သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံရေးပြုပြင်မှုအတွက် ဖြစ်ဖို့ ဒေါ်စုတိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပဲရစ္စ် မြို့တော်ခန်းမအတွင်း ကျင်းပသော အခမ်းအနားအပြီး အမည်မဖော်ပြသော ပုဂ္ဂိုလ်တဦးမှ လက်ဆောင်ပေးအပ်နေစဉ်။ (ဂျွန်လ ၂၇ ရက်၊ ၂၀၁၂။)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပဲရစ္စ် မြို့တော်ခန်းမအတွင်း ကျင်းပသော အခမ်းအနားအပြီး အမည်မဖော်ပြသော ပုဂ္ဂိုလ်တဦးမှ လက်ဆောင်ပေးအပ်နေစဉ်။ (ဂျွန်လ ၂၇ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံကို ကူညီကြမယ့် အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေဖို့ ပြင်ဆင် ဆောင်ရွက်ကြပါလို့ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညနေပိုင်းက ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရုံးထဲမှာ အမှတ်တရ လွတ်မြောက်ရေး သစ်ပင် စိုက်ပျိုးခဲ့ပါတယ်။ မနေ့ညနေပိုင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့ အခြေအနေနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံမှာ ဒုတိယနေ့အဖြစ်နဲ့ မနေ့ညနေ ပိုင်းကတော့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius နဲ့ တွေ့ဆုံပါတယ်။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံအကြီးအကဲတွေကို ကြို သလို ပြင်သစ်နိုင်ငံခြားရေးရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း နိုင်ငံခြားရေးရုံးထဲမှာ အမှတ်တရ လွတ်မြောက်ရေးသစ်ပင် စိုက်ပျိုးပေးခဲ့ပါတယ်။ အဲဒီ မှာ ပြင်သစ်နိုင်ငံက နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အကျော်အမော်အချို့လည်း တက်ရောက်ပါ တယ်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံအပြီးမှာတော့ နိုင်ငံခြားရေးရုံးအပြင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံကြ ပါတယ်။ နိုင်ငံခြားအကူအညီတွေဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ ဖြစ်သင့်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးရေးအတွက်ပဲဖြစ်ဖြစ် လူသားချင်းစာနာမှုနဲ့ပဲ ဖြစ်ဖြစ် ပေးမယ့်အကူအညီတွေ ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေဖို့၊ ဒီလုပ်ငန်းတွေနဲ့ ကိုက်ညီဖို့ သေသေ ချာချာ ပြင်ဆင်ဆောင်ရွက်သင့်ပါတယ်။ လွတ်မြောက်မှု၊ တန်းတူညီမျှမှုနဲ့ စုစည်းညီညွတ်မှု ဆိုတာတွေ ကို ပြင်သစ် လူမျိုးတွေနဲ့ ပြင်သစ်အစိုးရကို ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ဒါပေမယ့် ကျမတို့ အတွက်တော့ တကယ့်ကို ဇွဲနပဲနဲ့ အရှည်သဖြင့် လုပ်ဆောင်လို့ ရလာမယ့် ဆုလာဘ်မျိုး ဖြစ်နေပါတယ်။“

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ၂၀၁၅ ခုနှစ်အထိ အတော်လေး သတိထားရဦးမယ့် အခြေအနေဖြစ်တယ် လို့ နိုင်ငံတကာကို သတိပေး ပြောဆိုသွားပါတယ်။

“၂၀၁၅ နောက်တကြိမ် အထွေထွေရွေးကောက်ပွဲတွေဖြစ်လာတဲ့အခါနဲ့ အဲဒီမတိုင်ခင်အတွင်း နောက်ထပ် သုံးနှစ်ကာလအတွင်းမှာ အတော်လေး သတိထားကြရဦးမှာပါ။မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနည်း ကျတဲ့၊ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေရှိတဲ့ နိုင်ငံဖြစ်ချင်ကြပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ပုံသွင်း ဖန်တီးယူနိုင်တဲ့ အနေအထားရောက်ပြီလို့ မြန်မာပြည်သူတွေ ပြောနိုင် တဲ့ နှစ်တနှစ်ဖြစ်လာဖို့လိုပါတယ်။”

ညပိုင်းမှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ညစာတည်းခင်းဧည့်ခံပါတယ်။ ဒီမတိုင်ခင် မနက်ပိုင်းကတော့ ပါရီမြို့တော်ဝင်အပ်နှင်းတဲ့ ပါရီမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့တော်သူဆု ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လက်ခံယူခဲ့ပါတယ်။

ဒီကနေ့ ပြင်သစ်နိုင်ငံခရီး တတိယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်ရဲ့ နာမည်ကျော် ဆော်ဘွမ်းတက္ကသိုလ်မှာ လူငယ်ကျောင်းသားတွေနဲ့ အမေးအဖြေ တွေ့ဆုံ စကားပြောဖို့ စီစဉ်ထားပါတယ်။

နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပခရီးစဉ်အဖြစ် ဇွန်လ ၁၃ ရက်နေ့မှာ စတင်ခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံ မတိုင်မီမှာတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်နဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ၁၉၉၁ ခုနှစ် ကတည်းက ပေးအပ်ထားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆု အပါအဝင် ဂုဏ်ထူးဆောင်ဆုတွေကို လက်ခံရယူခဲ့ပါတယ်။ အစိုးရအကြီးအကဲတွေ လွှတ်တော် တာဝန်ရှိ သူတွေနဲ့လည်း ခရီးစဉ်တလျှောက် တွေ့ဆုံခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ခရီးစဉ်အစအဖြစ် အင်္ဂါနေ့က ရောက် လာချိန်မှာတော့ နိုင်ငံအကြီးအကဲတွေကို လက်ခံ ကြိုဆိုလေ့ရှိသလို Elysee နန်းတော်မှာ သမ္မတ Francois Hollande က ညစာနဲ့ ဧည့်ခံကြိုဆိုခဲ့သလို ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်းမှာလည်း ဗြိတိသျှလွှတ်တော်မှာ သမိုင်းဝင်မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG