သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအဖွဲ့တွေ ရွေးကောက်ပွဲစောင့်ကြည့်ချိန် အပြည့်အဝမရ


မကြာခင်ကျင်းပဖို့ရှိနေတဲ့ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အဓိကကျတဲ့ သော့ချက်ဖြစ်တာမို့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ မူဝါဒတွေကို သိသိသာသာပြောင်းလဲစေလိမ့်မယ်လို့ အီးယူရဲ့နိုင်ငံခြားဆက်ဆံရေးအကြီးအကဲ ကက်သရင်းအက်ရှ်တွန်က ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လည်လွတ်မြောက်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအေနေတွေ တိုးတက်ဖို့ ဖိအားပေးရမယ့်ကိစ္စတွေ ကျန်နေသေးတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာအရေးလှုပ်ရှားမှု အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign-UK က EU ကို ဝေဖန်လိုက်တာပါ။ ဒီအကြောင်း အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ဖို့ ဖိတ် ကြားတာကို မကြုံစဖူး ပွင့်လင်းမှုတစ်ရပ်ဖြစ်တယ်လို့ ဥရောပ သမဂ္ဂက ခေါ်ဆိုထားတဲ့ ကြေညာချက် တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ မဲဆွယ်စဉ်ကာလမှာ ယေဘုယျအားဖြင့် ငြိမ်းချမ်းတဲ့ သဘောသဘာဝတွေ ရှိနေတာကို ကြိုဆိုတယ်၊ ပါတီတချို့ရဲ့ မသမာမှု၊ ခြိမ်းခြောက်မှုတွေကို ကြားရပေ မယ့် အစိုးရက စုံစမ်းဖြေရှင်းပေးလိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု အားလုံးကိုလည်း ချီးကျူးထားတာ ဖြစ်ပါတယ်။ ကက်သရင်း အက်ရှ်တွန် (Catherine Ashton)ရဲ့ ဒီထုတ်ပြန်ချက်ကို အစိုးရရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေမြန်မာပိုင်းကို အခု လို ပြောပါတယ်။

"သမ္မတဦးသိန်းစိန်နဲ့သူ့အစိုးရရဲ့ မှတ်သားလောက်အောင် ထူးခြားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အစီအ စဉ်တွေကို အီးယူ နိုင်ငံခြားရေးအကြီးအကဲက ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံလွှတ်တော်ရဲ့ အပြုသဘောဆောင် အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ချက်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ တာတွေ ၊ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံတွေနဲ့ ဆက်လက်ဆွေးနွေးတာ၊ တိုင်းရင်းသားအုပ် စုတွေနဲ့ငြိမ်းချမ်းရေး ရယူဖို့ကြိုးပမ်းတာ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအတွက် လုပ်ဆောင်တာတွေ အား လုံးဟာ အရေးကြီးတဲ့ အပြုသဘောဆောင် တိုးတက်မှုတွေ ဖြစ်ပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်ြ့မတ်ရေးအတွက် အရေးကြီးတဲ့ကာလဖြစ်သလို ဥရောပသမဂ္ဂ ရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကိုလည်း သိသိသာသာ ပြောင်းလဲစေနိုင်ပါတယ်။ အီးယူအကြီးအကဲက မဲဆွယ်ကာလကို ဂရုတစိုက် စောင့်ကြည့်နေပြီး အမတ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေအားလုံး သူတို့ရဲ့ အစီအစဉ်တွေကို အဟန့်အတား၊ အနှောင့်အယှက်ကင်းကင်းနဲ့ တင်ပြဆောင်ရွက်နိုင်လိမ့်မယ်လို့ လည်း မျှော်လင့်ထားပါတယ်။"

ဥရောပသမဂ္ဂ၊ ပြည်ပဆက်ဆံရေးအကြီးအကဲ ကက်သရင်း အက်ရှ်သွန်ရဲ့ပြောခွင့်ရ မာဂျာ ခိုစီဂျန်စစ် (Maja Kocijancic) ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘားမားကမ်ပိန်း၊ ယူကေ (Burma Campaign for UK) လို့ ခေါ်တဲ့ ဗြိတိန်နိုင်ငံ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ ညွှန်ကြားရေးမှူး မာ့ခ်၊ဖာမနာ (Mark Famaner) ကတော့ - ဥရောပသမဂ္ဂဟာ ကောင်းတဲ့အချက်တွေကိုသာ ထောက်ပြ ပြောဆိုနေပြီး အနုတ်လက္ခဏာပြနေ တဲ့အချက်တွေကို မျက်ကွယ်ပြုထားတယ်လို့ ဝေဖန်ပါတယ်။

