သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မည်။


အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းဟာ မနေ့တုန်းက မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေကို အလေးပေးဆွေးနွေးသွားပါတယ်။ ဒါ့အပြင် အိန္ဒိယအနေ နဲ့ မြန်မာနိုင်ငံတွင်း IT နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးရော နည်းပညာအရပါ ကူညီသွားဖို့ အိန္ဒိယဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါ တယ်။

အိန္ဒိယနဲ့ မြန်မာနယ်ချင်းစပ်ဒေသတွေက လက်နက်ကိုင်လှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့ကိစ္စမှာ အိန္ဒိိယ အနေနဲ့ မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားဖို့လိုမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Somannahalli Mallaiah Krishna က သတင်းထောက်တွေကို ပြောသွား ပါတယ်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လုံးဟာ နယ်စပ်မှာ သူပုန်ထမှုအခြေအနေတွေကို ရင်ဆိုင်နေရတာကြောင့် နယ်စပ်လုံခြုံရေးအတွက် ပူးတွဲ မဟာဗျူဟာတရပ် ထားဖို့လိုမယ်လို့ သုံးရက်ကြာ မြန်မာခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ်နဲ့အတူ ပါလာတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Krishna က ပြောသွားပါတယ်။

“ နှစ်နိုင်ငံ ဆက်ဆံရေးပိုင်းမှာ သေချာတာတခုက လုံခြုံရေးနဲဆက်နွယ်နေတဲ့ ဆက်စပ် ဆောင်ရွက် ချက်တွေလည်း ပါဝင်ပါတယ်။ နှစ်နိုင်ငံ စလုံးဟာ အကြမ်းဖက်မှုလို၊ သူပုန်ထမှုလို ပြဿနာရပ်တွေလည်း ရင်ဆိုင်နေကြရတာပါ။ ဒါကြောင့် နှစ်ဘက်စလုံးက အကြမ်းဖက်မှုတွေနဲ့ သူပုန်ထမှုတွေကို ဘယ်လို ကိုင်တွယ် မလဲဆိုတဲ့ ပူးတွဲမဟာဗျူဟာတရပ်ကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားဖို့လိုပါတယ်။ ဒီကိစ္စတွေကို နားလည်သဘောပေါက်ထားရပါမယ်။ ဒါကြောင့် ဒီ ပူးပေါင်းဆောင်ရွက်မှုတွေ ပို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နိုင်ဖို့လိုအပ်သလိုပဲ ဒုတိယ ပိုင်းအားဖြင့်တော့ စီးပွားရေးအရ ဆက်ဆံမှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားရပါမယ်။ အရေးကြီးမှုက အတူတူပါပဲ။”

အိန္ဒိယအစိုးရကို လက်နက်ကိုင်ပုန်ကန်နေတဲ့ နာဂသူပုန်အဖွဲ့အစည်းအချို့ဟာ မြန်မာပိုင်နက်ထဲမှာ ခိုအောင်းပြီး လှုပ်ရှားနေတယ်လို့ အိန္ဒိိယဘက်က ယူဆထားတာပါ။ တချိန်တည်းမှာ မြန်မာအစိုးရကို ပုန်ကန်တဲ့ တိုင်းရင်းသားသူပုန်အချို့ဟာ အိန္ဒိိယ မြန်မာနယ်စပ် တလျှောက်မှာ လှုပ်ရှားနေတာပါ။ ဒီအပေါ်မှာ နှစ်ဖက် ပူးပေါင်းပြီး သူပုန်ထမှုတွေကို ကိုင်တွယ်သွားဖို့ အိန္ဒိယဘက်က လိုလားပုံရပါတယ်။ ဒါပေမယ့်လည်း မြန်မာဖက်ကတော့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ယူပြီး၊ နယ်စပ် အခြေအနေ တွေကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ မြန်မာ သမ္မတက ပြောဆိုခဲ့တဲ့အကြောင်း အိန္ဒိိယနိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai က သတင်းထောက်တွေကို နေပြည်တော်မှာပြောပါတယ်။

“နယ်စပ်ဒေသတွေမှာ အခြေအနေတွေကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ မြန်မာသမ္မတက ပြော ပါတယ်။ နယ်စပ်က မြန်မာ တိုင်းရင်းသား အုပ်စုတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု ရအောင် ဆောင်ရွက်နေတာတွေကို ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ အင်အားစုတွေ အိန္ဒိယသူပုန်တွေကိုလည်း မြန်မာပိုင်နက်ထဲမှာ မရှိစေရဘူးလို့ ထပ်လောင်း ကတိပြုပေးပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်တွေရအောင် ကြိုးပမ်းနေသလိုပဲ၊ လိုအပ်ရင် လိုအပ်သလို လုံခြုံရေး အရ ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်သွားမယ် လို့ မြန်မာသမ္မတက ပြောပါတယ်။ နယ်စပ်ဒေသ ဖွံဖြိုးရေးနဲ့လုံခြုံရေးအတွက်လိုအပ်ချက်တွေ ကျနော်တို့ဘက်က ရပ်တည်ချက်တွေကိုလည်း သူတို့ ကောင်းကောင်းသဘောပေါက်ပါတယ်။ အဲဒီအတွက်လည်း နှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားရမယ် ဆိုတာလည်း နားလည်လက်ခံပါ တယ်။ ဒါပမေယ့် ထိထိရောက်ရောက်နဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်ဖလှယ်မှုတွေ လိုအပ်နေတယ်လို့တော့ ခံစားမိပါတယ်။”

