သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာအခြေအနေ တိုးတက်လာ


ပြီးခဲ့တဲ့တနှစ်အတွင်း ကမ္ဘာအဝှမ်းမှာ လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာ တိုးတက်ပြောင်းလဲ လာတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါ တယ်။ နှစ်စဉ်ထုတ်ပြန်နေကျ အမေရိကန်နိုင်ငံခြားရေးဌာန အခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုရှိတယ်ဆိုတာကိုဖော်ပြပေမဲ့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေတုန်းပဲဆိုတာကိုလည်း ထောက်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နှစ်စဉ်ထုတ် လူ့အခွင့်အရေး အစီရင်ခံစာပါ မြန်မာနိုင်ငံအကြောင်း ဖော်ပြချက်ကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ခြယ်မှုတွေရှိလာရာကနေ အခု သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်တတ်လာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေးတွေ အစပျိုးလာတာနဲ့အတူ လူ့အခွင့်အရေး အခြေအနေတွေလည်း ပြောင်းလဲတိုးတက်မှု ရှိလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေး အစီရင်ခံစာမှာ ချီးကျုးထားပါတယ်။ ပြီးခဲ့တဲ့နှစ်ဟာ မြန်မာအပါအဝင် ကမ္ဘာနေရာအတော်များများမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် လှုပ်လှုပ်ရှားရှားဖြစ်စေတဲ့ နှစ်တနှစ် ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးကလင်တန်က မနေ့က အစီရင်ခံစာထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“အခုသိကြတဲ့အတိုင်းပါပဲ။ ဒီနှစ်ဟာ လူ့အခွင့်အရေး ရုန်းကန်ခဲ့ကြရသူတိုင်းအတွက် အုတ်အော်သောင်းနင်းနိုင်လှတဲ့နှစ်ဖြစ်သလို အမှတ်ရစရာ ထူးခြားလှတဲ့နှစ်လည်း ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက တော်လှန်ရေးလှုပ်ရှားမှုတွေ ကအစ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေအဆုံး မကြာသေးမီက သတင်းမီဒီယာ ခေါင်းကြီးတွေမှာ ပါဝင်ခဲ့တဲ့ဖြစ်ရပ်တွေမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ လူတိုင်း တန်းတူအခွင့်အရေး ရပိုင်ခွင့်ကို ပြတ်ပြတ်သားသား တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံထဲမှာ အခုနှစ်အတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေကတော့ လွှတ်တော်ပေါ်လာပြီး လွှတ်တော်ထဲ အတိုက်အခံ နိုင်ငံရေးပါတီတွေ ဝင်ရောက်ခွင့်ပြုလာတာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်နိုင်အောင် ဥပဒေပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့တာ၊ ရာနဲ့ချီ တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ စာပေဆင်ဆာ ဖြတ်တောက်မှုတွေကို လျှော့ပေါ့ပေး လာတာ၊ အတိုက်အခံ အမြင်ကွဲပြားသူတွေရဲ့ သဘောထားအမြင်ဖော်ပြနိုင်အောင် လွတ်လပ်ခွင့် အချို့ ပေးတာ၊ နိုင်ငံသားတွေ ပြည်တွင်းပြည်ပသွားလာနိုင်အောင် ကန့်သတ်မှု အချို့ ဖြေလျှော့ပေး တာ တွေ ဖြစ်တယ်လို့ ဒီ လူ့အခွင့်အရေးအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါပေမဲ့လည်း လူ့အခွင့်အရေးဆိုင်ရာ ပြဿနာရပ်တွေ စိုးရိမ်စရာတွေတော့ ကျန်နေဆဲပဲလို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း အခုလို အားတတ်စရာ တိုးတက်မှု အတော်များများ တွေ့ရပေမဲ့လည်း လုပ်ဆောင်စရာတွေလည်း အတော်များများ ကျန်နေသေးတယ်လို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michale Posner က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ပြောခဲ့သလိုပဲ ၂၀၁၁ ခုနှစ်အတွင်းမှာ အားတက်စရာ တိုးတက်ပြောင်းလဲမှု အတော် များများရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း လုပ်ဆောင်စရာတွေ အတော်လည်း ကျန်ပါသေးတယ်။ ဒီအထဲမှာတော့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ တိုင်းရင်းသား လူနည်းစုဒေသတွေက အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ကိစ္စတွေ ရှိပါတယ်။ လာမယ့်နှစ်အတွင်း ဒီကိစ္စရပ်တွေမှာ အစိုးရအနေနဲ့ တိုးတက် ပြောင်းလဲ မှုတွေ လုပ်သွားနိုင်ဖို့ ကျနော်တို့ ဆက်ပြီး အားပေးသွားမှာပါ။”

တိုင်းရင်းသား လူနည်းစုဒေသတွေမှာ စစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အသက် ဆုံးရှုံးရတာ၊ ကျေးရွာတွေ အတင်း အဓမ္မ ပြောင်းရွှေ့ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ အစရှိတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်စေခဲ့တယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ အကျဉ်းသားတွေကို စစ်ဆင်ရေးမှာ အသုံးပြုတာတွေကိုလည်း ဝေဖန်ထားပါတယ်။ ဒီလို သတ်ဖြတ်မှုတွေ ညှင်းပမ်း နှိပ်စက်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်စော်ကားမှုတွေမှာ အစိုးရရဲ့ လုံခြုံရေးတပ်က ပါဝင် ပတ်သက်မှုရှိနေတယ်လို့ အပြစ်တင်ပါတယ်။

အရပ်ဘက် လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲ ဆက်ရှိနေ တာတွေအပြင် ထောင်တွေအတွင်း အခြေအနေတွေဟာလည်း ဆိုးဝါးနေတယ်လို့ နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသား တွေနဲ့ ပတ်သက်လို့ အရင်လိုတော့မဟုတ်ဘဲနဲ့ အစိုးရအနေနဲ့ လုံခြုံရေးအရထိမ်းသိမ်းထားသူများဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာနဲ့ လက်ခံဆွေးနွေးစကားပြောတာမျိုးတွေတော့ ရှိလာပြီ လို့ မှတ်ချက်ပြုပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်နေသူတွေအပေါ် အစိုးရအာဏာပိုင်တွေဘက်က အပြစ်ပေး အရေးယူ တာမျိုး မရှိတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အပြစ်ကနေ ကင်းလွတ်ခွင့် ရနေတယ် လို့ ဝေဖန်ပါတယ်။ တိုင်းရင်းသားဒေသက အခြေအနေတွေ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ ကလေးစစ်သားအသုံးပြုမှုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေဘက်က ကျူးလွန်တာမျိုးလည်း ရှိတယ်လို့ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပုံမှန်နှစ်စဉ်ထုတ်ဝေနေကျ လူ့အခွင့်အရေးအစီရင်ခံစာတွေမှာ မြန်မာနိုင်ငံ အပါအဝင် အာဏာရှင်နိုင်ငံတွေ အပေါ် နှစ်စဉ် ပြင်းပြင်းထန်ထန်ဝေဖန် ရေးသားလေ့ ရှိပါတယ်။ မြန်မာနိုင်ငံ အဖို့တော့ ဒီနှစ်မှာ ထူးထူးခြားခြား ချီးကျူးခံရတဲ့အချက်တွေ ပါဝင် လာတယ်လို့ ပြောရမှာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားနေသလို၊ တဘက်မှာ လူ့အခွင့်အရေး စိုးရိမ်မှုတွေကိုလည်း ထုတ်ပြောနေဆဲရှိပါတယ်။

XS
SM
MD
LG