သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် Elie Wiesel ဆုရ


အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ Holocaust Memorial ပြတိုက်က မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နောက် သီတင်းပတ် ဗုဒ္ဓဟူး ဧပြီလ ၁၈ ရက်နေ့မှာ အဲလိ ဝီဇယ်လ် (Elie Wiesel) ဆုချီးမြှင့်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ် စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်မှုတွေအတွက် အခုလို ဆုချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်ရှင်။

Elie Wiesel ဆုဟာ အမုန်းတရားတွေကို ဆန့်ကျင်ပြီး လူသား မျိုးနွယ်တွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ မဖြစ်ရလေအောင် ဟန့်တားကာကွယ်ရင်း လူသားတို့ရဲ့ ဂုဏ် သိက္ခာ တိုးတက်အောင် ဆောင်ရွက် ကြိုးပမ်းနေသူတွေကို ပေးအပ်တဲ့ Holocaust ပြတိုက်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းက ဒီလို လူမျိုးတွေကို နှစ်စဉ် ချီးမြှင့်လာတာမှာ ဒီနှစ်တော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်မှာဖြစ်ပါတယ်။

စစ်အာဏာရှင်ကို တွန်းလှန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်နဲ့သတ္တိဟာ အတုယူစရာ ဖြစ်တယ်လို့ Holocaust Memorial ပြတိုက်ကို ထူထောင်သူတစ်ဦးဖြစ်တဲ့ Elie Wiesel က ပြောပါတယ်။

“သူဟာ အကောင်းဆုံး စံနမူနာ၊ အတွေးအခေါ်တွေရှိတဲ့ ထူးခြားတဲ့ လူသားတစ်ယောက်ပါ။ ဒီလို စံထားစရာတွေ အတွေးအခေါ်တွေ ဟာလည်း သူ့တကိုယ်ရည်အကျိုးအတွက် မဟုတ်ဘဲ သူ့ရဲ့ တိုင်းပြည်အတွက် ဖြစ်ပါတယ်။ ဒါ့အပြင်ကို ကမ္ဘာပေါ်က အမျိုးသား အမျိုးသမီး လူသားတိုင်း ခံစားကြရတာတွေကို တွေ့ရတဲ့အခါတိုင်း ကျနော့် စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲလိုလို တွေးမြင်မိပါတယ်။ ကူညီဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အားလုံးက ရပ်တည်နေတယ် ဆိုတာကို သိစေချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတွေ ရှိလာဖို့အရေး မဆုတ်မနစ် စွန့်လွှတ်အနစ်နာခံ လှုပ်ရှား ဆောင်ရွက်နေသူ ဖြစ်တယ်လို့လည်း ဒီ Holocaust Memorial ပြတိုက်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ဒုတိယကမ္ဘာစစ် ကာလအတွင်း နာဇီဂျာမဏီတို့ရဲ့ လက်ချက်နဲ့ ဂျူးလူမျိုး သန်းနဲ့ချီ သတ်ဖြတ်ခံခဲ့ရတဲ့ သမိုင်းဝင် အဖြစ်အပျက်တွေကို အများပြည်သူ လေ့လာ ကြည့်ရှုနိုင်ဖို့ Holocaust Memorial ပြတိုက်ကို ၁၉၉၃ ခုနှစ်မှာ စတင်ဖွင့်လှစ် ခဲ့တာဖြစ်ပါတယ်။ ဒီလို ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အောက်မေ့ဘွယ် အထိန်းအမှတ်နေ့အဖြစ် ဧပြီလ ၁၉ ရက်နေ့ကို သတ်မှတ်ပြီး နှစ်စဉ် အောက်မေ့ဘွယ် အခမ်း အနားတွေ ကို ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုချီးမြင့်မယ့် အခမ်းအနားကိုတော့ ဒီ အောက်မေ့ဘွယ်နေ့ မတိုင်ခင် အကြိုအချိန်ကာလ ဧပြီလ ၁၈ ရက် နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နိုင်ဖွယ်မရှိပေမဲ့ ဗွီဒီယိုကနေ နှုတ်ခွန်းစကား ပို့လာဖို့ မျှော်လင့်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး စွန့်လွှတ် ဆောင်ရွက်မှုတွေအတွက် နိုင်ငံ တကာက ပေးအပ်တဲ့ ဂုဏ်ပြုဆုပေါင်းများစွာ ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။ အမေရိကန်သမ္မတရဲ့ အရပ်သားတွေကို ပေးအပ်တဲ့ အမြင်ဆုံး လွတ်မြောက်ရေးဆု Presidential Madel of Freedom Award ကို ၂၀၀၀ ခုနှစ်က ရရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ထဲမှာတင်ပဲ အမေရိကန်ပြည်ထောင်စု Oxi Day Foundation က ချီးမြှင့်တဲ့ အမျိုးသမီး သတ္တိရှင်ဆု Battle of Crete နဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Feminist Majority Foundation က ပေးအပ်တဲ့ Eleanor Roosevelt ဆုတွေ အပါအဝင် အမေရိကန်ပြည်ထောင်စု က ပေးအပ်တဲ့ ဆုပေါင်းများစွာကို လက်ခံ ရရှိထားသူ ဖြစ်ပါတယ်။

XS
SM
MD
LG