သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေ အခြေအနေ ကုလ စိုးရိမ်


အစာငတ်ခံဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေ အခြေအနေ ကုလ စိုးရိမ်
အစာငတ်ခံဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေ အခြေအနေ ကုလ စိုးရိမ်

မြန်မာနိုင်ငံအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားအချို့ အစာငတ်ခံဆန္ဒပြနေတယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်ပူပင်မှုဖြစ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ် စားလှယ်က ပြောလိုက်ပါတယ်။ အကျဉ်းထောင်တွင်း အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အကာအကွယ် ပေးဖို့နဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကို ထောင်တွင်းကို သွားရောက် ကူညီခွင့်ပြုဖို့ လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြထား ပါတယ်။

ရန်ကုန်၊ အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ထောင် အာဏာပိုင်တွေဘက်က သောက်သုံးရေပါ ဖြတ်ပြီး တန်ပြန်ညှင်းပမ်းနှိပ်စက်နေတယ်ဆိုတဲ့ သတင်း တွေကြောင့် ဒီအခြေအနေအပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အနေနဲ့ အင်မတန် စိုးရိမ်မိတဲ့အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့တာပါ။

အစာငတ်ခံဆန္ဒပြသူ ၁၅ ဦးထဲ ၈ ဦးကို အင်းစိန်ထောင်ထဲက အပြစ်ပေးတဲ့ စစ်ခွေးတိုက်ကို ပြောင်းရွှေ့ ထားလိုက်တယ်လို့လည်း မစ္စတာကင်တာနားရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီလူတွေရဲ့ ကျန်းမာရေး အခြေအနေအတွက် စိုးရိမ်တာကြောင့် အခုလို အများသိအောင် ထုတ်ပြန် ရတာလို့ မစ္စတာကင်တာနားက ဗွီအိုအေကို ပြောပါတယ်။

“ရရှိထားတဲ့သတင်းအချက်အလက်တွေအရတော့ အဲဒီ အစာငတ်ခံ ဆန္ဒပြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင် အာဏာပိုင်တွေဘက်က တုံ့ပြန် အရေးယူတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်တယ်ဆိုတာကို အများသိအောင် ထုတ်ပြန်ရတာပါ။ မြန်မာအစိုးရအနေနဲ့ ဒီအကျဉ်းသားတွေကို အကာအကွယ်ပေးဖို့နဲ့ သူတို့ တဦးချင်းစီရဲ့ ကျန်းမာရေး အခြေအနေတွေကို စောင့်ရှောက်ပေးဖို့ လိုမယ်ဆိုတာ သဘောပေါက်ရပါလိမ့်မယ်”

အကျဉ်းသားတွေအပေါ် ဆက်ဆံရမယ့် နိုင်ငံတကာစံနှုန်း စာချုပ်တွေအတိုင်း မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ မစ္စတာကင်တာနားက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုမှာ အဓိက ဦးဆောင်ပါဝင်လို့ အဖမ်းခံရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အကြောင်း ဖော်ပြပါတယ်။ အရှင်ဂမ္ဘီရအပါအဝင် အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် ICRC ကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်း အမြန် ဝင်ရောက် ကူညီခွင့်ပေးဖို့ကိုလည်း မစ္စတာ ကင်တာနားက မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

“ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နဲ့ ပြန်လည် ဆက်သွယ် အလုပ်လုပ်ဖို့ အစိုးရကို အကြံပေး ထားပါတယ်။ ICRC အနေနဲ့ ဒီအကျဉ်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာအပြင် ဒီ အကျဉ်းသားတွေအပေါ်မတရားညှင်းပမ်းနေတာမျိုးတွေကိုလည်း အကာအကွယ်ပေးနိုင်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တာဝန်ယူခဲ့တဲ့အချိန်ကစလို့ဆိုရင် အကျဉ်းထောင်တွင်း အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေဟာ လူ့အခွင့်အရေးထောင့်ကနေကြည့်ရင် လုံး၀ လက်ခံလို့မရတာ တွေ့ရပါတယ်”

မြန်မာအစိုးရအနေနဲ့က နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးရုံမကဘဲ အကျဉ်းထောင် စနစ် ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်သွားဖို့ အချိန်ကျနေပြီလို့ မစ္စတာကင်တာနားက သတိပေး ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ပြည်တွင်းပြည်ပ တောင်းဆိုမှုတွေ ရှိနေ ပေမယ့်လည်း မြန်မာအစိုးရက ပြီးခဲ့တဲ့အခေါက် လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပဲ ပါဝင်တာကြောင့် လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာ အစိုးရကို ဝေဖန်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အင်းစိန် အကျဉ်းထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားအချို့ အစာငတ်ခံဆန္ဒပြတယ်ဆိုတဲ့ သတင်း ဖြစ်လာတာပါ။ ဘာကြောင့် ဆန္ဒပြကြသလဲဆိုတာကတော့ အကျဉ်းသား အခွင့်အရေးအတွက် ဖြစ်တယ်လို့ပဲ သိရပြီး အသေးစိတ်ကို မသိသေးဘူးလို့ မစ္စတာကင်တာနားက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မနေ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ လက်ရှိ မြန်မာပြည်က ဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ကြည့်အကဲဖြတ်နေပြီး တိုးတက်မှု တခုအလိုက် တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။

“တိုးတက်လာတဲ့အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့် အကဲဖြတ်နေပါတယ်။ တချိန်တည်းမှာလည်း လိုအပ်တဲ့ တိုးတက်မှုတွေဖြစ်လာဖို့အတွက် မြန်မာအာဏာပိုင်တွေကို ဆက်ပြီး တိုက်တွန်း ပြောသွားမှာပါ”

နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victorial Nuland ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အရေအတွက်နဲ့ ပတ်သက်လို့တော့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အစိုးရအကြားမှာ ကွဲလွဲမှုတော့ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ နီးပါး ရှိနေသေးတယ်လို့ အတိုက်အခံတွေက ပြောပေမယ့် အစိုးရကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖမ်းဆီး ခံထားရသူ ဒီအရေအတွက်လောက် မရှိဘူးလို့ ပြောသလို နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူးလို့လည်း ငြင်းဆန်နေဆဲပါ။

XS
SM
MD
LG