သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရလိုလားတဲ့ ရုပ်သံဌာန တိုက်ခိုက်ခံရ


မနေ့က ဇွန်လ (၂၇) ရက်နေ့ အာရုဏ်မတက်ခင်မှာ ဆီးရီးယားနိုင်ငံ ဒမတ်စကပ်-စ် (Damascus) မြို့တော်နားက အစိုးရလိုလားတဲ့ အယ်လ်-အက်ဘာ ရီးယား (al-ikbaria) ဂြိုဟ်တုရုပ်မြင်သံကြားဌာနချုပ်ကို အတိုက်အခံတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး သတင်းထောက် သုံးဦးနဲ့ လုံခြုံရေးဝန်ထမ်း လေးဦး၊ စုစုပေါင်း (၇)ဦးကို သတ်ဖြတ်ပစ်ခဲ့တယ်လို့ ဆီးရီးယားအစိုးရက ပြောပါတယ်။

ဆီးရီးယားက အရှိန်မြှင့်လာနေတဲ့ အကြမ်းဘက်မှုတွေ အဆုံးသတ်သွားရေးအတွက် ဒီသီတင်းပတ်ကုန်ပိုင်းမှာ ဂျနီဗာမြို့မှာ ဝန်ကြီးအဆင့် နိုင်ငံတကာ အစည်းအဝေးတစ်ရပ်ကျင်းပဖို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ အထူးသံတမန် ကိုဖီအာနန်က ကြေညာနေစဉ်အတွင်းမှာပဲ အခု အကြမ်းဘက်မှု ပေါ်ပေါက်လာခဲ့တာပါ။

ကုလသမဂ္ဂရဲ့ ဆီးရီးယားစောင့်ကြည့် လေ့လာရေးအဖွဲ့ဝင်တွေက သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad)ရဲ့ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အရေးပေါ်သတိပေးရမယ့် အဆင့် ကို ရောက်ရှိနေပြီလို့ စွပ်စွဲထားချိန်မှာ အခုလို အတိုက်အခံတွေဘက်က အကြမ်းဘက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တာပါ။ အယ်လ်အက်ဘာ ရီးယား ရုပ်မြင်သံကြားဌာနဟာ စီးနင်းတိုက်ခိုက်ခံခဲ့ရပြီး မကြာခင်မှာပဲ ပြန်လည် ရုပ်သံလွှင့်ထုတ်ခဲ့ပါတယ်။

ဒီရုပ်မြင်သံကြားဌာနဟာ ပုဂ္ဂလိကပိုင် ဖြစ်ပေမယ့် သမ္မတအာဆဒ်အစိုးရကို ပြင်းပြင်းထန်ထန် ထောက်ခံတဲ့ မီဒီယာဖြစ်ပါတယ်။ လက်နက်ကိုင် အကြမ်းဘက်သမားတွေက ဒီ ရုပ်မြင်သံကြားဌာနမှာ ဖောက်ခွဲရေး ပစ္စည်းတွေ လာရောက်မြှုပ်နံှပြီး တိုက်ခိုက်ခဲ့တာကြောင့် စတူဒီယိုတစ်ချို့ ပျက်စီးသွားခဲ့ရတယ်လို့ ဆီးရီးယား ပြန်ကြားရေးဝန်ကြီး အိုမရမ် အယ်လ်ဇိုဘီ (Omran al-Zohbi) က ပြောပါတယ်။ အတိုက်အခံတွေကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီရုပ်မြင်သံကြားဌာနကို စောင့်ကြပ်ဖို့ တာဝန်ယူထားတဲ့ အထူးတပ်ဖွဲ့ ရီပတ်ဘလီကန်အစောင့်တပ်ဖွဲ့က အစိုးရကိုပုန်ကန်ပြီး တခြားသော အစိုးရတပ်ဖွဲ့ဝင်တွေကိုပါ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အတိုက်အခံတွေက ဆိုပါတယ်။

XS
SM
MD
LG