အီဂျစ်နိုင်ငံမှာ မနှစ်တုန်းက ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး သမ္မတ ဟို့စ်နီ မူဘာရက် နုတ်ထွက် သွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်နဲ့ မနေ့တုန်းက သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပတော့ သန်းနဲ့ချီတဲ့ အီဂျစ်နိုင်ငံသားတွေ တန်းအရှည်ကြီးစီ စောင့်ဆိုင်းပြီး မဲထည့်ခဲ့ကြပါတယ်။
သမ္မတဟောင်း မူဘာရက်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ဘာသာရေးနဲ့ နိုင်ငံရေးမရောယှက်သူ ကိုယ်စားလှယ်တွေနဲ့ ညွန့်ပေါင်းအဖွဲ့သစ် ဖွဲ့ဖို့ လုပ် နေတဲ့ အစ္စလာမ်ဝါဒီ တွေ အကြိတ်အနယ် ယှဉ်ပြိုင်နေကြ ပါတယ်။ စစ်တပ်က ကျောထောက်နောက်ခံပေးတဲ့ အာဏာရှင် စနစ် နှစ် ၆၀ နောက်ပိုင်း ပထမဆုံး အရပ်သားအစိုးရတရပ် ဖွဲ့နိုင်ဖို့ ကြိုးပမ်းတဲ့ သမိုင်းဝင်ရွေးကောက်ပွဲဖြစ်ပါတယ်။
စုစုပေါင်း ယှဉ်ပြိုင်သူ ၁၃ ဦးရှိပြီးတော့ တဦးကတော့ နှုတ်ထွက် သွားပါတယ်။ ရွေးကောက်ပွဲကို နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
ကိုင်ရိုမြို့တော် မဲရုံတွေမှာ လူတွေအမြောက်အများ မဲလာ ထည့်ကြတယ်လို့ ဗွီအိုအေ သတင်းထောက် က ပြောပါတယ်။ အီဂျစ်နိုင်ငံမှာ မဲပေးခွင့်ရှိသူ လူဦးရည် သန်း ၅၀ ရှိပါတယ်။ ရွေးကောက်ပွဲ မကျင်းပမီ သတင်းပတ်တွေအတွင်း ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့တာမို့ အကြမ်းဖက်မှုတွေ ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဟိုဘက် ဒီဘက် ထောက်ခံသူတွေ အကြား သေနက်နဲ့ပစ်ခတ်မှုတွေဖြစ်လို့ ကိုင်ရိုမြို့ မဲရုံတခု အပြင်ဘက်မှာ ရဲအရာရှိတဦး သေဆုံးသွားတယ်လို့ သတင်းဌာနတွေက ပြောကြပါတယ်။