အိန္ဒိယနိုင်ငံအနေနဲ့ စီးပွားရေးအရ အရှေ့မျှော်မူဝါဒ ချမှတ်ကျင့်သုံးနေချိန်မှာ မြန်မာနယ်စပ်ဘက်က တည်ငြိမ်ရေးဟာ သူ့အတွက် နိုင်ငံရေး အရရော စီးပွားရေးအရပါ အရေးတကြီးဖြစ်နေတယ်လို့ လေ့လာသူတွေကတော့ သုံးသပ်ပါတယ်။ ၂၅ နှစ်တာကာလအတွင်း အိန္ဒိိယ ဝန်ကြီးချုပ်တဦးရဲ့ အခု မြန်မာခရီးစဉ်အတွင်းမှာ နယ်စပ်တည်ငြိမ်ရေးကိစ္စအပြင် လမ်းပမ်းဆက်သွယ်ရေးနဲ့ ရေနက်ဆိပ်ကမ်းကိစ္စ ရထားလမ်းဖောက်လုပ်ရေး လေကြောင်းလိုင်းခရီးစဉ်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။ မြန်မာနိုင်ငံ IT နည်းပညာဖွံ့ဖြိုးရေးအတွက်ပါ အကူအညီပေးသွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai က သတင်းထောက်တွေကို ပြောပါတယ်။

“မြန်မာနဲ့ သဘောတူလက်မှတ်ထိုးခဲ့တဲ့အထဲမှာ မြန်မာသတင်း နည်းပညာဌာနတခု ဖွင့်လှစ်ဖို့ဆိုတာလည်း ပါဝင်ပါတယ်။ ဒီအတွက် အိန္ဒိယ ဘက်က ငွေကြေးအရရော နည်းပညာပိုင်းအရပါ ကူညီသွားဖို့ရှိပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာ အိုင်တီနည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက် လာအောင် ငွေကြေးနဲ့ နည်းပညာပိုင်းမှာ ကူညီသွားမယ်လို့လည်း အိန္ဒိယဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံက သုတေသနကျောင်းတွေ၊ တက္ကသိုလ်တွေမှာ မြန်မာသုတေသီတွေကို ပညာတော်သင် လေ့လာရေးအဖြစ် နှစ်စဉ် ခေါ်ယူသွားမယ်ဆိုတာလည်း အိန္ဒိယဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။”

မြန်မာသမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် ခေါင်းဆောင်နှစ်ဦးဟာ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲပေါ်မှာ လည်း ဆွေးနွေးခဲ့ကြပြီး လက်ရှိ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေကို အားပေးကူညိသွားဖို့ အိန္ဒိိယဖက်က ပြင်ဆင်ထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Krishna က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံလိုပဲ ဖွံဖြိုးဆဲနိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းပြဿနာတွေ ရှိခဲ့ပေမယ့် အခုတော့ ဒါတွေကို ဖြေရှင်းနိုင်ပုံ ရနေပါပြီ။ ဒါကြောင့် ဖွံ့ဖြိုးရေးအတွက် လူထုလိုအပ်ချက်တွေရှိတာကို အချိန်ပေးလုပ်ရမယ့် အချိန်အခါ ရောက်နေပါပြီ။ အိန္ဒိယနိုင်ငံ အနေနဲ့တော့ ဒီဖွံ့ဖြိုးရေးအစီအစဉ်တွေ ဘာမဆို ကူညီသွားဖို့ ဆန္ဒရှိပါတယ်။”

အခု အိန္ဒိယဝန်ကြီးချုပ်ရဲ့ မနေ့က နေပြည်တော်ခရီးစဉ်မှာတော့ မြန်မာ-အိန္ဒိိယ နှစ်နိုင်ငံသဘောတူညီချက် စာချွန်လွှာ ၁၂ ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကနေ ဒေါ်လာသန်း ၅၀၀ အထိ ချေးငှားနိုင်ခွင့် သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဌာနတွေ ဖွင့်လှစ်ရေးကိစ္စလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်ရေး နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စအတော်များများ သဘောတူညီမှုတွေရလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်မန်းမိုဟန်ဆင်းဟာ ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

XS
SM
MD
LG