သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်အခတ်ရပ်စဲရေး ဆီးရီးယားလုံခြုံရေး ချိုးဖောက်


ဆီးရီးယားနိုင်ငံမှာတော့ တစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားတဲ့ လက္ခဏာအဖြစ် အစိုးရလုံခြုံရေးတပ်တွေက ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ရာမှာ အနည်းဆုံး လူသုံးဦး သေဆုံးသွားခဲ့ရပါတယ်။ သောကြာနေ့က ဆီးရီးယားနိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ရာမှာ လုံခြုံရေးတပ်တွေဘက်က ဆန္ဒပြပွဲတွေ အဓိကဖြစ်ခဲ့တဲ့ ဟာမာမြို့အပါအဝင်နေရာများစွာမှာ ပစ်ခတ်ခဲ့တဲ့အတွက် အခုလို သေဆုံးမှု ဖြစ်ခဲ့ရတာပါ။

ဒါ့အပြင် တူရကီနယ်စပ်နားမှာလည်း ဆီးရီးယားအစိုးရတပ်တွေက သူပုန်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုနေပါတယ်။ ဒီဆန္ဒပြပွဲတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရတာက ဆီးရီးယားအစိုးရ၊ ကုလသမ္မဂနဲ့ အာရပ်အဖွဲ့ချုပ် အထူးသံတမန် ကိုဖီအာနန်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုကို ကြာသာပတေးနေ့ကပဲ ရအပြီး နောက်တစ်နေ့မှာပဲ ဖြစ်လာခဲ့ရတာပါ။

ဒီသဘောတူညီချက်အရ အစိုးရတပ်တွေအနေနဲ့ မြို့ပေါ်ကနေ ဆုတ်ခွာပေးဖို့နဲ့ တစ်နှစ်ကြာလာပြီဖြစ်တဲ့ အတိုက်အခံတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပေးဖို့ သဘောတူထားတာ ပါဝင်ပါတယ်။

အခုလို အပစ်အခတ်ရပ်ရေး ပျက်ပြားသွားတဲ့အပေါ် နိုင်ငံတကာမှာလည်း စိုးရိမ်မှုတွေ ကြီးမားစွာ ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံတွေဘက်ကတော့ ရုရှားကကန့်ကွက်နေတဲ့ကြားကပဲ ဆီးရီးယားနိုင်ငံထဲ လေ့လာအကဲခတ်သူတွေ စေလွှတ်နိုင်ဖို့ ကုလသမ္မဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဒီသီတင်းပတ်ကုန်အတွင်းမှာပဲ ကြိုးပမ်းနေကြပါတယ်။

XS
SM
MD
LG