတွေသာ အကျိုးစီးပွားဖြစ်မယ့်ကိစ္စလို့ ကျနော်တို့က မြင်ပါတယ်။ အထူးသဖြင့် ဗမာအစိုးရနဲ့ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကြားမှာ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုလည်း တစုံတရာ အနှောင့်အယှက်ဖြစ်မယ်လို့ ကျနော်တို့က မြင်ပါတယ်။"

မေး။ ။ "ဟုတ်ကဲ့။ ဒါပေမယ့် အမေရိကန် အာဏာပိုင်တွေပြောတာက မြန်မာနိုင်ငံထဲမှာ တခုခု နောက်ကြောင်းပြန်လှည့်သွားတာပဲဖြစ်ဖြစ်- တခုခုဖြစ်လို့ရှိရင် အချိန်မရွေး ပြန်ပြီး အရေးယူနိုင်တဲ့ အနေအထားရှိတယ်လို့တော့ ပြောပါတယ်ခင်ဗျ။"

"အဲဒါကလည်းဗျာ၊ တကယ့်လက်တွေ့မှာ သိပ်မလွယ်လှပါဘူး။ နမူနာတခုကြည့်ဗျာ- ၁၉၉၇ ခုနှစ်မှာ သမ္မတကလင်တန်က ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့တာကို ဥပဒေပြဌာန်းတဲ့အခါကျတော့ မြန်မာနိုင်ငံ ထဲမှာ ရောက်နေပြီးဖြစ်တဲ့ ယူနိုကယ်လ်ကို သူတို့ ပြန်လွှတ်လို့ မရဘူး။ ရောက်ရှိပီးသား ရင်းနှီးမြှုပ်နှံမှုတွေ ကို ကင်းလွတ်ခွင့်ပေးပြီးတော့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေကိုသာ ပိတ်ပင်ဟန့်တားတာကို။ ဒါကြောင့် ဝင်တဲ့နေရာမှာလည်း သူတို့က အဓိက-က မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝဓာတ်ငွေ့တို့၊ ရေနံတို့၊ တွင်းထွက်ပစ္စည်း အစရှိတဲ့ တိုင်းပြည်ရဲ့ သယံဇာတပစ္စည်းတွေကို ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ပိုပြီး စိတ်ဝင်စားကြတာကိုး။ အဲဒီတော့ အဲဒီလို လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဝင်ရောက်လာပြီ ဆိုရင် တချိန်ချိန်မှာ ပြန်ထွက်ကြစို့ - ပြောတဲ့အခါမှာ အဲဒီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက လက်ခံမှာ မဟုတ်ကြဘူးလေ။"

အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့ ဝါရှင်တန်ရုံး ညွန်ကြားရေးမှူး Tom Malinowski ကတော့ အရေးယူမှုတွေ ရုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီ ဆုံးဖြတ်ချက် ဟာ မျှတမှုရှိတယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း အချို့လုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင်ခွင့်ပြု ဖို့တော့ စောလွန်းသေးတယ်လို့ သူက ယူဆပါတယ်။

“အခြေခံအရပြောရရင်တော့ နိုင်ငံခြားရေးဝန်ကြီး ဒီနေ့ ထုတ်ပြန်ချက်ဟာ မျှမျှတတရှိတယ်လို့ ယူဆပါ တယ်။ အခုအချိန် အထိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် ဆုလာဘ်ကောင်းပေးလိုက် တာ ဖြစ်သလို တဘက်မှာလည်း ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေ အပေါ် အရေးယူထား တာတွေကိုတော့ ဆက်ပြီး ထားရှိဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ဆုံးဖြတ်ချက်ကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကိုတော့ အသေးစိတ် ကြေညာတာ မရှိသေးပါဘူး။ ဥပမာ ဆိုရရင် အမေရိကန်က စွမ်းအင်ကုမ္ပဏီတွေကို မြန်မာစစ်တပ် အတွက် နှစ်ပေါင်းများစွာကတည်းက ဝင်ငွေကောင်းကောင်း ရှာပေးနေတဲ့ မြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ပူးတွဲ လုပ်ကိုင်ဖို့ ခွင့်ပြု ထားသလားဆိုတာ မသိရပါဘူး။ မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေဟာ စစ်တပ်အတွက် မဟုတ်ဘဲ မြန်မာလူထုအတွက် အကျိုးရှိစေမယ် ဆိုတာ မသေချာမချင်း ဒီလုပ်ငန်းမျိုးတွေ ခွင့်ပြုဖို့ စောလွန်းမယ်လို့ ထင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ကျင့်ဝတ် သိက္ခာနဲ့ ညီညွတ်ပြီး မြန်မာလူ့အဖွဲ့အစည်း အတွက် အကျိုးရှိစေရမယ်လို့တော့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံ အများစုက မြန်မာ နိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူ ထားတာတွေဟာ အခုဆိုရင် အမေရိကန်ပြည်ထောင်စုကပါ ရုပ်သိမ်း လိုက်တာကြောင့် မြန်မာအပေါ် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ မရှိတော့ဘူးလို့ ယူဆရမှာပါ။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖွံဖြိုးမှုနိမ့်ကျခဲ့တာ စီးပွားရေးပိတ်ဆို့မှုကြောင့်ဖြစ်ပြီး၊ စီးပွားရေး ပိတ်ဆို့မှုဟာ မြန်မာလူထုကိုပဲ ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေကလည်း ရှိခဲ့ပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကတော့ အခုလို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာ စီးပွားရေးအရ ဒဏ်ခတ်မှုတွေကြောင့်ဖြစ်ပြီး ဒါဟာ သက်ရောက်မှုရှိခဲ့တယ်လို့ ပြောပါတယ်။

