သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ သက်တမ်း ၇၀ ပြည့် ဒေါ်စုအမှာစကားပါး


မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တချို့ ရရှိလာပြီ ဆိုပေမဲ့ ဗွီအိုအေ အပါအဝင် ပြည်ပ သတင်းဌာနတွေရဲ့ အရေးပါမှုဟာ လုံးဝ ကျဆင်းသွားခြင်းမရှိပါဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က ပြုလုပ်တဲ့ ဗွီအိုအေ အမေရိကန်အသံရဲ့ နှစ် (၇ဝ) ပြည့် မွေးနေ့ ဆုမွန်ကောင်း ပေးပို့ခဲ့တာမှာ အခုလို ပြောသွားတာပါ။ ဒီအခမ်းအနားကို အခု အသံလွှင့်နေတဲ့ ဗွီအိုအေအသံလွှင့်ဌာန ခမ်းမမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ အခမ်းအနားအကြောင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အနှစ် ၇ဝ ပြည့်ခဲ့တဲ့ ဗွီအိုအေရဲ့ မွေးနေ့ပွဲ အခမ်းအနားကို မနေ့က ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအခမ်အနားကို မွေးနေ့ ဆုမွန်ကောင်းတွေ ပေးပို့ခဲ့ကြတဲ့ ထင်ရှားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတွင်းက အခြေအနေမှန်တွေကို မြန်မာ ပြည်သူတွေ သိခွင့်ရအောင် ဗွီအိုအေက သတင်းတွေ ထုတ်လွှင့်ပေးခဲ့သလို သူကိုယ်တိုင်လည်း နေအိမ်အကျယ်ချုပ် ကျခံခဲ့ရစဉ်ကာလအတွင်း ဗွီအိုအေနဲ့ သူ့လို ပြည်ပ သတင်းဌာနတွေကို နားထောင်ရင်းနဲ့ ပြည်ပကမ္ဘာနဲ့ ထိစပ်ခွင့်ရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့် ပိုရလာတာနဲ့အမျှ အရင်တုန်းကလို ရေဒီယို အသံလွှင့်ဌာနတွေကို အဓိကား အားထားရတဲ့ အခြေအနေ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအသံလွှင့်ဌာနတွေရဲ့ အရေးပါမှုကတော့ ကျ မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အသံလွှင့်ဌာနတွေက တဆင့် တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေကို မတူတဲ့ အခြား ရှုထောင့်ကနေ ကြားသိ မြင်တွေ့ရလို့ပါပဲ။”

သူရဲ့ နေအိမ်အကျယ်ချုပ် ကာလအတွင်း အမြဲတမ်း အဖော်လုပ်ပေးခဲ့တဲ့ ဗွီအိုအေနဲ့ တခြား ပြည်ပ သတင်းဌာနတွေဟာ သူ့ရဲ့ မိတ်တွေ သူငယ်ချင်းတွေလို ဖြစ်နေပြီလို့ ဆိုပြီးတော့လည်း အခု ဗွီအိုအေရဲ့ မွေးနေ့ကို ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မွေးနေ့အဖြစ် ခံစားရတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီအခမ်းအနားမှာ အမေရိကန်သမ္မတ အိုဘားမားကလည်း မွေးနေ့ဆုတောင်း ဗွီဒီယို မိန့်ခွန်း ပေးပို့ခဲ့ပါတယ်။ လူထု အချင်းချင်း ဆက်သွယ်ကြတဲ့ ဆက်ဆံရေး ဘယ်လောက် အရေးပါတယ် ဆိုတာကို လူတွေ ပြောဆိုလာကြတဲ့ အချိန်မတိုင်ခင် ဟိုး နှစ်ပေါင်းများစွာကတည်းက အမေရိကန် လူထုနဲ့ ကမ္ဘာ့လူထုတွေ ထိတွေ့ ဆက်ဆံခွင့်ရဖို့ ဗွီအိုအေက လုပ်ခဲ့သလို သတင်းလွတ်လပ်ခွင့်တွေ ပိတ်ပင်ခံရတဲ့အချိန်မှာ သတင်းမှန်တွေကို ဗွီအိုအေက ထုတ်လွှင့်ပေးခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောသွားခဲ့ပါတယ်။

“သတင်းတွေ ဖြတ်တောက်နေတဲ့ အစိုးရတွေ ရှိနေချိန်မှာ ဗွီအိုအေဟာ တိကျမှန်ကန်တဲ့ သတင်းတွေကို ထုတ်လွှင့်ပေးနေပါတယ်။ လူ့အခွင့်အရေးတွေ လေးစားလိုက်နာဖို့ ငြင်းဆန်တဲ့ အစိုးရတွေ ရှိနေချိန်မှာ ဗွီအိုအေဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် ရပ်တည်ပေးပါတယ်။”

ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ ကမ္ဘာ့ပြည်သူတွေဘက်က အမေရိကန်က ရပ်တည်ပေးနေတာဆိုတာ ဗွီအိုအေ အမေရိကန်အသံက ဖော်ပြနေပါတယ်လို့လည်း သမ္မတ အိုဘားမားက ပြောသွားခဲ့ပါတယ်။

ဗွီအိုအေရဲ့ အနှစ် (၇ဝ) မွေးနေ့ အခမ်းအနားကို တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း မွေးနေ့ဆုတောင်းနဲ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဘက်လိုက်မှုမရှိတဲ့ သတင်းမှန်တွေကို ထုတ်လွှင့် ပေးနေတဲ့ ဗွီအိုအေ တိဘက် သတင်းဌာနဟာ တိဘက်လူမျိုးတွေအတွက် အရေးပါတဲ့ သတင်းဌာန တစ်ခုပါပဲလို့ ဘုန်းတော်ကြီးက ပြောသွားပါတယ်။

“ကမ္ဘာပေါ်က တချို့နေရာတွေမှာ သတင်း ဆင်ဆာဖြတ်တောက်မှု၊ သတင်းအမှောင်ချမှုတွေ ခုချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် ဆက်ပြီးတော့ ရှိနေတာဟာ စိတ်မကောင်းစရာပါ။ ဒီလိုအခြေအနေ ရှိနေတာကြောင့်လည်း သတင်းတွေကို မှန်မှန်ကန်ကန် ထုတ်လွှင့်ပေးနေတဲ့ ဗွီအိုအေ လို သတင်းဌာနတွေဟာ သိပ်ကို အရေးပါတယ်လို့ ယုံကြည်တဲ့အကြောင်း ” - ဘုန်းတော်ကြီး ဒလိုင်းလားမားက တိဘက် ဘာသာစကားနဲ့ ပြောသွားခဲ့တာပါ။

မနေ့က ပြုလုပ်တဲ့ ဗွီအိုအေ အနှစ် (၇ဝ) ပြည့် မွေးနေ့ အခမ်းအနားကို ဗွီအိုအေ ဝန်ထမ်းတွေအပြင် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ အသံလွှင့်ဌာနပိုင်းက တာဝန်ရှိသူတွေ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေပါ တက်ရောက် ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ် ကာလ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နာဇီ ဂျာမဏီ ထိန်းချုပ် နယ်မြေတွေမှာ ရေဒီယို သတင်းတွေ ထုတ်လွှင့်ပေးရင်း စတင်လာခဲ့တဲ့ ဗွီအိုအေ အမေရိကန် အသံဟာ အခုဆိုရင် ရေဒီယိုအစီအစဉ်တွေ သာမက multimedia လို့ခေါ်တဲ့ ရုပ်မြင်သံကြား၊ အင်တာနက် စတဲ့ နည်းပညာ မျိုးစုံသုံး ဌာနတစ်ခု ဖြစ်နေပြီဖြစ်သလို ဘာသာစကားပေါင်း ၄၃ ခုနဲ့ ထုတ်လွှင့်နေတဲ့ ဗွီအိုအေ အစီအစဉ်တွေကို ကမ္ဘာတဝှမ်း အပတ်စဉ် နားဆင် ကြည့်ရှုကြသူ သန်း ၁၄၀ ကျော် ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ ဒီအခမ်းအနားမှာ အထူးဘိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့အတူ အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုးပိုင်၊ စစ်သံမှူး ဗိုလ်မှူးကြီးတင်အောင်နဲ့ သံမှူးဦးကျော် တင်ရှိန်တို့လည်း၊ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG