သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့မှုလျှော့ပေါ့ရေး Congress လွှတ်တော် သုံးသပ်မည်


မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာဟာ ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ ထင်ရှားတဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန်ရဲ့ သြဇာတိက္ကမကြီးမားတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောကြားလိုက်ပါတယ်။ မြန်မာ့လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီးရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အခုထက်ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်ထားတယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ မစ္စတာ မက်ကိန်းက ပြောကြားသွားတာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုကြည့်ရင် ဒီမိုကရေစီရေး တိုးတက်မှု ခြေလှမ်းတရပ် အဖြစ် ထင်ထင်ရှားရှား မြင်နေရပေမယ့် ရွေးကောက်ပွဲမှာ ပြဿနာတွေ ရှိနေတာတွေ့ရတယ်လို့ အထက်လွှတ်တော် အမတ် John McCain က VOA ကို ပြောပါတယ်။

“ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ လိုနေသေးတဲ့ ပြဿနာတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အချိန်တိုတိုအတွင်းမှာပဲ သိသိသာသာ ပြောင်းလဲလာတာတွေ့ရပြီး ယေဘုယျခြုံပြောရရင် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ ရပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ပါဝင်တဲ့ ရွေးကောက်ပွဲဟာ သိပ်အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်သလို လွှတ်တော်မှာ သူပါဝင်ခွင့်ရတဲ့အနေထားက ရာခိုင်နှုန်းအားဖြင့် သိပ်နည်းနေပေမယ့် အနာဂတ်လွှတ်တော်ကို ပြောင်းလဲတိုးတက်အောင်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရအနေနဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျှော့ချဖို့ စဉ်းစားတာမျိုးလို သင့်တော်တဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့စဉ်းစားနေတာပါ”

အခုရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့စာရင် သိသိသာသာ တိုးတက်လာတာတွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒီရွေးကောက်ပွဲ အတွက် လုံးဝကျေနပ်မှု ရှိတယ်လို့ ပြောလို့မရပေမယ့် သိသာတဲ့တိုးတက်မှုမျိုးမို့ တုံ့ပြန်ဆုတွေပေးသင့်တယ်လို့ ထင်မြင်ကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့ချမှတ်ထားတဲ့ တားမြစ်ပိတ်ပင်မှုအားလုံးကို ပြန်ကြည့်ရင် တချို့ဟာ လွှတ်တော်ကနေချထားတာဖြစ်သလို ကျန် တားမြစ်မှုတွေက သမ္မတက ချမှတ်ထားတာပါ။ ဒါကြောင့် ကျနော်တို့လွှတ်တော်ဘက်က ချမှတ်ထားတဲ့တားမြစ်မှုတွေအတွက် ပြန်လှန် သုံးသပ်ပြီး တချို့တားမြစ်ချက်တွေကိုလျှော့ပေးဖို့ လုပ်ရမှာပါ။ အခုလို ဒီမိုကရေစီရေးတိုးတက်မှုတွေ တွေ့နေရချိန်မှာ ရှေ့ဆက်ပြီး တိုးတက်မှုတွေ ပိုရှိလာစေဖို့ ကျနော်တို့က သေသေချာချာအားပေးရမှာပါ”

အခုအချိန်ဟာ အမေရိကန်လွှတ်တော် ၂ ပတ် နားချိန်မို့ နားရက်ကုန်ရင် ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက်တစ်ပါတီတွေက လွှတ်တော် ကိုယ်စားလှယ်တွေဟာ နိုင်ငံခြားရေးဌာနနဲ့ရော သမ္မတနဲ့ပါ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး တချို့ မြန်မာနိုင်ငံအတွက်ချမှတ်ထားတဲ့ တားမြစ်ချက် တွေကို လျှော့ချပေးဖို့ တိုင်ပင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုတွေထဲမှာ အခုလုပ်ရပ်ဟာ အရေးပါတဲ့ ခြေလှမ်းဖြစ်ပေမယ့် အမေရိကန်နိုင်ငံက ဒါကို ပထမခြေလှမ်းအဖြစ်လက်ခံထားပြီး လူ့အခွင့်အရေးဆိုင်ရာတွေကို စောင့်ကြည့်အုံးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ လိုနေသေးတယ်လို့လည်း ပြောပါတယ်။

အခုရွေးကောက်ပွဲဟာ လွှတ်တော်အမတ်နေရာ ၆၀၀ ကျော်မှာ ၄၀ ကျော်အတွက်သာ လစ်လပ်တဲ့အတွက် ဖြည့်ဆည်းပေးဖို့ ဖြစ်ပြီး အများစုဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ စစ်ဘက်နဲ့စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေကြ ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ လာမယ့် အနာဂတ်လွှတ်တော်အတွက် ဒီမိုကရေစီရေး အပြောင်းအလဲတွေ အခုထက် ပိုဖေါ်ဆောင်နိုင်ဖို့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့က ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လောက်စွမ်းဆောင်နိုင်မယ် ထင်ပါသလဲလို့ မေးတဲ့အခါမှာ တော့-

“မြန်မာလူထုရဲ့ သူရဲကောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဒါကို သံသယဖြစ်နေစရာတောင် မလိုပါဘူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတာမို့ သူ့ရဲ့ လုပ်ရပ်ဟာ လွှမ်းမိုးနိုင်မှာ သေချာပါတယ်။ ဒါ့အပြင် သူနဲ့ မြန်မာသမ္မတတို့ရဲ့ ဆက်ဆံရေး တိုးတက်မှု ရှိနေတာကလည်း အားတက်စရာပါ။ သူ့ရဲ့ကျွမ်းကျင်လိမ္မာမှုတွေကြောင့် မြန်မာနိုင်ငံအတွက် အလွန်အားတက်မိပေမယ့် ကျနော်တို့အနေနဲ့ သတိနဲ့ တဆင့်ပြီးတဆင့် စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံက ပြောင်းလဲမှုတခုချင်းစီအတွက် စောင့်ကြည့် နေရာမှာ ဒါဟာ တဆင့်တက်လာတာပါ။ ဒီမိုကရေစီပန်းတိုင်ရောက်ဖို့ကတော့ တက်လှမ်းရမယ့်အဆင့်တွေ အများကြီး လိုနေပါသေးတယ်”

ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနေတဲ့ အမေရိကန်နိုင်ငံကို မကြာခင်မှာပဲ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေလည်း လာရောက် နိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း အထက်လွှတ်တော်အမတ် John McCain ကပြောကြားခဲ့ပါတယ်။

XS
SM
MD
LG