သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသား ၂၀ ကျော် လွတ်


မြန်မာအစိုးရက ဖွဲ့စည်းပုံဥပဒေ ၂၀၄(က) အရ နိင်ငံသား အကျဉ်းသား ၄၆ဦး နဲ့ နိုင်ငံခြားသား အကျဉ်းသား ၃၄ဦးကို ပြန်လွှတ်ပေးခဲ့တဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀ကျော် ပါဝင်ခဲ့ပါတယ်။ ဒီထဲမှာ ၁၉၉၈ ခုနှစ် က စပြီးတော့ ထိမ်းသိမ်းခံရပြီး ထောင်ဒဏ် ၅၉နှစ် ကျခံနေရတဲ့ ထင်ရှားတဲ့ ကျောင်းသားတဦးဖြစ်တဲ့ ကိုအေးအောင် ပါဝင်ခဲ့ပြီး ဖွဲစည်းပုံ အခြခံဥပဒေကို မဲမပေးရေး လှုံ့ဆော်ခဲ့တာကြောင့် ထောင်ဒဏ် ၃၇နှစ် ကျခံ ခဲ့ရတဲ့ ကယန်းလူငယ်အဖွဲ့က ခွန်ုကော်ရိယိုလည်း ပါဝင်ပါတယ်။ ဒီအကြောင်းကိုတော့ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာအစိုးရက အမျိုးသားစည်လုံညီညွတ်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်ဖို့ဆိုပြီး အကျဉ်းသား ၄၀ကျော်လွှတ်တဲ့အထဲမှာနိုင်ငံေ၇းအကျဉ်းသား ၂၀ကျော် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ မြင်းခြံထောင် ကနေ လွတ်ရက်မစေ့ခင်မှာ ပြန်လွတ်မြောက်လာတဲ့ ကယန်းလူငယ် အဖွဲ့ က ခွန်ုကော်ရိယို ကတော့ နိုင်ငံရေးအဖွဲတွေ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိအားကြောင့် ပြန်လွတ်လာ တယ်လို့ ယူဆကြောင်း အခုလိုပြောပါတယ်။

“နိုင်ငံရေးအဖွဲ့အစည်းကလည်း ဖိအားပေးတာ၊ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ တောင်းဆိုမှုတွေ အပေါ်မှာ လည်း အများကြီး မူတည်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို No Vote လုပ်တယ်၊ အဲဒီပေါ်မှာ သူတို့ ဖမ်းပြီးတော့ ပုဒ်မ ၆ ခုလောက်တပ်ပြီးတော့ ၃၇ နှစ် ချလိုက်တယ်။ ၃ယောက်ပဲ ကျန်တော့တယ်၊ ကျနော်တို့ ၅ ယောက်ရှိတယ်၊ ခု နှစ်ယောက် လွတ်သွားတယ်၊ ၃ယောက် ကျန်တယ်။ ကချင်ကတယောက်၊ ကျောက်ပန်းတောင်းက တယောက်၊ နောက် ထောက်လှမ်းရေးက တယောက်ရယ်”

ဇူလိုင် ၃ရက်နေ့က ပြန်လွတ်လာတဲ့အထဲမှာ သရက်ထောင်က ကိုသန့်ဇော်၊ ပြည်ထောင်က ကိုပြည့်ဖြိုးအောင်၊ ကသာထောင်က ကိုအောင်အောင်ဦး၊ ကသာထောင်က ကိုအေးအောင်၊ အင်းစိန်ထောင် က စောဝီလီလျံ၊ စောဖရန်စစ် ခေါ် ကိုကျော်ကျော်၊ ရှေ့နေ ကိုအေးသိန်း၊ ကိုထွန်းမြတ်သူ၊ ကိုအောင်မိုးဇော် ခေါ် ကိုမိုးသီဟ ၊ မအေးအေးနွယ်၊ ကိုဇာနီဉ်ီး၊ ကိုအန်ထော်နီ ခေါ် ကိုထွန်းမြ၊ ကိုမြင့်ကြိုင်၊ ကိုစောနိုင်ဝင်း၊ ကိုဇော်မင်းအောင်၊ ဦးဝိရိယနဲ့ ကော့သောင်းထောင်က ဒေါ်ဝင်း၊ မြင်းခြံထောင် က ဒေါက်တာကျော်ကျော်၊ ခွန်ကောရိယို၊ ဘားအံထောင်က ကိုအောင်နိုင် ခေါ် ကိုအောင်နိုင်အေး၊ ထားဝယ်ထောင် က မဦး၊ စတဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ အကျဉ်းသားတွေ ပါဝင်ပါတယ်။

ပြန်လွတ်လာတဲ့အထဲမှာ ထင်ရှားတဲ့ကျောင်းသားတဦးကတော့ ထောင်ဒဏ် ၅၉နှစ်ချခံထားရတဲ့ ကိုအေးအောင် ဖြစ်ပြီး ကိုအေးအောင်ဟာ ၁၉၉၈ စက်တင်ဘာ ၁၂ ရက်နေ့မှာ အဖမ်းခံခဲ့ရပြီး ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၅၉ နှစ် ကျခံခဲ့ရပါတယ်။ အကျဉ်းကျစဉ်အတွင်း အင်းစိန်ထောင် နဲ့ ကလေးထောင်မှာ နေထိုင်ခဲ့ရပါတယ်။ အခု အကျဉ်းသားတွေ ပြန်လွှတ် ပေးတာ ဟာ နိုင်ငံတကာ မှာ ပြောထားတာတွေကို သက်သေပြချင်တာတခုတည်းကြောင့်သာဖြစ်ပြီး နည်းလမ်းမှန်နဲ့ လွှတ်ပေးတာ မဟုတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP က ပြောပါတယ်။ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည် ပြောပြတာကတော့

“တချို့ကတော့ လွတ်ခါနီးတွေပါ။ တချို့ကတော့ ဝေးတဲ့သူတွေလည်း ပါပါတယ်။ သူတို့ကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါမယ်လို့ တခြား နိုင်ငံတကာမှာ ပြောထားတာတွေကို သက်သေပြချင်လို့ အနည်း အကျဉ်းကို လွှတ်ပေးပြီးတော့ သက်သေပြလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဒီဟာက နည်းလမ်းမှန်ကန်စွာနဲ့ ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘူး။ နည်းလမ်းမှန်ကန်စွာ လွှတ်ပေးတာ မဟုတ်ဘူးလို့ပဲ ကျနော်တို့ ပြောလို့ ရပါတယ်။ နိုင်ငံရေး အကျဉ်းသားအဖြစ်နဲ့ အသိအမှတ် ပြုပြီးတော့ ခြွင်းချက် မရှိ လွှတ်ပေးဖို့ ကျနော်တို့ အစဉ်တစိုက် တောင်းဆိုနေတာပါ။ ခုချိန်ထိ အဲလို လွှတ်ပေးတာမျိုး ကျနော်တို့ မတွေ့ရသေးဘူး။ ဒါဟာ အင်မတန် စိတ်ပျက်စရာ ကောင်းပါ တယ်။ နောက်တခုက နိုင်ငံရေးအကျဉ်းသား ပြဿနာက ဖြေကို ဖြေရှင်းရမယ့် ပြဿနာ ဖြစ်ပါတယ်။ ဒီပြဿနာကို နည်းလမ်းမှန်ကန်စွာနဲ့ ဖြေရှင်းမှပဲ ယုံကြည်မှုဆိုတာ တည်ဆောက်လို့ ရမှာပါ”

နိုင်ငံရေးအကျဉ်သားတွေ ကျန်ရှိနေတဲ့စာရင်းနဲ့ပတ်သက်ပြီး AAPP နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD တို့ အနေနဲ့ စာရင်း ကွာဟမှုတွေ အရင်တုန်းက ရှိခဲ့ပေမဲ့ အခုမှာတော့ သိပ် ကွာခြားမူမရှိတော့ဘူးလို့ ဆိုပါတယ်။ အခုအခါမှာတော့ AAPP ရဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၄၀၀ကျော်သာ ကျန်တော့တယ် လို့ ဆိုပါတယ်။

“၄၀၀ ကျော် ကျန်သေးတယ်လို့ ကျနော်တို့ ပြောလို့ ရပါတယ်။ လတ်တလောမှာ တိတိကျကျ ကျနော်တို့ ပြောလို့ ရတာက ၄၀၀ ကျော် ရှိတယ်လို့ ပြောလို့ ရပါတယ်။ ၄၅၉ ယောက်။ ကျနော်တို့ ကွာဟ မှု တဖြည်းဖြည်းတော့ နည်းလာပါပြီ။ ဒီကနေ့လည်း ဒေါ်စု သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာ ကျန်တဲ့ ၃၅၀ လောက် လွတ်ဖို့အတွက်ကို ဆက်ကြိုးစားဦးမယ်လို့ ပြောတာကြောင့် ကွာဟမှု နည်းလာပါတယ်”

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပြင်၊ လူမသိ သူမသိ တခြားပုဒ်မတွေ တပ်ပြီး ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား များစွာ ရှိခဲ့ပေမဲ့ မြန်မာအစိုးရကတော့ နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ တည်ဆဲ ဥပဒေချိုးဖောက်လို့ ထိန်းသိမ်းခံရ သူတွေသာ ရှိကြောင်း၊ အစဉ်တစိုက် ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG