သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဒို မန်းငြိမ်းမောင် နိုင်ငံရေး ဓားစာခံ အဖြစ် အသုံးခံရ ဟုမြင်


ရန်ကုန်အင်းစိန်ထောင်မှာ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရာကနေ ပုဒ်မ (၁၀၄) သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် နဲ့ မကြာသေးခင်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ကရင့်အမျိုးသားအစည်းအရုံး KNU ရဲ့ ဗဟိုကော်မီတီဝင် ပဒို မန်းငြိမ်းမောင် ဟာ ထိုင်းမြန်မာနယ်စပ်ကို ပြန်လည်ရောက်ရှိလာပြီးတဲ့နောက် KNU နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူဟာ နိုင်ငံရေး ဓားစာခံဖြစ်ခဲ့ရတယ်လို့ ပြောဆို လိုက်ပါတယ်။ ပဒိုမန်းငြိမ်းမောင်ကို တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက ဆက်ပြောပြပါမယ်။

ကရင်အမျိုးသား အစည်းအရုံး ရဲ့ ခေါင်းဆောင် ဦးမန်းငြိမ်းမောင်ကို မြန်မာအစိုးရက ပုဒ်မ ၁၇ (၁) တရားမဝင်အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၂၂ (၁) နိုင်ငံတော် ပုန်ကန်မှု တွေနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်တသက်တကျွန်းချပြီးကာမှ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။

ဒါဟာ မြန်မာအစိုးရနဲ့ ကေအန်ယူ ကရင့်အမျိုးသားအစည်းအရုံးတ့ိုရဲ့ ငြိမ်းချမ်းရေး တိုးတက်မူဖြစ်စဉ်ပေါ်မှာ မူတည်ခဲ့ကြောင်း ထိုင်းမြန်မာနယ်စပ်ကို ပြန်လည် ရောက်ရှိ လာခဲ့တဲ့ ကေအန်ယူ ခေါင်းဆောင် ဦးမန်းငြိမ်းမောင်က ပြောပါတယ်။

"ကျနော့်ကို နိုင်ငံရေး ဓားစာခံအနေနဲ့ ဖမ်းတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် မြင်တာကတော့ KNU နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအရ ခုလို ဖြစ်ပေါ် တိုးတက်မှု ရှိလာရင် ကျနော့်ကို လွှတ်ပေးမယ်။ တကယ်လို့ KNU နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုက ဖြစ်ပေါ်တိုးတက်မှု မရှိဘဲနဲ့ အနှုတ် လက္ခဏာပြပြီးတော့ နောက်ဆုတ် သွားမယ်ဆိုရင် ကျနော့်ကို တကယ်ပြစ်ဒဏ်ချမှာ သေဒဏ်ထိချပြီးတော့ ကျနော့ကို အပြစ်ချမယ်။ ကျနော်တော့ အဲလိုပဲ ယုံကြည်တယ်။ သူ့အနေနဲ့ မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေကိုလည်း တွေ့ဆုံခဲ့ရတယ်လို့ ဆိုပါတယ်။"

ဒါပေမဲ့လည်း သူ့ကို ထိန်းသိမ်းထားစဉ်အတွင်း ထောင်ဒဏ် တသက် တကျွန်း ချမှတ်လိုက်တဲ့ ကိစ္စက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

“တကယ်လို့သာ ဇန်နဝါရီလ ၁၂ရက်နေ့က KNU နဲ့ လက်မှတ်ထိုးတဲ့အချိန်မှာ ကျနော့်ကို ခင်ဗျားတို့ ငြိမ်းချမ်းရေး လက်ဆောင် အဖြစ်နဲ့ KNU ကို ပြန်အပ်လိုက်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အများကြီး တိုးတက် သွားမယ်။ တကယ်လို့ ခင်ဗျားတို့ကို ပြန်အပ်တဲ့အထဲမှာ ရော့..ဟောဒီငြိမ်းချမ်းရေးအတွက် ကျနော်တို့ ခင်ဗျားတို့လူကို ပြန်ပေးတယ်၊ တကယ်လို့သာ ခင်ဗျားတို့လူကို ဟောဒီပုဒ်မ၊ ဟောဒီပုဒ်မတွေနဲ့ တရားစွဲရင် ဟောဒီလောက်ထိ ပြစ်ဒဏ်ကျခံရနိုင်တယ်လို့ ရှင်းလင်းပြီးတော့ ကျနော့်ကို ပြန်အပ်လိုက်ရင် ခင်ဗျားတို့ကို ကျနော်တို့ တမျိုးသားလုံးက ကျေးဇူးတင်မှာ။ ကျနော်တို့ တိုင်းရင်းသားတွေက နဂိုကတည်းကမှ အစိုးရ အဆက်ဆက်ပေါ် သံသယမရှင်းခဲ့တာမှာ ကျနော့ကို ဒီလို လုပ်လိုက်တဲ့အတွက် ကရင်တင်မကဘူး၊ တိုင်းရင်းသားပေါင်းစုံက သံသယပေါင်းစုံက အကုန်လုံး ထောင်ပြီးတော့ ထပြီးတော့ ကြည့်ကြတယ်။ အဲဒါကြောင့်မို့လို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အများကြီးထိခိုက်တယ်လို့ ကျနော် ဆိုလိုတာ ဖြစ်တယ်လို့ ကျနော် ဝန်ကြီး ဦးအောင်မင်းကို ရှင်းပြတယ်။"

အခု ကေအန်ယူနဲ့ မြန်မာအစိုးရတိုရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ ပထမခြေလှမ်းသာ ဖြစ်ပြီး နောက်ထပ် လုပ်ရမယ့် အလုပ်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

“အခု အပစ်အခတ်ရပ်စဲရေးဆိုတာ နိုင်ငံရေးဖြစ်စဉ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပထမ ခြေလှမ်းပဲ ရှိသေးတယ်။ ကျနော်တို့ ရှေ့လျှောက်သွားရမယ့်ခရီးက အဝေးကြီး ရှိသေးတယ်။ ခု ကျနော်တို့ နိုင်ငံရေးစကား မပြောရသေးဘူး။ ကျနော်တို့ အများကြီး ပြောရဦးမယ်။ ဒါလည်း ကျနော် သူတို့ကို အကြံပေးခဲ့တယ်။ သူတို့ကလည်း ကျနော့ကို အကြံဉာဏ်တောင်းတယ်။ ခု ကျနော်လွတ်လာတော့ ဝန်ကြီးကလည်း ကျနော့်ကို အကြံဉာဏ် တောင်းတယ်။ ကျနော်ပေးခဲ့တယ် သူတို့ကို။ လောလောဆယ် ထိုးစစ်တွေ ရပ်ထားးပါ၊ ထိုးစစ်တွေရပ်ဆိုင်းရင် ကျနော်တို့ဘက်ကလည်း ခင်ဗျားတို့ကို ယုံကြည်မှု ရှိမယ်။ နောက်တခု KNU အကျဉ်းသားတွေ လွှတ်ပေးပါ။ အဲဒါ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အများကြီး အထောက် အကူ ဖြစ်မယ်။ နောက်တခုက တောထဲ တောင်ထဲမှာ ကျနော်တို့ ကရင်လူထုတွေ သောင်းနဲ့ ချီပြီးတော့ ပြေးလွှား ပုန်းရှောင်နေရတဲ့ IDP တွေ ရှိတယ်၊ အဲဒါတွေ ခင်ဗျားတို့ သူတို့ကို နေရာပြန်ချထားပေးဖို့ အဲဒါတွေ လုပ် ပေးပါလို့ ကျနော် အကြံပြုခဲ့တယ်။”

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားလို့ လက်ခံခြင်းမရှိသေးတဲ့ အကျဉ်းထောင် အသီးသီးက ကရင် ရဲဘော်လေး တွေရဲ့ အခြေအနေတွေကိုလည်း ပြောပြသွားပါတယ်။

"သူတို့က နိုင်ငံရေးအကျဉ်းသားလို့ ပြောရမှာ သိပ်ဝန်လေးတယ်။ ခု အများကြီး ကျန်သေးတယ်။ KNU ရဲဘော်တွေဆို တချို့ တပ်မဟာ ၃ က ရဲဘော်တယောက် အတူတူနေခဲ့ရတယ်။ တပ်မဟာ ၅ က ရဲဘော် တယောက်၊ ဒီရဲဘော်လေးတွေဆိုရင် ဗမာစကား လေးလုံးကွဲအောင်တောင် မပြောတတ်ဘူး။ ဒါ စစ် အစိုးရ လက်ထက်မှာ မြို့ထဲဝင်လာတဲ့အခါကျတော့ ဖမ်းပြီး မသေရုံတမည် ထုရိုက်ပြီးတော့ အမှု ရှစ် မှု လောက် ကပ်ထားပြီးတော့ သေဒဏ် ကျွန်းဒဏ် ထောင်ဒဏ်တွေ ချထားတယ်။ အဲဒီတော့ အမှုဖြစ်စဉ်နဲ့ မတန်တဆ တွေ ချထားတယ်။ လုံလောက်တဲ့ သက်သေ အထောက် အထား လည်း ဘာမှမရှိဘဲနဲ့။ အဲလို လုပ်ထား ခဲ့ တာတွေ ရှိတယ်။”

ဦးမန်းငြိမ်းမောင်ဟာ အစိုးရအဖွဲ့အတွင်းက ဦးသိန်းစိန်၊ သူူူရဦးရွှေမန်း၊ ဦးအောင်မင်း တို့ကိုတော့ သဘော ထား ပျော့ပြောင်းသူတွေအဖြစ် လက်ခံကြောင်း၊ တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်ဖို့တွေကို သူ့အနေနဲ့ လိုလားကြောင်းတွေကို ပြောသွားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သူရဲ့ပတ်စပို့ အခက်အခဲကြောင့် တရုတ်ပြည် ကူမင်း လေဆိပ် ကနေ ထိုင်းနိုင်ငံကို အသွားအပြန် ၃ကြိမ်လောက် ပြန်ပို့ ခံရပြီးတဲ့နောက် နောက်ဆုံး မှာ တရုပ်နိုင်ငံကနေ မြန်မာပြည်ထဲကို ပြန် ပို့ခံရတာဖြစ်ကြောင်းတွေကိုလည်း၊ ပြောသွားပါတယ်။

XS
SM
MD
LG