"ကက်သရင်းအက်ရှ်တွန်နဲ့ သူ့လူတွေက အရင်ကတည်းက ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းချင်နေကြ တာပါ။ သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး မလုပ်ခင်ကတည်းက ပုံမှန်ဆက်ဆံရေး ထူထောင်ချင်နေကြ တာပါ။ အခုလည်းပဲ ကောင်းတဲ့အချက်တွေကို ထပ်ခါတလဲလဲ ပြောနေပြီး မကောင်းတာတွေကို ဘာမှ မပြောတော့ပါဘူး။ မြန်မာနိုင်ငံမှာ အခု နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီပြီး ရှိနေဆဲပါ။ လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ထွက်ပြေးကြရတဲ့ တိုင်းရင်းသားတွေ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒါတွေကို ကက်သရင်း အက်ရှ်တွန်တို့က ဘယ်တော့မှ မပြောကြပါဘူး။ sanction တွေရုပ်လို့ရအောင် ကောင်းတာကို ပဲ ရွေးပြောနေကြ တာပါ။"

ဥရောပသမဂ္ဂထဲက ဥရောပအစိုးရတချို့နဲ့ ကုလသမဂ္ဂအရာရှိတွေဟာ အရေးယူပိတ်ဆို့မှုကို မယုံကြည် ဘဲ မြန်မာအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်၊ အကူအညီပေးမယ်၊ ဒီလိုနည်းနဲ့သာ အပြောင်းအလဲ ပြုလုပ်နိုင် မယ်လို့ ယုံကြည်နေကြသူတွေ ဖြစ်တယ်လို့ မာ့ခ်ဖာမနာက ဆိုပါတယ်။ သူတို့ရဲ့ ဘားမားကမ်ပိန်း ယူကေ အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ မြင်လာရတာဟာ ဒီလို ဒဏ်ခတ်အရေး ယူမှုတွေကြောင့် ဖြစ်တယ်လို့ ယူဆပါတယ်။ အခု သမတ္တဦးသိန်းစိန်ကလည်း ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းစေချင်တဲ့အတွက်ကြောင့် ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ပြနေခြင်းသာဖြစ်တယ်၊ ဒဏ်ခတ်အရေးယူ မှုတွေ ရုပ်သိမ်းလို့ စီးပွားရေးအင်အား ကောင်းလာရင် စစ်အင်အားကို တိုးချဲ့ပြီး ဖိနှိပ်ချုပ်ခြယ်မှုတွေ ပိုလုပ် လာမယ်လို့လည်း မာ့ခ်ဖာမနာက ထောက်ပြထားပါတယ်။ ဥရောပသမဂ္ဂကတော့ အခုအခါ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်မယ့်အဖွဲ့ စေလွှတ်လိုက်ပြီလို့ ဆိုပေမယ့် ရွေးကောက်ပွဲကို အစ၊ အလယ်၊အဆုံး စောင့်ကြည့်နိုင်တဲ့အခြေအနေမရှိဘူး၊ အချိန်အလုံအလောက် မရဘူးဆိုပြီး ပြောကြားပါ တယ်။

"ဘရပ်ဆဲလ် (Brussel)က အဖွဲ့ငယ်တစ်ဖွဲ့ ရောက်လာမှာပါ။ သူတို့ကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးအဖွဲ့လို့ မခေါ်နိုင်ပါဘူး။ သူတို့ဟာ အချိန်အလုံအလောက် မရပါဘူး။ ဒါ့ကြောင့် ကျမတို့စေလွှတ် သူတွေဟာ ရွေးကောက်ပွဲ ကျွမ်းကျင်သူ အဖွဲ့သာ ဖြစ်ပါတယ်။"

ကက်သရင်း အက်ရှ်တွန်ရဲ့ ပြောခွင့်ရ မာဂျာ ခိုစီဂျန်စစ် ပြောသွားခဲ့တာပါ။ ရွေးကောက်ပွဲ ပြုလုပ်တဲ့ကာလ မှာ ဥရောပသမဂ္ဂအပြင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အာဆီယံတို့ကလည်း အလားတူ ကိုယ် စားလှယ်တွေ စေလွှတ်ကြမှာ ဖြစ်ပါတယ်။







XS
SM
MD
LG