သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပေါင်းစုံညီလာခံ ကျင်းပဖို့ မြန်မာအစိုးရကြေညာ


မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေနဲ့ ပြေလည်မှုရဖို့ ရည်ရွယ်ပြီး တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ညီလာခံတခု ကျင်းပ ပေးမယ်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ပြောနေပေမဲ့လည်း ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် သံသယဖြစ်စရာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့်တော့ ဒုက္ခသည်တွေ ထောင်သောင်းချီပြီး ဆက်လက်ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်နေတဲ့ မြန်မာနိုင်ငံ မြောက် ပိုင်း ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမို့ မြန်မာအာဏာပိုင်တွေဟာ အပြောနဲ့အလုပ် မညီဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တုံ့ပြန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက စုံစမ်း တင်ပြပေးထားပါတယ်။

နေပြည်တော်မှာ ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရဖို့အတွက် အဆင့် သုံးဆင့်ရှိတဲ့ အပစ်အခတ်ရပ်စဲဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့နဲ့ ၂၀၁၅ ခုနှစ်မတိုင်ခင် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ညီလာခံတခု ကျင်းပဖို့ ဆိုတဲ့ လမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။

ဒီလို ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းတဲ့နေရာမှာလည်း ပိုမိုအဆင်ပြေစေဖို့ ဒီလထဲ ရန်ကုန်မှာ ငြိမ်းချမ်းရေး စင်တာတခုကို ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးဦးအောင်မင်းက အခုလို ပြောဆိုခဲ့ပါတယ်။

“Peace Coordinator လုပ်မယ်၊ Coordinte လုပ်မယ်၊ ဘယ်သူနဲ့ လုပ်မလဲ၊ ဒီက တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒီက နိုင်ငံတော် အစိုးရနဲ့- ဒီကြားထဲမှာ Peace Center ကနေ Coordinate မယ်။ ကျနော်တို့ အဲဒီ Peace Center ဖွဲ့ပြီးရင်လည်း ---အဲဒီမှာ အချိန်မရွေး ဝင်ထွက်လို့ ရတယ်။ အဲဒီ Peace Center မှာ ဘာပါမလဲဆိုရင် Peace Media Group ဆိုတာလည်းပါမယ်။ အဲဒီ မီဒီယာ ကနေပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့သတင်းတွေကို အချိန်နဲ့အမျှ တခါတည်း ထုတ်ပြန်ကြေညာသွားမယ်။ ဂျာနယ် ထုတ်နိုင်အောင်ကြိုးစားမယ်။ နောက်ပြီးတဲ့ အခါမှာ Facebook ထုတ်နိုင်အောင် ကြိုးစားနေတယ်။ ဒီထဲမှာ သတင်းတွေကို ကျနော်တို့ တောက်လျှောက် တင်နေမယ်။ ခင်ဗျားတို့ အချိန်မရွေးဆက်သွယ်လို့ရတယ်ဆိုတာကို တင်ပြပါတယ်။”

အခုလို ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ပေမဲ့ - တိုင်းရင်းသား ဒေသတွေမှာ အထူးသဖြင့် ကချင်ဒေသ ဘက်မှာ တိုက်ပွဲတွေက ဆက်တိုက် ဖြစ်ပွားနေတာကြောင့် အစိုးရဟာ အပြောနဲ့အလုပ် မညီဘူး ဆိုပြီး KIO ကချင်လွတ်မြောက်ရေးအဖွဲ့က အခုလို တုံ့ပြန်ခဲ့ပါတယ်။

“ဦးအောင်မင်း ပြောတဲ့ကိစ္စကလည်း တွေ့ဆုံဆွေးနွေးမှုမှာ ပြောတဲ့အပိုင်းနဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတဲ့ ကိစ္စတွေဟာ နည်းနည်း ကွဲလွဲမှုရှိနေတယ်။ သမ္မတပြောဆိုသွားတဲ့ Road Map အဆင့်သုံးဆင့်ကို ကျနော်တို့ဘက်က၊ တိုင်းရင်းသားဘက်က ဒီအတိုင်းတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ အကြောင်းကို တွေ့ဆုံမှုတိုင်းမှာလည်း ဒီကိစ္စ ပြောပြီးသားဖြစ်တယ်။ အဲဒီကိစ္စတွေကို ကျနော်တို့ တိုင်းရင်းသားတွေက လက်ခံနိုင်သလား၊ မလက်ခံနိုင်ဘူးလားဆိုတာကို အစိုးရဘက်က သိပ်ပြီး ထည့်သွင်း စဉ်းစားတာမရှိဘဲနဲ့ သူတို့လိုချင်တဲ့ ပုံစံအတိုင်းပဲ သူတို့ သွင်းသွားတဲ့၊ ဆွဲသွားတဲ့ ပုံစံလေးပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက လက်ခံနိုင်တဲ့အကြောင်းအရာ၊ ပေးနိုင်တဲ့အကြောင်းအရာ ရှိရင်တော့ ခွင့်ပြုချက်ပေးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မပါတဲ့ အချက်ကိုတော့ ဘယ်လိုမှ မပေးနိုင်ဘူးဆိုတဲ့ ကိစ္စကို သူတို့က ပြောလာကြတယ်။ ဒီကိစ္စတွေဟာ ကျနော်တို့ရဲ့ တင်ပြ ပြောဆိုထားတဲ့ အချက်တွေနဲ့ အများကြီး ပြောဆိုကွဲလွဲမှုရှိနေတယ်လို့ ပြောလို့ ရတယ်ခင်ဗျ။”

လက်ရှိ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေဟာ တနေ့ကို အနည်းဆုံး ၃ ကြိမ်ဖြစ်ပွားနေပြီး ဇွန်လ တလတည်းမှာတင် တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ရှိခဲ့တယ်လို့လည်း ဦးလာနန်က ပြောပါတယ်။ အထူးသဖြင့် အခုရက်ပိုင်းအတွင်းမှာ KIA ထိန်းချုပ်တဲ့ တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ပြီးတော့ မြန်မာစစ်တပ်ဘက်က ထွက်ပြေးလာတဲ့ စစ်သားတွေလည်း KIA လက်ထဲမှာ ရှိနေတယ်လို့ ဦးလာနန် က အခုလို ဆက်ပြောပြပါတယ်။

“လွန်ခဲ့တဲ့ ၄ ရက်လောက်ကလည်း လိုင်ဇာနဲ့အနီးဆုံးဖြစ်တဲ့ လဂျားယန်တပ်စခန်းဘက်မှာ တိုက်ပွဲက နှစ်ရက် အပြင်းအထန် ဖြစ်ခဲ့တာ ရှိတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်မှုရှိတယ်ခင်ဗျ။ အစိုးရစစ်တပ်ဘက်မှာ လည်း ထိခိုက်မှုက အတော်များများရှိပါတယ်။ နောက်ပြီးတော့ ထိန်းသိမ်းတာပဲ ပြောပြောပေါ့ဗျာ။ ထွက်ပြေးလာတဲ့ရဲဘော် အယောက် ၃၀ ကျော်ရှိတယ်။ တော်တော်များများဟာ ကလေးစစ်သားတွေ ပါတယ်။ တချို့ဆိုရင် ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကလေးတွေလည်း ပါတယ်ခင်ဗျ။ ဒီကိစ္စကို ဦးအောင်မင်းကိုလည်း ကျနော်တို့ဘက်က ကိုယ်စားလှယ်တွေက အသိပေးပြီးသားဖြစ်တယ်။ ”

အခုလို KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ စစ်ပြေး ဒုက္ခသည် ဦးရေဟာလည်း တနေ့တခြား တိုးလာနေပြီး အခုဆိုရင် ဒုက္ခသည်ဦးရေ တစ်သိန်းနီးပါး ရှိသွားပြီလို့ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကလည်း ပြောဆိုခဲ့ပါတယ်။ KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ တနှစ်ကျော် ကာလအတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ပေမဲ့လို့ အခုထိတော့ ပြေလည်မှုရတဲ့အဆင့်မှာ မရှိသေးပါဘူး။

ဒီဇူလိုင်လထဲမှာတော့ နှစ်ဘက်တပ်တွေ နေရာချထားရေးနဲ့ တပ်အင်အားလျှော့ချရေး ကိစ္စတွေကို ဆွေးနွေးဖို့ အတွက် ပထမဆုံးအကြိမ် အနေနဲ့ ဒုကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် လာရောက်မှာဖြစ်ပြီး မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ KIO တို့ ထပ်မံတွေ့ဆုံကြမှာဖြစ်ပါတယ်။

ဒါပေမဲ့ နေရာသတ်မှတ်ချက် အဆင်မပြေသေးတာကြောင့် ဘယ်နေ့ တွေ့ဖြစ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး လို့လည်း ဦးလာနန်က ပြောပြခဲ့ပါတယ်ရှင်။

XS
SM
MD
LG