သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြောင်းလဲမှု ဆက်ထိန်းနိုင်ရင် ဖွံ့ဖြိုးမှုအလာအလာကောင်း


မြန်မာနိုင်ငံဟာ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မပျက် မှန်မှန်သွားနိုင်မယ်ဆိုရင်တော့ တိုးတက် ဖွံ့ဖြိုးရေး အလားအလာကောင်းတွေ ရှိနေတယ်လို့ အမေရိကန်အခြေစိုက် Carnegie Endowment နိုင်ငံ တကာငြိမ်းချမ်းရေးလေ့လာမှုဌာန စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း ရှိပြီးသား အရင်းအမြစ်တွေကို မှန်မှန်ကန်ကန် ဖြစ်လာအောင် ပြောင်းလဲအသုံးချဖို့ကိစ္စမှာ စိန်ခေါ်ချက်တွေတော့ ရှိနိုင်တယ်လို့ သူက ယူဆပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးပါမယ်။

မြန်မာနိုင်ငံတွင်း အပြောင်းအလဲ အထူးသဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့ Carnegie Endowment နိုင်ငံတကာလေ့လာရေးဌာနရဲ့ အာရှရေးရာ အကြီးတန်းသုတေသီ Vikram Nehru က အပြုသဘော မြင်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ စိန်ခေါ်ချက်တွေရှိနေပြီး လွယ်ကူမယ့် အခြေ အနေတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် လက်ရှိ နှုန်းအတိုင်း ပြုပြင်ပြောင်းလဲမှုတွေ မှန်မှန် လုပ်သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအလားအလာကောင်းတွေ ရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို ထောက်ပြပါတယ်။

“အခု ပြုပြင်ပြောင်းလဲရေးတွေ အရှိန်မှန်မှန် ဆက်လုပ်သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး က အတော်လေး အလားအလာကောင်းရှိပါတယ်။ စိန်ခေါ်ချက်ကတော့ မြန်မာပြည်မှာ မြုပ်နေတဲ့ ရှိပြီးသား ပိုင်ဆိုင်မှုတွေကို တကယ့် လူသားအရင်းအမြစ်တွေ၊ ဓနဥစ္စာတွေနဲ့ ရေရှည်ဖွံ့ဖြိုးမှု ဖြစ်လာအောင် ဘယ်လို လုပ်မလဲဆိုတာပါ။ ဒါပေမယ့် ဒီလို ရှိပြီးသားအရင်းအမြစ်တွေနဲ့ မြန်မာပြည်ရဲ့အခြေအနေ၊ မြန်မာပြည် တည်ရှိမှုဟာ ဒေသတွင်းမှာ အလွန်အရေးကြီးပြီး မဟာဗျူဟာကျတဲ့ အနေအထားမှာ ရှိပါတယ်။ မြန် မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှဒေသကို ချိတ်ဆက်ထားတဲ့ နေရာကောင်းတခုပါ။”

လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေမှာတော့ အရေးတကြီးလုပ်ဆောင်ရမယ့်အချက်က ပြည်သူဘဏ္ဍာငွေတွေကို မှန်မှန်ကန်ကန်သုံးစွဲနိုင်ဖို့ဖြစ်တယ်လို့ပြောပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေအတွက် လက်ရှိ ကြုံနေရတဲ့ အကန့် အသတ်တွေကို ဖယ်ရှားဖို့ဆိုရင်တော့၊ အချိန်ယူရနိုင်တယ်လို့ သူက မြင်ပါတယ်။

“အရင်ဆုံးလုပ်ရမယ့်အထဲမှာတော့ ပြည်သူ့ဘဏ္ဍာသုံးစွဲမှုကို မှန်မှန်ကန်ကန်ဖြစ်အောင် သုံးစွဲဖို့လိုပါတယ်။ ဒီကိစ္စအတွက် အစိုးရအသုံးစရိတ်ကို လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ပြီးပါပြီ။ အသုံးစရိတ်ထွက်လာပြီ ဆိုတာနဲ့ လမ်းပမ်းဆက်သွယ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေအတွက် ကူညီထောက်ပံ့မှုတွေ စတင်နိုင်ပါပြီ။ ဒီနှစ်စလုံးက အင်မတန်ကို အရေးကြီးပါတယ်။

"ဒုတိယ အရေးတကြီးလုပ်ရမယ့်အချက်ကတော့ ကုန်သွယ်ရေးလုပ်ငန်းတွေ မှာ တံခါးဖွင့်ဖို့ပါ။ ပြည်ပ သွင်းကုန်တွေ ခွင့်ပြုပေးဖို့လိုပါတယ်။ ဒါမှ စီးပွားရေးကို တွန်းနှိုးနိုင်မှာပါ။

"တတိယအချက်ကတော့ ရင်းနှီးမြုပ်နှံမှုတွေအပေါ် ကန့်သတ်ချက်တွေအားလုံးကို ပယ်ဖျက်ပေးဖို့ လိုပါ တယ်။ ဒီကန့်သတ်ချက်တွေက မြန်မာနိုင်ငံတွင်း ပုဂ္ဂလိလုပ်ငန်းပိုင်းတွေကို အတော်လေး ထိခိုက်စေခဲ့ ပါတယ်။ လက်ရှိ အာဏာရှိသူအတော်များများက အရင်တုန်းက ကြိုးနီစနစ်ကနေ အကျိုးအမြတ်တွေ ရခဲ့တော့ ဒီကန့်သတ်ချက် အားလုံးဖယ်ရှားနိုင်ဖို့ ဆောင်ရွက်ချက်က ခက်ခဲဦးမှာပါ။”

စစ်တပ်ကနေ အရာရာချုပ်ကိုင်ထားတဲ့ စံနစ်ကနေ အခုလို ပြောင်းလဲမှုတွေဖြစ်လာတာဟာ အကြောင်း အမျိုးမျိုးရှိတဲ့အထဲ ဒေသတွင်း မြန်မာနိုင်ငံရဲ့အနေအထားဟာ အပြောင်းအလဲအတွက် တွန်းအား ဖြစ်စေခဲ့ တယ်လို့လည်း သူက မြင်ပါတယ်။

“အကြောင်းအမျိုးမျိုးရှိမယ်လို့ ထင်ပါတယ်။ အရင်ဆုံးအချက်ကတော့ မြန်မာနိုင်ငံဟာ အာရှနိုင်ငံတွေ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံတွေအကြားမှာ နောက်ကျ ကျန်ရစ်ခဲ့ပြီဆိုတာကို လက်ခံ အသိ အမှတ်ပြုတဲ့အချက်ပါ။ အရှေ့တောင်အာရှဒေသ စီးပွားရေးအရှိန်အဟုန် ကောင်းကောင်း ဖြစ်နေချိန် မှာ နှိုင်းယှဉ်ချက်အရ မြန်မာနိုင်ငံအခြေအနေဟာ လုံးလုံး ဗလာဖြစ်နေတယ်ဆိုတာ သိသာ လွန်းပါတယ်။

ဒုတိယအချက်ကတော့ အာဆီယံအသင်း ဥက္ကဋ္ဌဖြစ်ရေးပါ။ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌဖြစ်ဖို့ အလားအလာ ဟာ အစိုးရအတွက် တကယ်ကို ဆုလာဘ်ကြီးပါ။ ဒါပေမယ့်လည်း အခြေအနေအရ အစိုးရအနေနဲ့ တံခါး ဖွင့်ပေးရပါလိမ့်မယ်။ ကျန်ကမ္ဘာ့နိုင်ငံတွေရဲ့ လေးစားမှုနဲ့အတူ လက်ခံနိုင်လောက်တဲ့ ပွင့်လင်းမြင်သာ မှုတွေ ရှိလာဖို့လိုပါတယ်။ တတိယအချက်ကတော့ တရုတ်နဲ့ အလွန် နီးစပ်နေတဲ့ အချက်က မြန်မာနိုင်ငံ အတွင်းမှာပဲ စိုးရိမ်ပူပင်မှုတွေရှိနေတာပါ။ တရုတ်ရင်းနှီးမြှုပ်နှံမှုအတော်များများမှာ စစ်ခေါင်းဆောင်အချို့ အကျိုးအမြတ်အတော်လေး ရနေတာတွေ ရှိနေပါတယ်။ တရုတ်ဘက်က အခုလို အလွန်အမင်း နေရာ ယူတဲ့အပေါ် မကျေနပ်မှု အချို့ ရှိလာနိုင်ပါတယ်။ သေချာတာကတော့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံချက်တွေ ရှိတဲ့ ဒေသက ဒေသခံတွေဟာ ဒီစီမံချက်တွေကြောင့် သူတို့အတွက် အကျိုးအမြတ်မရှိဘူးလို့ မြင်ကြပါ တယ်။ ပြောရရင်တော့ တရုတ်တွေဟာ သူတို့ကိုတော့ တန်းတူရည်တူ မဆက်ဆံဘူး၊ ဒေသအကျိုး အတွက် မရှိဘူးလို့ ခံစားကြရတာပါ။”

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ Carnegie Endowment နိုင်ငံတကာလေ့လာရေးဌာန အကြီးတန်းသုတေသီ Vikram Nehru သုံးသပ်ထားချက်တွေပါ။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု တွေနဲ့ ပတ်သက်လို့ ပကတိရှိနေတဲ့ အခြေအနေတွေအပေါ် Carnegie Endowment နိုင်ငံတကာ လေ့လာရေး ဌာနမှာ Vikram Nehru က ပြီးခဲ့တဲ့ သတင်းပတ်က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ အမေရိကန် ပြည်ထောင်စုတွင်းက မြန်မာ့အရေးကျွမ်းကျင်သူတွေ စိတ်ဝင်စားသူတွေကို ဖိတ်ခေါ်ပြီး နိုင်ငံ တကာအနေနဲ့ မြန်မာအရေးကို ဘယ်လို ကူညီပံ့ံပိုးပေးနိုင်မလဲ သုံးသပ်မှုတွေ ထုတ်ခဲ့ကြပါတယ်။

XS
SM
MD
LG