သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်


မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကိုလုပ်နိုင်မဲ့ အခြေအနေတွေကို လေ့လာဖို့ အာဆီယံ စီးပွားရေးဆိုင်ရာအသင်း အကြံပေးပုဂ္ဂိလ်တချို့ မြန်မာနိုင်ငံကို လာပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖွဲစည်းထားတဲ့ အာဆီယံ စီးပွားရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သိချင်တာတွေကို မေးသွားခဲ့ကြပါတယ်။ အာဆီယံနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေကို လုပ်ဖို့ စိတ်ဝင်စားသလဲ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ သူတို့ရဲ့ စိုးရိမ်မှုတွေက ဘာတွေလဲဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါလိမ့်မယ်၊

မလေးရှားနိုင်ငံက ထုတ်ကုန်လုပ်ငန်းနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ CIMB စီးပွားရေးအုပ်စုကြီးရဲ့ အကြီးအကဲ Nazar Razak ဦးဆောင်တဲ့ အာဆီယံ စီးပွားရေးအသင်းရဲ့ အကြံပေးအဖွဲ့ဟာ တနင်္လာနေ့တုန်းက မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်းချုပ် UMFCCI မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲကို တက်ခဲ့တဲ့ မင်္ဂလာမြန်မာအဖွဲ့က ဒေါက်တာဖုန်းဝင်း ပြောပြတာကတော့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေမျက်စိကျနေတဲ့ မြန်မာနိုင်ငံမှာ အာဆီယံ စီးပွားရေးလုပ်ငန်းတွေ နောက်ကျ မကျန်ခဲ့အောင်ဖြစ်ပါတယ်တဲ့-

“မြန်မာနိုင်ငံကို ဘယ်လို စီးပွားရေးလုပ်ငန်းတွေ လာပြီးတော့ လုပ်လို့ရှိရင် ရနိုင်မလဲပေါ့- ၂၀၁၅ ခုနှစ်ကျရင် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းပေါ့လေ-လုပ်ထားတယ်။ အဲဒီမှာလည်း သူတို့က အာဆီယံဒေသအတွင်းမှာ အပြန်အလှန် ရင်းနှီးမြှုပ်နှံပြီးတော့ စီးပွားရေး ဆောင်ရွက်မှုတွေ လုပ်ဖို့ ပြင်ဆင်ထားပြီးသားဖြစ်တယ်ပေါ့။ အဲဒီလို လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ သူတို့က ပိုပြီးတော့အရှိန်ရစေဖို့ရယ်၊ နောက်တခုက ဗမာပြည်ပိုမိုပွင့်လင်းလာလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုတွေ တက်လာတဲ့အချိန်မှာ သူတို့အာဆီယံဒေသက လူတွေကလည်း ကျန်ခဲ့ မနေဘဲနဲ့ တခြား နိုင်ငံတွေနဲ့တန်းတူ ပါဝင်ယှဉ်ပြိုင်ပြီးတော့ ဆောင်ရွက်ခွင့် ရရှိရေးအတွက် သူတို့လာတာဆိုပြီးတော့ ရှင်းပြတယ်လေ ”

မလေးရှား၊ စင်္ကာပူစတဲ့ အာဆီယံနိုင်ငံတွေမှာအခြေစိုက်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့အကြီးအကဲတွေပါတဲ့ အာဆီယံစီးပွားရေးအသင်း အကြံပေးအဖွဲ့အနေနဲ့ သူတို့ စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းတွေက ဘယ်လိုလုပ်ငန်းမျိုးပါလဲ-

“များသောအားဖြင့်ကတော့ ဘဏ် လုပ်ငန်းရှင်တွေ များတယ်လေ။ ပြီးတော့ မြေယာကဏ္ဍတွေနဲ့ပတ်သက်ပြီးတော့ ပါဝင်ဆောင်ရွက်ချင်တဲ့ သူတွေ ပါတယ်။ ဆိပ်ကမ်းလိုဟာတွေကို သူတို့ စိတ်ဝင်စားတယ်။ ပို့ဆောင်ရေးလုပ်ငန်းတွေကို စိတ်ဝင်စားတယ်။ Air Asia က CEO ကိုယ်တိုင်လည်းပါတယ်။ Tourism sector မှာ transport sector မှာပေါ့လေ- အဲဒါမျိုးတွေကိုလည်း ဝင်ပြီးတော့ လုပ်ဖို့ သူတို့ စိတ်ဝင်စားတယ်။ သူတို့ အဓိကမေးတဲ့ မေးခွန်းကတော့ မြေယာဈေးကွက်နဲ့ပတ်သက်ပြီးတော့ တော်တော်စိတ်ဝင်စားပုံပေါ်တယ်။ ပြီးတော့ financial market ပေါ့လေ- stock and share လို ဟာမျိုးတွေ၊ ငွေရေး ကြေးရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဈေးကွက်ကိုလည်း သူတို့ တော်တော်စိတ်ဝင်စားလို့ တော်တော် မေးကြတယ်။ ”

