သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးတင်အောင်မြင့်ဦးနေရာ ဒု-သမ္မတသစ်တဦး အစားထိုးမည်


မြန်မာနိုင်ငံမှာ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးအခြေအနေကြောင့် ရာထူးကနေ အနားယူမယ် လို့ သတင်းတွေ ထွက်ပေါ် နေခဲ့တာဟာ အခုတော့ အတည်ဖြစ်သွားပါပြီ။ ဒါကြောင့် အစားထိုးခန့်အပ်လာမယ့် ဒုတိယသမ္မတဟာ ပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့၊ ပြည်သူလူထုလက်ခံနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လာဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက မျှော်လင့်နေကြပါတယ်။ ဒါနဲ့ပတ်သက်တဲ့ အပြည့်အစုံကိုတော့ ရန်ကုန်ကနေ ကိုရဲကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

လက်ရှိသမ္မတသူရသီဟဦးတင်အောင်မြင့်ဦးအနေနဲ့ ကျန်းမာရေးအခြေအနေအရ ရာထူးက အနားယူ မှာဖြစ်လို့ သူ့နေရာမှာအစားထိုးဖို့ ပြည်ထောင်စုလွှတ်တော်ကနေပြီး (၇) ရက်အတွင်း ဒုတိယ သမ္မတ တစ်ဦးကို ရွေးချယ် နာမည်စာရင်းပေးဖို့ နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်ကို ပေးပို့တဲ့ သဝဏ်လွှာ မှာဖော်ပြပါရှိတယ်လို့ ဒီနေ့ လွှတ်တော်တက်ရောက်တဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

“ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးချွတ်ယွင်းမှုကြောင့် ၁၈ ရက်၊ ၄ လ၊ ၂၀၁၂ မှ ၁ ရက်၊ ၅ လ၊ ၂၀၁၂ အထိ စင်ကာပူ နိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ပါသည်။ ဆေး ကုသမှု ခံယူရာမှ ပြန်လည်ရောက်ရှိပြီး အနားယူရန်လိုအပ်သဖြင့် ၁ ရက်၊ ၅ လ၊ ၂၀၁၂ မှ၊ ၃၀ ရက်၊ ၆ လ၊ ၂၀၁၂ ရက်အထိ နေအိမ်တွင် ဆေးကုသစောင့်ရှောက်မှု ရည်ညွှန်း (၁) ပါ စာဖြင့် တင်ပြချက်အရ ခွင့်ပြုပေးခဲ့ပါသည်။ ထိုသို့ ဆေးကုသမှု ခံယူနေသော်လည်း သက်သာပျောက်ကင်းမှုမရှိခြင်းကြောင့် အချိန်ကာလတစ်ခု အထိ ဆေးကုသ စောင့်ရှောက်မှုခံယူရန် လိုအပ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၇ တို့အရ ဒုတိယ သမ္မတတာဝန် ထမ်းဆောင်ခြင်းအား ၁ ရက်၊ ၇ လ၊ ၂၀၁၂ ရက်မှ စ၍ နုတ်ထွက်ခွင့်ပြုပါရန် ရည်ညွှန်း (၂) ပါ စာဖြင့် တင်ပြလာပါတယ်။ သို့ပါ၍ လစ်လပ်သွားသော ဒုတိယသမ္မတ ရာထူးနေရာ တွင် ဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ (စ) ပါ ပြဌာန်းချက်အရ သဝဏ်လွှာပေးပို့အပ်ပါသည်။”


သိန်းစိန်
နိုင်ငံတော် သမ္မတ


ဒုတိယသမ္မတဖြစ်လာဖို့အတွက် လက်ရှိရေပန်းစားနေသူတွေကတော့ အုပ်ချုပ်ရေးပိုင်းက ပြည်ထောင်စု ဝန်ကြီး တစ်ဦး၊ အုပ်ချုပ်ရေးပိုင်းက ကော်မရှင်ဥက္ကဋ္ဌတစ်ဦးနဲ့ ဥပဒေပြုရေးက လွှတ်တော် ဥက္ကဋ္ဌတစ်ဦး၊ လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ထင်ကြေးပေးနေပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ ကြားနေတဲ့သတင်းပေါ့နော်- လက်ရှိဝန်ကြီးတဦးလည်းပဲ ဒီ Nomination ထဲမှာ ပါနေတယ်။ အဲဒီလိုပဲ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတခုရဲ့ ဥက္ကဋ္ဌတဦးကလည်း ဒုတိယနေရာမှာ ပါနေတယ်။ အဲဒီလိုပဲ ပြည်သူ့လွှတ်တော်က ကော်မတီတခုက ဥက္ကဋ္ဌတွေလည်း ပါနေတယ်ဆိုတဲ့ သတင်းကတော့ ကျနော်တို့ ကြားနေရတာပေါ့။”

အများက ဒုတိယသမ္မတဖြစ်လာဖို့ ထင်ကြေးနေကြတဲ့သူတွေထဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ကလည်း ထိပ်ဆုံးမှာရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်အတွင်းက ကိုယ်စားလှယ်အတော်များများကလည်း သူရဦးရွှေမန်းအနေနဲ့ ဒုတိယ သမ္မတနှစ်ဦးထက် ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌတစ်ဦးအဖြစ်သာ ဆက်လက် ရှိနေစေချင်တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီက အခုလိုပြောပြပါတယ်။

“ကျနော်တို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းကို ဒုသမ္မတအဖြစ် ရွေးကောက်မယ်ဆိုတဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရင်ထဲမှာ နည်းနည်းလေး တမျိုးဖြစ်သွားတာ တွေ့တယ်။ ကျနော် အပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကို ဒု-သမ္မတအဖြစ် ရွေးချယ်မယ်ဆိုရင် ကန့်ကွက်ကြမယ် လို့ ပြောဆိုနေကြတယ်။”

အသစ်ဖြစ်လာမယ့် ဒုတိယသမ္မတဟာ လက်ရှိသမ္မတဦးသိန်းစိန်ရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ လက်တွဲညီညီပါဝင်ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သင့်တယ်လို့လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“တပ်မတော်သားအစုအဖွဲ့က အဆိုပြုတဲ့ပုဂ္ဂိုလ်ဟာ အထူးသဖြင့် ဒီမိုကရေစီဘက်ကို သွားမယ့် ပုဂ္ဂိုလ်တွေ ရဲ့စိတ်ထဲမှာ မှန်းမျှော်ထားတာကို ကြည့်ရင် နိုင်ငံတော်သမ္မတကြီးသွားနေတဲ့ Reform Strategy ကို တပ်မတော်နဲ့အတူတူ သွားနိုင်မယ့်ပုဂ္ဂိုလ်၊ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အတူတူ သွားနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ကို ရွေးမယ်လို့ပဲ ယူဆရပါတယ်။ အများလက်ခံနိုင်တဲ့၊ တပ်မတော်သားတွေ ကိုယ်တိုင်ကလည်း လေးစား ချစ်ခင်တဲ့၊ လက်ခံနိုင်တဲ့ပုဂ္ဂိုလ်မျိုး၊ ပြည်ထောင်စုလွှတ်တော်တခုလုံးကလည်း ဝမ်းပန်းတသာ ကြိုဆိုကြ မယ့် ပုဂ္ဂိုလ်မျိုး၊ နိုင်ငံသူနိုင်ငံသား အားလုံးကလည်း ကြိုဆိုပြီးကာမှ သမ္မတကြီးနဲ့ အတူတူ ကျနော်တို့ သွားချင်တဲ့လမ်းကြောင်းကို အတူတူသွားချင်တဲ့ ပုဂ္ဂိုလ်မျိုး၊ ပြု-ပြောင်း မြင်သာပြီး အခုနပြောသလို အများ လက်ခံနိုင်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ရင်တော့ဖြင့် ပိုပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာပါ။”

အသစ်ပြန်လည်အမည်စာရင်းပေးသွင်းရမယ့် ဒုတိယသမ္မတရာထူးကို တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ရွေးချယ်မှာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှာ ဒုတိယသမ္မတရာထူးအတွက် အပြီးသတ် အမည် စာရင်း ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျား။

XS
SM
MD
LG