သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU မန်းငြိမ်းမောင် နောက်ထပ်စွဲချက်တင်ခံရ


တရုတ်ပြည်လေဆိပ်ကနေပြီးတော့ မြန်မာနိုင်ငံကိုပြန်ရောက်သွားတဲ့ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ လူဝင်မှုဥပဒေအရ ထောင်ဒဏ် ၆ လအပြစ်ပေးပြီးတဲ့နောက် တရားမဝင်အသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ နိုင်ငံတော် ပုန်ကုန်မှု ပုဒ်မ ၁၂၂ တို့နဲ့ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးက ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက် ကတည်းက ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားပြီးနောက် အင်းစိန်ထောင်မှာ ထောင်ကျနေတာ ဖြစ်ကြောင်း အခုအခါမှာတော့ နောက်ထပ်ပုဒ်မတွေနဲ့တရားစွဲဆိုထားကြောင်း နိုင်ငံရေး အကျဉ်းသားတွေကို အကူအညီပေးနေသူတဦးက ပြောပြပါတယ်။

“သူ့ကို အခု နောက်ထပ် ပုဒ်မ ၃ ခုနဲ့ တရားစွဲလိုက်တယ်။ ပုဒ်မက ဝမ်း တူးတူး ရယ်၊ နောက်တခါ ၁၇/၁ လို့ပြောတယ်။ အရင်အမှုကတော့ မင်္ဂလာဒုံတရားရုံးကနေချလိုက်တာ။ ၆ လပဲ။ တခါ သူက ၆ လပြည့်လို့ လွတ်သွားပြီတဲ့။ လွတ်သွားပြီးတော့ ပြန်ချုပ်ထားတာ”

ဦးမန်းငြိမ်းမောင်ဟာ မြန်မာအစိုးရက ဇန်နဝါရီလအတွင်းကပေးတဲ့ နောက်ဆုံးအကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ ပါဝင်ခဲ့ပေမယ့် သူ့ကို ပြန်မလွှတ်ပေးခဲ့ဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“သူ့ကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်မှုနဲ့ ထောင် ၆ လ ချလိုက်တယ်။ ပြီးတဲ့အခါကျတော့ အခု သမ္မတဦးသိန်းစိန်ကြေညာတဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကကြေညာချက်အရဆိုလို့ရှိရင် ဆရာ မန်းငြိမ်းမောင်ဟာ လွတ်တဲ့အထဲမှာ ပါသွားပြီ။ သို့ပေမယ့် အဲဒီနေ့မတိုင်ခင်တရက်မှာ သူ့ကို ပုဒ်မ ၁၇၊ ဝမ်း တူးတူး ဝမ်း ဆိုပြီးတော့ ထပ်ပြီးတော့ တရားစွဲဆိုတယ်လို့ ကျနော်တို့သိရတယ်။ အခုလာမယ့် ၁၂ ရက်နေ့မှာ ရုံးတင်မယ်ဆိုပြီးတော့ ကြားရတယ်။

တကယ်ဆိုတော့ ဆရာမန်းငြိမ်းမောင်က ကျနော်တို့သိသလောက် သူကနယ်စပ်ဖြတ်ကျော်မှုနဲ့ ပတ်သက်ပြီးကျတဲ့သူ။ ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လွတ်ရမှာ ဖြစ်တယ်။ သို့ပေမယ့် သူ့ကို လွှတ်မပေးချင်လို့ကို တမင် ဝမ်း၊ တူး၊ တူး၊ ဝမ်းနဲ့ ၁၇/၁ ပေါ့လေ- နိုင်ငံတော်ပုန်ကန်မှုနဲ့ မတရားအသင်းနဲ့ဆက်သွယ်မှုတွေနဲ့ ထပ်ပြီးတော့ စွဲချက်တင်တဲ့ ပြစ်ဒဏ်မျိုး ပေါ့။ ဒါဟာ ဆရာမန်းငြိမ်းမောင်ကို မလွှတ်ပေးချင်လို့ ဆက်ပြီးတော့ ဖမ်းဆီးထားတဲ့ အနေအထားမျိုး ရှိတယ်”

တတိယအကြိမ်မြောက် KNU နဲ့မြန်မာအစိုးရကိုယ်စားလှယ် ရထားဝန်ကြီးဦးအောင်မင်းတို့ရဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအကြို ဆွေးနွေးပွဲတွေမှာတော့ ဦးမန်းငြိမ်းမောင်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့က ပြန်လွှတ်ပေးရင် ဘယ်လိုသဘောရသလဲ ဆိုတာကို မေးမြန်းခဲ့ဖူးတယ်လို့ KNU ကပြောပါတယ်။ ဒါပေမယ့် KNU ဘက်ကတော့ ဦးမန်းငြိမ်းမောင်သာမက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့လိုတယ်လို့လည်း ပြောခဲ့ကြောင်း ဦးစောဒေးဗစ် တာကပေါက ပြောခဲ့ပါတယ်။

အခုဆိုရင် မြန်မာအစိုးရ နဲ့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တေ့ွဆုံဖို့ စီစဉ်ထားပါတယ်။ အဲဒီအချိန်မှာပဲ ဦးမန်းငြိမ်းမောင်ကို ပုဒ်မ ၃ ခုနဲ့ တရားရုံးထုတ်ဖို့ စီစဉ်ခဲ့တာကြောင့် ဒါဟာ မြန်မာအစိုးရဘက်က နိုင်ငံရေးအကျဉ်းသားနဲ့ အပေးအယူ လုပ်ချင်တဲ့သဘောတွေ ဖြစ်နိုင်တယ်လို့ AAPP ဘက်က ဆက်ပြောပါတယ်။

“ဒီကြားထဲမှာလည်း KNU နဲ့စကားပြောမယ့် အစီအစဉ်ရှိပါတယ်။ ဆိုတော့- တဘက်ကကြည့်ရင် ကရင်အမျိုးသား အစည်းအရုံးနဲ့ နအဖနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနိုင်ဖို့ စကားပြောကြမှာ ဖြစ်တယ်။ အဲဒီလို စကားပြောနေတဲ့အချိန်မှာကိုက ထပ်မံပြီးတော့ စွဲတယ်ဆိုတာက ငြိမ်းချမ်းရေး စကားပြောမယ့်ကိစ္စကိုပဲ အပေးအယူလုပ်ချင်တဲ့ဟာမျိုးလည်း တစိတ်တဒေသပါလိမ့်မယ်လို့ ကျနော်တို့က မြင်ပါတယ်”

ဦးမန်းငြိမ်းမောင်ဟာ KNU အပါအဝင် တိုင်းရင်းသားတပ်ဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စ ီ(UNFC) မှာလည်း ကော်မတီဝင်တဦးအဖြစ် တာဝန်ယူထားပါတယ်။

အရင်နိုင်ငံရေးလုပ်ခဲ့စဉ်က နှစ်ရှည်ထိမ်းသိမ်းခံခဲ့ရပြီး ကိုကိုးကျွန်းအကျဉ်းစခန်းမှာ ထိမ်းသိမ်း ခံရစဉ်က ဦးမန်းငြိမ်းမောင်ဟာ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့ဖူးပါတယ်။ ကိုကိုးကျွန်းမှာလည်း နိုင်ငံရေးအကျဉ်းသား အခွင့်အရေးအတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာမှာလည်း ပါဝင်ခဲ့ပါတယ်။

XS
SM
MD
LG