မြန်မာအစိုးရက စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အပြောင်းအလဲတချို့ လုပ်လာနေတဲ့အတွက်ရော အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို အားရတယ်လို့ ပြောနေတဲ့အတွက်ပါ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလာလုပ်ဖို့ နိုင်ငံတကာက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ ရေရှည်ခံတဲ့ အပြောင်းအလဲတွေလား၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘယ်လိုအာမခံချက်တွေရှိမလဲဆိုတာကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက တွက်နေကြသလိုပဲ အာဆီယံ စီးပွားရေးအသင်းကလည်း တွက်ပါတယ်။

“စိုးရိမ်မှု ၃-၄ ချက်ပြောတယ်ပေါ့။ အဲဒီထဲမှာ တချက်ကတော့ မြန်မာပြည်က အခု လက်ရှိကြုံတွေ့နေရတဲ့ အခက်ခဲဆုံး ကိစ္စတွေက ဘာတွေလဲ ပေါ့လေ။ ဒါတွေကို သူတို့က နားလည်ချင်တယ်။ နောက်တခုက လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက ဘယ်လောက် အရှိန်အဟုန်နဲ့ ပြောင်းလဲမှာလဲ။ တချိန်ချိန်မှာ ရပ်နေမလား။ နောက်တခုကတော့ - ဥပဒေပေါ့လေ- မြေယာပိုင်ဆိုင်မှု (properties rights) တွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေဆိုင်ရာ ရှင်းရှင်းလင်းလင်းရှိသလား၊ ငွေရေးကြေးရေးဈေးကွက်တွေမှာ မြှုပ်နှံဖို့အတွက် ဥပဒေတွေက ရှင်းရှင်းလင်းလင်းရှိပြီလား၊ မြန်မာနိုင်ငံရဲ့ ဥပဒေတွေက တခြားနိုင်ငံရဲ့ ဥပဒေတွေနဲ့ ဘာတွေ ကွာသလဲ၊ ဒီလိုဟာမျိုးတွေကို တော်တော်လေးကို စိတ်ဝင်တစားမေးတာ ရှိပါတယ်။

နောက်ဆုံးတခု သူတို့ စိတ်ဝင်တစားနဲ့ မေးတာကလည်း မြန်မာအစိုးရကို တခြားနိုင်ငံတကာမှာ လုပ်နေတဲ့ စီးပွားရေးပုံစံတွေ၊ ဥပဒေတွေနဲ့ အဆင့်အတန်းတူဖြစ်အောင်လို့ ပြောင်းလဲစေချင်တယ်။ အဲလိုပြောင်းလဲအာင်လို့ ဘယ်လိုလုပ်ပြီး စီးပွားရေးသမားတွေပေါ့လေ - ကုန်သည်ကြီးများအသင်းအနေနဲ့ ဘယ်လိုများ ကူညီပြီးတော့ ပြောပေးနိုင်မလဲ၊ ဒီလိုမေးခွန်းတွေလည်း မေးကြတယ်”

မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှာ အာဆီယံစီးပွားရေးအသင်း အကြံပေးအဖွဲ့နဲ့ တွေ့ခဲ့တဲ့ မင်္ဂလာမြန်မာက ဒေါက်တာဖုန်းဝင်းဖြစ်ပါတယ်။ အာဆီယံစီးပွားရေးအသင်း အကြံပေးအဖွဲ့ဟာ ဒီကနေ့ အင်္ဂါနေ့မှာ နေပြည်တော်မှာ အစိုးရဝန်ကြီးတချို့နဲ့တွေ့ဆုံပြီး မြန်မာနိင်ငံကနေ ပြန်သွားပြီဖြစ်ပါတယ်ရှင်။

XS
SM
MD
LG