သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားပပျောက်ရေး အစိုးရနဲ့ကုလ ပူးပေါင်းဆောင်ရွက်


မြန်မာအစိုးရစစ်တပ်ထဲက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပေးဖို့နဲ့ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းဝင်ဆံ့ရေး လုပ်ဆောင်သွားဖို့ စစ်တပ်အကြီးအကဲတွေနဲ့ ကုလသမဂ္ဂတို့အကြား ဒီကနေ့ သဘောတူလက်မှတ် ရေးထိုးလိုက်ကြပါတယ်။ ဒါဟာ မြန်မာအစိုးရ အနေနဲ့ ကလေးစစ်သားပြဿနာကို အသိအမှတ်ပြုမှု တခုအဖြစ် ကုလသမဂ္ဂတာဝန်ရှိသူတဦးကမြင်ပါတယ်။ ဒါပေမဲ့လည်း ကလေးစစ်သား ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ဆိုရင် အောက်ခြေမှာ သေသေချာချာလုပ်ဖို့လိုမယ်လို့ ကလေးစစ်သားအရေး လုပ်ဆောင်နေသူ တဦးက ထောက်ပြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကလေးသူငယ်တွေ မြန်မာ့တပ်မတော်ထဲမှာ စစ်မှုထမ်းခြင်းကနေ ကာကွယ်ဖို့နဲ့ အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို လွတ်မြောက်ခွင့်ပြုဖို့ လုပ်ငန်းအစီအစဉ်တရပ်ကို မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

မြန်မာအစိုးရစစ်တပ်ထဲမှာ ကလေးစစ်သားမရှိဘူးလို့ တောက်လျှောက်ပြောလာခဲ့တဲ့ စစ်တပ်နဲ့ အစိုးရ တာဝန် ရှိသူတွေက တပ်ထဲမှာ လက်ရှိ ရှိနေတဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပေးဖို့ သဘောတူလိုက်တာဟာ ကလေးစစ်သားပြဿနာ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုတဲ့ သဘောမျိုးဖြစ်တယ်လို့ လက်မှတ်ရေးထိုး ရာမှာ ပါဝင်ခဲ့တဲ့ ကုလသမဂ္ဂတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“အဖြူအမည်း ကွဲပြားအောင် လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ဒါဟာ ပြဿနာကို အသိအမှတ်ပြုတာ ဖြစ်တယ်လို့ ကျနော်ပြောနိုင်ပါတယ်။”

ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ရာမက်ရှ် ရှရက်စ်သာ (Ramesh Shrestha) ပါ။

မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့တွေဘက်က အဖွဲ့ဝင် ၆ ယောက် ၇ ယောက်ပါ ပူးတွဲ အဖွဲ့တရပ် ဖွဲ့စည်းပြီးတော့ ရန်ပုံငွေ လိုအပ်ချက်တွေ၊ အသေးစိတ်အစီအစဉ်တွေကို လာမယ့်ရက် အနည်းငယ် အတွင်း အပြီးသတ် ဆွေးနွေးညှိနှိုင်းပြီး သီတင်းလေးပတ်အတွင်း လုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော် သွားမယ်လို့ မစ္စတာရာမက်ရှ်က ပြောပါတယ်။

တပ်ထဲမှာ ကိုယ့်ရဲ့ အရွယ်မရောက်သေးတဲ့ကလေး ရှိနေတယ်ဆိုပြီး သက်ဆိုင်ရာ မိဘအုပ်ထိန်း သူတွေ၊ ဆွေမျိုးသားချင်းတွေက လာပြီး တင်ပြ တိုင်တန်းတာတွေရှိရင်လည်း စုံစမ်း လုပ်ဆောင်သွားမယ်လို့ မစ္စတာရာမက်ရှ်ကဆိုပါတယ်။

အစိုးရနဲ့ ကုလသမဂ္ဂအကြား နှစ်နဲ့ချီပြီး စေ့စပ်ဆွေးနွေးမှုရဲ့ ရလာဒ်အနေနဲ့ အခု လုပ်ငန်းအစီအစဉ် ထွက်ပေါ် လာတဲ့အပေါ် ကုလသမဂ္ဂဘက်က အားရဝမ်းသာရှိနေသလို အစိုးရပိုင်းမှာလည်း အလေးအနက် လုပ်ဆောင် ချင်နေတာကို တွေ့ရတယ်လို့ လည်းပြောပါတယ်။

“ကျနော်တို့အမြင်ကနေ ပြောရမယ်ဆိုရင်တော့ သူတို့ဟာ ဒီပြဿနာကို ဖြေရှင်းချင်နေတယ်လို့ ကျနော် ထင်ပါ တယ်။ သူတို့တွေ ဒီပြဿနာကနေ ကင်းဝေးချင်နေပါပြီ။ လုပ်ငန်းစဉ်တလျှောက် ပြောဆိုဆွေးနွေးမှုတွေ အတွင်း ကျနော်မြင်ရသလောက် သူတို့ဟာ အလေးအနက်ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။”

ကလေးစစ်သားအရေးကိစ္စကို လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO နဲ့ ဆက်သွယ် လုပ်ဆောင်နေတဲ့ ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်ကတော့ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအကြား သဘောတူညီချက်တွေ ဘယ်လောက်ပဲ လက်မှတ်ရေးထိုးရေးထိုး အောက်ခြေအဆင့်မှာ အကောင်အထည်ဖော်တာ သွက်လက်မြန်ဆန်မှု မရှိ သရွေ့ကတော့ ထိရောက်မှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

“မြန်မာနိုင်ငံမှာ ကြိုးနီစနစ်နဲ့ပြုတဲ့အတွက် ဌာနဆိုင်ရာ စစ်တပ်ဝန်ထမ်းတွေက အလုပ်လုပ်ဖို့အတွက် အနည်းဆုံး ကလေးတယောက် စစ်တပ်ကနေ ပြန်ထွက်ဖို့အတွက်ကို ၆ လကနေ တစ်နှစ်ခွဲကြာတယ်။ လက်မှတ်ထိုးဖို့ကိစ္စ၊ ကလေးအတွက်ကို စေတနာထားပြီး၊ ဂရုဏာထားပြီးတော့ အလုပ်မလုပ်ပေးဘူး။ သူတို့အားတဲ့အချိန်မှ အလုပ်လုပ်ပေးတယ်။ နောက် ပြီးသွားတဲ့အစိုးရရော၊ လက်ရှိအစိုးရရော ကလေးစစ်သား စုဆောင်းရေးနဲ့ပတ်သက်လို့ ကျနော် လုံးဝမယုံဘူး။ စာရွက်ပေါ်မှာသာ လှအောင်လုပ်တယ်။ အခုအချိန်အထိ ကလေး အသက်မွေးဝမ်းကျောင်း ပညာသင်ဖို့၊ ရှေ့ဆက် ကျောင်းတွေ ဆက်တက်ဖို့ဆိုတာ လုပ်ပေးခဲ့ခြင်း လုံးဝ မရှိဘူး။ ဗိုလ်လုပ်မယ့်သူသာရှိတယ်။ စစ်သားလုပ်မယ့်သူ မရှိဘူး။ ခိုင်းဖို့ လူမရှိတဲ့အတွက် ရသလောက် အချိန်ဆွဲထားခြင်းကိုပဲ ခံရတယ်။ တိုးတက်မှုမရှိသေးဘူးလို့ပဲ ကျနော် ပြောချင်ပါတယ်။”

ကလေးစစ်သားအသုံးပြုနေတာဟာ မြန်မာ့တပ်မတော်တခုထဲမဟုတ်ဘဲ လူမျိုးစုလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ဟာလည်း အသုံး ပြုနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အဲဒီအဖွဲ့တွေကတော့ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့၊ ကချင် လွတ်မြောက်ရေးတပ် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်-ငြိမ်းချမ်းရေး ကောင်စီ၊ ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ် (SSA) တောင်ပိုင်းနဲ့ ‘ဝ’ အမျိုးသားတပ်မတော်တို့ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီအဖွဲ့တွေနဲ့လည်း တဖွဲ့စီ တွေ့ဆုံဆွေးနွေးပြီး အလားတူ လုပ်ငန်းအစီအစဉ်မျိုးထွက်လာဖို့ လုပ်သွားမယ်လို့ မစ္စတာ ရာမက်ရှ်ကပြောပါတယ်။

ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ သဘောတူလက်မှတ်ရေးထိုးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ရဲ့ ကလေး သူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ရာဒီကာ ကုမာရဆွာမိ (Radhika Coomaraswamy) နဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းတို့လည်း တက်ရောက် ခဲ့ကြပါတယ်ခင်ဗျား။

XS
SM
MD
LG