ဘော့စနီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ကလေးငယ် တဦးချင်း စီကို ရည်စူးပြီး အနီရောင် ထိုင်ခုံပေါင်း ၁၁,၅၄၁ လုံးကို ဆာရာယေဗိုမြို့တော် အဓိကလမ်းမပေါ်မှာ စီတန်းချထားပြီး အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။
တိုင်းပြည်လူဦးရေ ထက်ဝက်လောက်ရှိတဲ့ လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ စစ်ပွဲစတင်ခဲ့တာ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖြစ် ဘော့စနီးယားနိုင်ငံသားတွေ သောကြာနေ့က ဆင်နွှဲခဲ့ကြတာပါ။ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ ဘော့စနီးယား မွတ်ဆလင်တွေ၊ ဆာဗီးယန်းတွေနဲ့ ခရိုအက်တွေ ဆာရာယေဗိုမြို့တော်ရင်ပြင်မှာ စုဝေးပြီး ငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ တယောက်နဲ့တယောက် ရန်သူတွေ အဖြစ်နဲ့ တိုက်ခိုက်ခဲ့ကြပြီး ဆာရာယေဗိုမြို့ဟာဆိုရင်လည်း ၄၄ လကြာ တိုက်ပွဲတေဒဏ် ခံခဲ့ရတာပါ။
ဆာရာယေဗိုမြို့ခံတဦးကတော့ အဲဒီအချိန်တုန်းက အဖြစ်အပျက်တွေကို ပြန်မစဉ်းစားရဲလောက်အောင် ဖြစ်ခဲ့ရပေမဲ့ ဒီအခက်အခဲတွေ အောက်ကနေ ရုန်းကန်ရှင်သန်နိုင်ခဲ့တာ၊ လွတ်လပ်ခွင့်အရသာကို ခံစားနိုင်တာက အခုအခါ ပိုအရေးကြီးပါတယ်လို့ အောက်မေ့ဖွယ် အခမ်းအနားတွေ သောကြာနေ့က ကျင်းပချိန်မှာ ပြောသွားပါတယ်။
အမေရိကန် ပြည်ထောင်စုက ကြားဝင်စေ့စပ်ပြီး ၁၉၉၅ ခုနှစ်မှာ ပြည်တွင်းစစ် အဆုံးသတ်သွားပေမဲ့ ဘော့စနီးယားဟာ လူမျိုးစု ၃ ဖွဲ့ကြား တကွဲတပြား ဖြစ်ကျန်ရစ်ခဲ့တာပါ။ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး (ICC) ကတော့ ဘော့စနီးယား ဆာဗ်စစ်တပ် အကြီးအကဲဟောင်း Ratko Mladic အပါအ၀င် စစ်ပွဲအတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်သူတွေကို ခုံရုံးတင် စစ်ဆေးနေပါတယ်။