သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ EU ရွေးကောက်ပွဲ အကဲခတ် ပုဂ္ဂိုလ်တွေကို မြန်မာ အစိုးရကဖိတ်ခေါ်


မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ အမေရိကန်ပြည်ထောင်စုနဲ့ EU နဲ့ ASEAN နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို မြန်မာအစိုးရက ခွင့်ပြုလိုက်ပါပြီ။ ဒီအပေါ်မှာ ကျေနပ် အားရမိပေမယ့် ရွေးကောက်ပွဲ အကြိုကာ မသမာမှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ စိုးရိမ်မိတယ်လို့ အမေရိကန်ပြည်ထောင်စုက တုံ့ပြန်ပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အမေရိကန်-မြန်မာ နှစ်ဘက် ဆက်ဆံရေးကိုပါ အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာက အလေးထားစောင့်ကြည့်နေချိန်မှာပဲ အခုလို နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေကို မြန်မာအာဏာပိုင်တွေက ဖိတ်ကြားလိုက်တာပါ။ ဒီ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အရေးပါတယ်လို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ရှုမြင်ပါတယ်။ အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေ သတင်း မီဒီယာတွေကို လာရောက်ခွင့်ပေးတဲ့အတွက် အားရကျေနပ်မိတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားကို အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီ ပထမဆုံးလွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ အတွက် အရေးကြီးတဲ့ မှတ်တိုင်တရပ်ဖြစ်ပါတယ်။ အာဆီယံ၊ EU အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ ဖိတ်ကြားတယ်ဆိုတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အားရမိပါတယ်။ အဲဒီ နိုင်ငံတွေက သတင်းမီဒီယာတွေကိုလည်း လာရောက် လေ့လာဖို့ ဖိတ်ကြားပြီး နိုင်ငံတကာသတင်းမီဒီယာတွေကို ပို ဖွင့်ပေးလိုက်တာ တွေ့ရပါတယ်။”

တဘက်မှာတော့ ရွေးကောက်ပွဲအကြိုကာလ မသမာမှုတွေဖြစ်တဲ့သတင်းတွေအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်နေပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲလွတ်လပ်မျှတမှုရှိစေဖို့ အာဏာပိုင်တွေကိုရော နိုင်ငံရေးပါတီတွေကိုပါ သတိပေး တောင်းဆိုပါတယ်။

“တချိန်တည်းမှာပဲ ရွေးကောက်ပွဲအကြို မမှန်မကန်လုပ်မှုတွေ၊ နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်မှုတွေလုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အပေါ်မှာလည်း စိုးရိမ်မိ ပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိရေးနဲ့၊ နိုင်ငံရေးပါတီတွေအနေနဲ့လည်း အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ မဖြစ်စေအောင် ဂရုစိုက်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဏာပိုင်တွေကို တောင်းဆိုပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်ပြီး မျှတမှုတာဟာ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယူဆပါတယ်။”

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ ဖိတ်ကြားတဲ့အပေါ်မှာ EU ဥရောပသမဂ္ဂ ကလည်း ကြိုဆိုပါတယ်။

ဒါဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်ဖြစ်တယ်လို့ EU ပြင်ပဆက်ဆံရေးဌာန ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ပြောသွားတာပါ။

အခုလို နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ် လေ့လာခွင့်ရမယ် ဆိုရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အထောက်အကူဖြစ်စေမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက မျှော်လင့်ပါတယ်။

“ဒီလိုဖိတ်ခေါ်တာတွေကို ကျေးဇူးတင်တယ်။ Observer တွေရှိတဲ့အခါကျတော့ ကျနော်တို့နိုင်ငံမှာ တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်နေတယ်ဆိုတာဟာ ပိုပြီးတော့ ဂုဏ်ရှိစေတယ်လို့ ထင်တယ်။ အဲဒါကြောင့် ကျနော်တို့ ကြိုဆိုပါတယ်။ Observer က ဘယ်လို Observer ပဲဖြစ်ဖြစ် မဲရုံအနှံ့ ရောက်ဖို့ကတော့ အကြောင်းမရှိဘူး။ သို့သော်- လွတ်လွတ်လပ်လပ် လေ့လာခွင့်ရမယ်ဆိုရင်တော့ ဒါ အကျိုးရှိမှာပဲ”

ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကတော့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေရော နိုင်ငံတကာ သတင်းမီဒီယာတွေကိုပါ ပြည်ဝင်ခွင့်မပေးခဲ့ပါဘူး။ အဲဒီ ရွေးကောက်ပွဲအတွင်းမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ တိုင်ကြားမှုတွေ စွပ်စွဲမှုတွေလည်းရှိခဲ့ပါတယ်။ အခုလို လာမယ့်ရွေးကောက်ပွဲ နိုင်ငံတကာကို လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ပြုလိုက်တာကြောင့် နောက်နောင်လာမယ့် ရွေးကောက်ပွဲတွေအတွက်လည်း အလားအလာကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားလွှတ်တော် ရခိုင်ပြည်နယ် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအေးမောင်က ပြောပါတယ်။

“နိုင်ငံတကာအဖွဲ့နဲ့ ချိတ်ဆက်နိုင်မယ့် ပြည်တွင်း civil society ရဲ့ ပါဝင်မှုက အရေးကြီးလာအုံးမှာပါ။ အဲဒါကြောင့် ပြည်တွင်းကိုလာမယ့် နိုင်ငံတကာ စောင့်ကြပ်တဲ့အဖွဲ့တွေကို ခွင့်ပြုသလိုပဲ ပြည်တွင်းမှာ ရှိတဲ့ သတင်းစာလောက-က ပုဂ္ဂိုလ်တွေအကုန်လုံးကိုလည်း မြန်မာနိုင်ငံ တနံတလျားကို- by election ရှိတဲ့ နေရာတိုင်းကို စောင့်ကြည့်ခွင့်၊ သတင်းယူခွင့်၊ ဓာတ်ပုံရိုက်ခွင့်၊ ဗွီဒီယို မှတ်တမ်းတင်ခွင့် - အစုံပေါ့နော်၊ ပြည်သူနဲ့ထိစပ်နှီးနွယ်တဲ့ စစ်တမ်းကောက်ယူခွင့် အစုံပေါ့ဗျာ။ မဲပေးပြီးရင် ဘယ်သူ့ကို မဲပေးခဲ့ပါသလဲဆိုတဲ့ research ကလေးကို ကြိုပြီး ကောက်ယူနိုင်ခွင့်အဆုံးပေါ့- ပေးမယ် ဆိုရင်တော့ဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အတွက်လည်း အင်မတန်ကောင်းတဲ့ အလားအလာလို့ ယူဆရမှာပါ”

အခုလာမယ့် ရွေးကောက်ပွဲမှာတော့ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာကို နိုင်ငံရေးပါတီတွေက ယှဉ်ပြိုင်ရမှာပါ။ အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က အဓိက ပြိုင်ဘက်တွေ ဖြစ်ကြပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာ မလုပ်ခဲ့ပါဘူး။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက်ပိုင်းမှ ပါတီကို တရားဝင် ပြန်မှတ်ပုံတင်ပြီး အခု ရွေးကောက်ပွဲကို ဝင်ခဲ့တာပါ။

အခု ဧပြီရွေးကောက်ပွဲ တရားမျှတမှု၊ လွတ်လပ်မှု ရှိမရှိ အခြေအနေအပေါ်မူတည်ပြီးတော့ နိုင်ငံတကာအနေနဲ့ကလည်း မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထား ပြောင်းလဲဖွယ်ရှိပါတယ်။

ဒီ အခြေအနေပေါ်မှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်း မသိမ်း ဆိုတာကိုလည်း ထည့်တွက် စဉ်းစားမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရော EU ဥရောပသမဂ္ဂ ဘက်ကပါ ပြောထားပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဘယ်လောက် ဆန္ဒရှိမရှိ၊ လက်တွေ့ကျမကျဆိုတာဟာ ဒီရွေးကောက်ပွဲဟာ စမ်းသပ်မှုတရပ် ဖြစ်မယ် လို့လည်း နိုင်ငံတကာက ပြောထားပါတယ်။

ကမ္ဘောဒီယားနိုင်ငံကို ရောက်နေတဲ့ မြန်မာသမတ ဦးသိန်းစိန်ကလည်း အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ရွေးကောက်ပွဲအတွက် ဖိတ်ကြားတယ်ဆိုတာကို အတည်ပြု ပြောတယ်လို့ ကမ္ဘောဒီယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အာဆီယံနဲ့ အာဆီယံ မိတ်ဖက်နိုင်ငံတွေဖြစ်ကြတဲ့ သြစတေးသျှ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီယား၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ကြားတဲ့ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ ကြိုဆိုကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အခု လုပ်ရပ်ဟာ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မမှိတ်မသုန် အလေးအနက်ထားဆောင်ရွက်သွားမယ်ဆိုတာ နိုင်ငံတကာကို ပြသလု်ကတာဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဌာနက ထုတ်ပြန်သွားပါတယ်။

XS
SM
MD
LG