သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကူညီလိုသူ များပြား


မြန်မာနိုင်ငံတိုးတက်ရေးအတွက် စေတနာရှိကြတဲ့ နိုင်ငံတွေ လူမျိုးတွေကမ္ဘာပေါ်မှာ အများကြီး ရှိတယ် ဆိုတာ သူ့ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ သိခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူ့ရဲ့ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး NLD ရုံးချုပ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာမှာ လွှတ်တော်ထဲမှာ ပွင့်လင်းမှု လိုအပ်တဲ့ကိစ္စ၊ မြန်မာနိုင်ငံကို Myanmar လို့ အင်္ဂလိပ်လို မပြောတဲ့ကိစ္စ၊ ပညာရေးအဆင့်အတန်းမြင့်ဖို့ကိစ္စတွေကို ဒေါ်အောင်ဆန်း စုကြည် က ရှင်းလင်း ဖြေကြားခဲ့ပါတယ်၊ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြောပါမယ်၊

Switzerland, Norway, Ireland, Britain နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ခဲ့စဉ်အတွင်းမှာ မြန်မာနိုင်ငံ ကြီးပွား တိုးတက်ရေးအတွက် စေတနာရှိတဲ့သူ၊ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့သူတွေ အများကြီး ရှိတာ ကို တွေ့ခဲ့ရတဲ့အတွက် အားတက်စရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ မှာ ပြန်ပြီးတော့ ပြောပြခဲ့ပါတယ်။ ကူညီချင်သူတွေအပြင် အောင်မြင်စေချင်တဲ့ ဆန္ဒ ရှိသူ တွေကို လည်း အံ့သြစရာကောင်းလောက်အောင်ကို သူတွေ့ခဲ့ရပါတယ်တဲ့။

“ကျမတို့နိုင်ငံကို သိနေတဲ့ အနောက်ပိုင်းနိုင်ငံတွေနဲ့ ကျမတို့နိုင်ငံဒေသကသာ မဟုတ်ဘဲ တော်တော် ဝေးတဲ့ အရပ်က ရိုးရိုး အလည်ရောက်နေတဲ့ ဧည့်သည် ပြည်သူ ပြည်သားတွေ၊ တခြားနိုင်ငံသူ နိုင်ငံသားတွေက မြန်မာနိုင်ငံပေါ်မှာ စေတနာအများကြီး ထားတယ်ဆိုတာ တွေ့ခဲ့ရတယ်။”

ခုလို ဥရောပ ခရီးစဉ်က ပြန်လာပြီးတဲ့နောက် ရန်ကုန်မှာ လုပ်စရာအလုပ်တွေ၊ တွေ့စရာလူတွေ ရှိတဲ့ အပြင်၊ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှုးမြို့နယ်ကိုလည်း သွားဖို့ အချိန်ပေးချင်တာမို့ လွှတ်တော် တက်ဖို့ ခွင့်ယူ ထားရတယ်ဆိုတာကိုလည်း ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။

လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေက အဆိုတွေ တင်သွင်းဖို့ ပြင်ဆင် ထားတာ ရှိတယ်လို့ အသိပေးခဲ့ပေမဲ့ ဘယ်ကိစ္စတွေနဲ့ ပတ်သက်လဲဆိုတာကတော့ လွှတ်တော်ကို အရင် တင်ပြ သင့်တယ် ထင်တဲ့အတွက်ကြောင့် ပြောမသွားပါဘူး၊ လွှတ်တော်ကနေ ဥပဒေပြဋ္ဌာန်းချက် တွေ ဆုံးဖြတ် အတည်ပြုတဲ့နေရာမှာ ပွင့်လင်းမှုရှိဖို့ အရေးကြီးတယ်ဆိုတာကိုတော့ ခုလို ပြောကြားပါတယ်။

“ဥပမာဆိုလို့ရှိရင်၊ ဥပဒေပြုတဲ့ .. ပြုနေတဲ့ အချိန်အခါမှဆိုလို့ရှိရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါ တယ်၊ ခုဆိုလို့ရှိရင် ဥပဒေပြုပြီးတဲ့အခါကျမှ ဥပဒေကို ထုတ်ပြန်ပြီးတော့မှပဲ အများပြည်သူက လေ့လာပြီးမှ ဒီဥပဒေမှာ ဘာရှိလဲဆိုတာကို သိရတယ်၊ တကယ်ဆို ဥပဒေမပြုခင်ကတည်းက ဒီဟာကို လွှတ်တော်ထဲက ဥပဒေပြုဖို့ ဆွေးနွေးနေတဲ့ အချိန်အခါမှာကတည်းက ပွင့်လင်းမြင်သာမှု လိုပါတယ်။ ဒါမှ ပါဝင်ပတ်သက်မယ့် သူ အားလုံးက ဒီပြဋ္ဌာန်းမယ့် ဥပဒေထဲမှာ ပါတဲ့ အချက် အလက် တွေကို လေ့လာပြီးတော့ လိုရင် လိုသလို ပိုရင် ပိုသလို ပြောဆိုနိုင်တဲ့အခါကျတော့ ဥပဒေ မပြုခင် ကတည်းကကို အကောင်းဆုံး ဖြစ်အောင်လို့ စီစဉ်နိုင်မယ်လို့ ထင်ပါတယ်။ နောက် တခြား ဥပဒေ ပြုချင်တာတို့၊ တခြား မသင့်တော်တဲ့ ဥပဒေတွေကို ဖယ်ရှားတာတို့ ဒါတွေကလည်း လုပ်ရမှာပဲ၊ ဒါပေမဲ့ ဘာပဲလုပ်လုပ် ပွင့်လင်း မြင်သာမှု ရှိမှ ပြည်သူကလည်း ပါဝင်ပတ်သက်နိုင်မယ်လို့ ကျမ ပြောချင်ပါတယ်။”

ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးစဉ်က NLD ပါတီက တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည် သင်ြ့မတ်ရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးတွေကို လုပ်သွားမယ်လို့ ကတိပြုထားတဲ့ အတိုင်း အခု တက်မယ့် လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်ဖို့ရှိတယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားဖို့ NLD က ကြိုးစားမှာ မဟုတ်ဘူးဆိုတာကိုတော့

“ကျမတို့ဟာ ဘယ်သူ့ကို ဖယ်ရှားဖို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ဝင်သွားတာမဟုတ်ဘူး၊ ပူးတွဲဆောင်ရွက်ဖို့၊ ပူးတွဲဆောင်ရွက်မှသာလျှင်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင်မှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင် ဖို့ဆိုတာ တပ်မတော်သားတွေနဲ့ ပူးတွဲဆောင်ရွက်မှ ရမှာပေါ့”

ဒီကနေ့ NLD ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးကြ ပြောကြတဲ့ နောက်ကိစ္စ တခု ကတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Myanmar လို့ မသုံးဘဲ Burma လို့ သုံးနှုန်းတာနဲ့ ပါတ်သက်လို့ အစိုးရက သတိပေးတဲ့ကိစ္စပါ၊ ဒါနဲ့ ပါတ်သက်လို့ ပြဋ္ဌာန်းချက်တရပ်အနေနဲ့ မရှိတာကို NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ဥပဒေကြောင်းအရ ရှင်းပြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီအရ ကို ခေါ်ချင်သလို ခေါ်နိုင်တယ်ဆိုတာကို တခြားနိုင်ငံတွေနဲ့ ခုလို ဥပမာပေးပါတယ်။

"ဥပမာဆိုလို့ရှိရင် ကျမတို့ အင်္ဂလန်နိုင်ငံလို့ ခေါ်နေတာ၊ တကယ်က သူတို့ရဲ့ တရားဝင်နာမည်က United Kingdom ပေါ့။ ကျမတို့က ဒီလိုပဲ ပြောနေတာပဲ၊ အင်္ဂလန်လို့ပြောတယ်၊ ဗြိတိန်လို့ပြောတယ်၊ ယူကေလို့ အင်မတန်မှ ပြောခဲတယ်။ ဘယ်သူမှလည်း ဒါကို ဘာမှမပြောကြပါ ဘူး။ ကိုယ် သင့်တော် သလို ခေါ် တာပေါ့နော်၊ နောက် ဥပမာ၊ ပြင်သစ်မှဆိုလို့ရှိရင်၊ မြန်မာနိုင်ငံကို သူတို့ ဗြမာနီ လို့ပဲ ပြော တာပဲ၊ ဒါ သူတို့ ပြင်သစ်စကားလေ၊ ကျမတို့က ပြင်သစ်နိုင်ငံကို ပြင်သစ်လို့ ခေါ်တယ်၊ ဘာလို့ လာစပွန့်စ် လို့ မခေါ်လဲ၊ ဒါ ကျမတို့စကားနဲ့ ကျမတို့ ပြင်သစ် လို့ ခေါ်တယ်၊ ပြင်သစ်က လည်း လာပြီးတော့ ငါတို့နိုင်ငံကို လာစပွန့်စ် လို့ပဲ ခေါ်ရမယ်လို့ တခါမှ လာမပြောဘူးနော်.. အဲတော့ ဒီဟာတွေဟာ ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားတွေနဲ့ ဆိုင်တယ်လို့ ကျမထင်တယ်။ နံပါတ် တစ် က နိုင်ငံတနိုင်ငံရဲ့ နာမည်နဲ့ ပတ်သက်လို့ တရားဝင်နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ဆိုပြီးတော့ ပေးလိုက်တဲ့ နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ တရားဝင်နာမည်ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ နဲ့ မဆိုင်ဘူးနော်၊ ဒါက သပ်သပ်။ ဒါဟာ ပြည်သူ ပြည်သားတွေ ရဲ့ သဘောထားကိုတော့ လေ့လာပြီးမှ လုပ်သင့်တယ် ဆိုကလည်း ဒါ ဒီမိုကရေစီ အမြင်ပဲ။ ပြည်သူ တွေကို လေးစားတဲ့ အနေနဲ့။ နောက်တခု ကလည်း လွတ်လွတ် လပ်လပ် ပြောဆိုပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ကိုယ့် စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောဆိုပိုင်ခွင့် ဆိုတာဟာ ဒါ ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး၊ အဲဒါဟာလည်း ဒီမိုကရေစီ ရဲ့ သဘောတရား၊ ဒီမိုကရေစီရဲ့ မူဝါဒတွေနဲ့ ဆိုင်တယ်၊ အဲဒါကြောင့်မို့လို့ ကျမအနေနဲ့တော့ ဒီမိုကရေစီ ကို ယုံကြည်လို့ ကျမဘာသာကျမ ကျမ သုံးချင်သလို သုံးလို့ ရတယ်လို့ ကျမ ယူဆတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီကနေ့မှာပဲ အစိုးရက အကျဉ်းသား ၄၆ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်၊ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ NLD ရဲ့ စာရင်းထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃၀ လုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားပါတယ်ရှင်။

XS
SM
MD
LG