"ကျနော့်အယူအဆကတော့ ထိရောက်ခဲ့တယ်လို့ မြင်ပါတယ်။ အခုလို ပြောင်းလဲမှုတွေ ဖြစ်လာတာကို က နိုင်ငံတကာရဲ့လွှမ်းမိုးမှု၊ နိုင်ငံတကာရဲ့အခန်းကဏ္ဍ အများကြီး ကြီးတယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှု၊ နိုင်ငံတကာရဲ့လွှမ်းမိုးမှုကို ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ ကိုယ်နှိုက်ကပင် ခုခံနိုင်ဖို့ တချို့အခြေအနေမှာ တော်တော်ခက်တဲ့ အနေအထားရှိပါတယ်။ ကျနော်တို့တိုင်းပြည် ပြောင်းလဲလို့၊ ကျနော်တို့တိုင်းပြည် အပြောင်းအလဲမှာ သူတို့က ပူးပေါင်းလာတယ်ဆိုတာထက် နဂိုရ်ကတည်းက သူတို့ရဲ့ အာဂျင်နာ (agena) က ကျနော်တို့တိုင်းပြည်ကို အခုလို လမ်းကြောင်းမျိုး တခုခု တွန်းပို့တဲ့ အနေမျိုးရှိတယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။"

Tom Malinowski ကတော့ အခုလို နှစ်ဖက်ဆက်ဆံရေးတွေ တိုးတက်လာပေမယ့် မြန်မာနိုင်ငံထဲ လူ့အခွင့်အရေး အခြေအနေတွေကြောင့် ပုံမှန်ဆက်ဆံရေးအဆင့်တော့ မရောက်နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ အတော်များများ ရှိနေရဆဲ ပါ။ နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ အကျဉ်းထောင်တွေထဲ ရှိနေတုန်းပါ။ တိုင်းရင်းသား လူနည်းစုဒေသတွေ မှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ရှိနေဆဲပါ။ ဒီလို ပြဿနာတွေ မဖြေရှင်းနိုင်သေး သရွေ့တော့ အမေရိကန်-မြန်မာဆက်ဆံရေးက ပုံမှန်တော့ ဖြစ်မလာနိုင်သေးပါဘူး။”

နိုင်ငံခြားရေးဝန်ကြီးကလင်တန်ဒီနေ့ ပြောတဲ့အထဲမှာလည်း မြန်မာနိုင်ငံထဲမှာ လုပ်စရာတွေကျန်နေသေးပြီး တိုင်းရင်းသား လူနည်းစုဒေသက အခြေအနေတွေ အထူးသဖြင့် ကချင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ အတွက် စိုးရိမ်တဲ့အကြောင်း ပြောသွားပါတယ်။

သြဇာကြီးတဲ့ ရီပတ်ပလီကဲန် ခေါင်းဆောင်တွေဖြစ်သူ အထက်လွှတ်တော်အမတ် မက်ကိန်းနဲ့ အထက် လွှတ်တော်အမတ် မက်ကောနယ်တို့ကလည်း အခုလို အမေရိကန်အစိုးရက မြန်မာအပေါ် အရေးယူ မှုတွေ လျှော့ပေါ့ပေးလိုက်တာကို ကြိုဆိုတဲ့ အကြောင်း ထုတ်ပြန်ပါတယ်။ ဒါပမေယ့်လည်း ဒါဟာ အရေးယူမှုတွေကို ရုပ်သိမ်းတာမဟုတ်ပဲ ခြွင်းချက်နဲ့ ယာယီဆိုင်းငံ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရပိုင်းရဲ့လုပ်ပိုင်ခွင့်နဲ့ အရေးယူမှုတွေကို ယာယီလျှော့ပေးလိုက်ပေမယ့် အရေးယူမှုတွေကို ဥပဒေအရ ဒီတိုင်း ဆက်ထားသင့်တယ်လို့ ဆိုပါတယ်။ နောက်ထပ် အရေးယူမှုတွေကို လျှော့ပေးဖို့ကတော့ မြန်မာ အစိုးရဘက်က လုပ်ရပ်အပေါ်မှာတည်တယ်လို့ ပြောပါတယ်။ သူတို့အနေနဲ့ကတော့ မြန်မာအနေ နဲ့ မြောက်ကိုရီယားနဲ့ စစ်ဘက်ဆက်ဆံရေး ဖြတ်တောက်ဖို့၊ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ ကချင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားဒေသတွေက အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ နဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆက်ဖြစ်စေဖို့ တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ တလျှောက်လုံးတိုက်တွန်းနေတဲ့ အထက်လွှတ်တော် အမတ်ဂျင်ဝက်ကတာ့ အခု အရေးယူမှုလျှော့ပေါ့ပေးတာ ကို ကျေနပ် အားရမိပေမယ့် အမေရိကန်ဘက်က ဒီထက်ပိုပြီး မြန်မာ အစိုးရအပေါ် တုံ့ပြန်အားပေးသွားဖို့ မူဝါဒတွေ ချမှတ်ဖို့ တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG