အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ယာယီလျှော့ပေါ့ပေးတဲ့ကိစ္စဟာ လက်တွေ့ ဖြစ်လာဖို့ အချိန်အနည်းငယ် ယူနေရတယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီ တည်ရှိခဲ့တဲ့ ဥပဒေတရပ်ကို ပြန်ဖြေရတာမို့၊ အခြား ဆောင်ရွက်စရာ တွေ ရှိသေးတယ်လို့ ရှင်းပြသွားတာပါ။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။
အမေရိကန်ပြည်ထောင်စုဘက်က မြန်မာနိုင်ငံအပေါ် အရေးယူမှုအချို့ကို ယာယီကင်းလွတ်ခွင့်တွေပြုမယ် လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ကြေညာလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်း အမေရိကန်စီးပွားရေး လုပ်ငန်းအချို့ ဝင်ရောက်ဖို့ ခြေလှမ်းပြင်တာတွေရှိနေပါပြီ။ အနောက်နိုင်ငံအတော်များများ မြန်မာနိုင်ငံထဲ စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ ကြိုးစားကြတဲ့အခါမှာ အဓိက ကြုံရတဲ့ အကြပ်အတည်းထဲ အကြီးဆုံး တခုကတော့ ဘဏ်လုပ်ငန်းနဲ့ အခြေခံစီးပွားရေး အဆောက်အဦးတွေ အားနည်းမှု ဖြစ်တယ်လို့ စီးပွားရေးသုံးသပ်သူတွေ က ပြောကြပါတယ်။ အစိုးရဘက်ရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေလည်း တခု အပါအဝင်ဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေရာမှာ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်လို့ ကြုံကြရတာက အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ထားတဲ့ အထဲ ငွေကြေးဝန်ဆောင်မှုကိစ္စ ပါဝင်လေတော့ နိုင်ငံရပ်ခြားဘဏ်တွေနဲ့ အမေရိကန်ဒေါ်လာငွေ အလွဲှအပြောင်း လုပ်တဲ့နေရာမှာ ရှိနေတဲ့ အခက်အခဲဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ကတော့ အရေးယူမှုတွေကို ကင်းလွတ်ခွင့်ပေးမယ့်အထဲ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကိုလည်း ထည့်သွင်းထားပါ တယ်။ အခုလို အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် ဒဏ်ခတ်မှုလျှော့ချရေး ကိစ္စ နောက်ထပ်ဖြစ်ထွန်း မှုတွေနဲ့ ပတ်သက်လို့ မနေ့က နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းကြပါတယ်။ အမေရိကန်ဘက်က အရေးယူမှုတွေလျော့ပေါ့တာ အသက်ဝင်လာဖို့တော့ အချိန်ယူရနိုင်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က ပြောပါတယ်။
“လွန်ခဲ့တဲ့ ရက်တွေအတွင်းကပဲ ငွေကြေးဝန်ဆောင်မှုနဲ့ ရင်းနှီးမြုပ်နှံမှုသစ်တားမြစ်ချက်တွေကို ယာယီ ရုပ်သိမ်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါကို အပြည့်အဝဆောင်ရွက်ဖို့ဆိုရင် သမတရဲ့ လျှော့ပေါ့ခွင့်၊ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးရဲ့ လျှော့ပေါ့ ကင်းလွတ်ခွင့်တွေ ရဖို့လိုပါတယ်။ ဒီကိစ္စ ရပ်တွေအတွက် ဌာနတွင်း အလုပ်ဖွဲ့ပြီး လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဒီ အရေးယူပိတ်ဆို့မှုတွေက ရှင်တို့ သိတဲ့အတိုင်းပဲ ဆယ်စုနှစ်နဲ့ချီကြာ အထပ်ထပ် စည်းနှောင်ထားတာပါ။ ဒါကြောင့် ဒါကို ပြန်ဖြေမယ်ဆိုတဲ့ ကိစ္စက အချိန်ယူရပါတယ်။ ဒီအတွက် ဆောင်ရွက်နေပါတယ်၊ မကြာခင်မှာပဲ ပြီးစီးမယ်လို့ မျှော်လင့်ထား ပါတယ်။”
အမေရိကန်ပြည်ထောင်စုက စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြုပ်နှံကြတဲ့အခါမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာကို အလေးထားဖို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က တိုက်တွန်းခဲ့ပါတယ်။ အခုလာမယ့် အသေးစိတ် လုပ်ကိုင် ခွင့်ဆိုင်ရာတွေ ထုတ်ပြန်တဲ့အခါမှာလည်း ဒီကိစ္စကို ထည့်သွင်းမယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။
“သမ္မတရဲ့ လျှောပေါ့ခွင့်ထုတ်ပြန်ချက်နဲ့ ဘဏ္ဍာရေးဌာနရဲ့ အသေးစိတ်လုပ်ကိုင်ခွင့်တွေထုတ်တဲ့အခါမှာ ဒီကိစ္စတွေက အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။ ဒီ လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက် လို့ လေးစားလိုက်နာမှု၊ ကျင့်ဝတ်ပိုင်းဆိုင်ရာကောင်းမွန်မှု ဆိုတဲ့ အချက်တွေကို ထည့်သွင်းမှာပါ။ နောက် တချက်ကတော့ ဒါဟာ ယာယီရုပ်သိမ်းထားတာပါ။ လိုအပ်လာရင် ပြန်ပြီး အရေးယူနိုင်ဖို့လည်း ဆောင်ရွက် ထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေရေးရာပိုင်း ရှုပ်ရှုပ်ထွေးထွေးအခြေအနေတော့ရှိပါတယ်။”
အမေရိကန်ဘက်က မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုသစ်တွေ ပိတ်ပင်ထားတာကို ယာယီရုပ်သိမ်းလိုက် တဲ့နောက် အမေရိကန်ကုမ္ပဏီ အတော် များများက မြန်မာပြည်ထဲအထိ ဝင်ရောက်လေ့လာပြီး ရင်းနှီးမြှုပ်နှံ ဖို့ ပြင်ဆင်နေကြပါတယ်။ အခုဆိုရင် General Electric (GE) ကုမ္ပဏီလို အကြီးစားစက်မှုလုပ်ငန်းတွေ၊ Coca-Cola လို စားသောက်ကုန်လုပ်ငန်းတွေပါ ဝင်ရောက်ဖို့အတွက် တာစူနေကြပါပြီ။ Coca-Cola ကုမ္ပဏီ အနေနဲ့ မြန်မာနို်င်ငံထဲက အမျိုးသမီးတွေအတွက် အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ဖို့ ဒေါ်လာ သုံးသန်း လှုဒန်းလိုက်ပြီး၊ ဒီအတွက် အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ PACT နဲ့ ပရဟိတလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။