သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ကြောင်းပြန်လှည့်ရင် အမေရိကန် အရေးယူမှုတွေ ပြန်လုပ်နိုင်


အမေရိကန် ပြည်ထောင်စုအနေနဲ့ ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ဖြစ်ထွန်းတိုးတက်မှု တချက်ခြင်းအပေါ်မှာ လုပ်ရပ်တခုချင်းအလိုက် တုံ့ပြန်ကိုင်တွယ်နေတယ် လို့ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။ ဒီလိုဖြစ်ထွန်းမှုတွေ နောက်ကြောင်းပြန်လှည့်သွားရင်လည်း၊ အရေးယူမှု လျှော့ပေါ့ထားတာတွေ ချက်ခြင်းဆိုသလို ပြန်လည်တင်းကျပ်နိုင်တဲ့ အနေအထားမှာ အသင့်ရှိနေတယ်လို့လည်း ပြောပါတယ်။ အခုအခြေအနေအရတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာလူထုအပေါ် အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်တော့မယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။

မနေ့က ပြုလုပ်တဲ့ အမေရိကန်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ မြန်မာ့အရေး ကြားနာမှုမှာ အမေရိကန်ပြည်ထောင်စု အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ပြီး လက်ရှိ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေ မျှော်မှန်းထားချက်တွေကို လွှတ်တော်တာဝန်ရှိသူတွေကို ရှင်းပြသွားတာပါ။ အထူးသဖြင့် မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဘယ်လို ရှေ့ဆက်ဆောင်ရွက်သွားမလဲ ဆိုတာနဲ့ပတ်သက်လို့ အထက် လွှတ်တော်ကနေ အမေရိကန် အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကို ခေါ်ယူ ကြားနာ စစ်ဆေးမေးမြန်းတဲ့ပွဲဖြစ်ပါတယ်။ လက်ရှိ အစိုးရပိုင်းအနေနဲ့ကတော့ ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ဖြစ်ထွန်းမှုတွေအပေါ် တဆင့်ပြီးတဆင့် အရေးယူမှုတွေ လျှော့ချသွားပြီး၊ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်ကောင်းလာရေး ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အာရှပစိဖိတ်ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ယွန်းက ပြောသွားပါတယ်။

“ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာနိုင်ငံအပြောင်းအလဲတွေအပေါ်မှာ အခိုင်အမာအခြေအနေတွေနဲ့ ကျနော်တို့ တုံ့ပြန် ဆက်ဆံခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကုန်ပိုင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ ကို ထောက်ခံကြောင်းနဲ့ လုပ်ရပ်တခုချင်းအပေါ်မှာ မဟာဗျူဟာကျကျ တုံ့ပြန်သွားမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ချပြခဲ့ပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံထဲ ကျန်ခဲ့တဲ့ အမေရိကန်စစ်သည် ရုပ်အလောင်း ရှာဖွေမှုတွေ ပြန်လုပ်ခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေရဲ့ လေ့လာအကဲဖြတ်အဖွဲ့တွေ မြန်မာနိုင်ငံသွားရောက်မယ့်ကိစ္စ ထောက်ခံသွားမယ်ဆိုတာ ကတိပြုခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော် ပြန်လွတ်လာတဲ့ နောက်ပိုင်းမှာတော့ နှစ်နိုင်ငံ သံအမတ်ကြီးအဆင့် ပြန်ထားမယ်လို့ ကျနော်တို့ ကြေညာခဲ့ပါတယ်။”

“ကြားဖြတ် ရွေးကောက်ပွဲအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ဧပြီ ၄ ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က နောက်ထပ် ခြေလှမ်း အဆင့်တွေကို ကြေညာပါတယ်။ ဒီအထဲ မြန်မာနိုင်ငံမှာ USAID ရုံးပြန်ထားမယ်ဆိုတာနဲ့၊ UNDP ရဲ့ ပုံမှန် အစီအစဉ်လုပ်ငန်းတွေကို ထောက်ခံသွားမယ်ဆိုတာ ပါဝင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ချဖို့ ပြင်ဆင်ဆောင်ရွက်နေပေမယ့် လူပုဂ္ဂိုလ်အချို့နဲ့ လုပ်ငန်းအဖွဲ့အချို့အပေါ် ပစ်မှတ်ထား အရေးယူမှုတွေကိုတော့ ဆက်ထားမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့နဲ့ လွှတ်တော်အတွင်းက ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကိုတော့ တဦးချင်းအလိုက် အရေးယူမှုတွေကို ပြန်လည် လျှော့ပေးထားပါတယ်။ ဒါပေမယ့်လည်း အလှည့်အပြောင်းတခုခုမှာ တင်းနိုင်လျှော့နိုင်တဲ့ လုပ်ပိုင်ခွင့်တော့ အမေရိကန် အစိုးရပိုင်းက တာဝန်ယူထားတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားရေးမှူး Adam Szubin က ပြောပါတယ်။

“ရင်းနှီးမြုပ်နှံမှုနဲ့ ငွေကြေး ဝန်ဆောင်မှုဆိုင်ရာနဲ့ပတ်သက်ပြီးတော့ နောက်ထပ်အဆင့်တွေ လှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ပြောထားသလို ဒီခြေလှမ်းတွေဟာ အရေးယူမှုအားလုံးကို ရုပ်သိမ်းလိုက်တဲ့သဘော မဟုတ်ပါဘူး။ အရင်စစ်အစိုးရရဲ့ အပေါင်းအသင်း နီးစပ်သူတွေနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား အရေးယူထားမှုအချို့ ဆက်ထားရှိမှာပါ။ အရေးယူ ဒဏ်ခတ်တဲ့ ဥပဒေရဲ့ လုပ်ငန်းသဘော ဘောင်ကို ပြုသာပြင်သာအောင်လည်း လုပ်ထားပါတယ်။ မြန်မာနိုင်ငံက တိုးတက်ဖြစ်ထွန်းမှုတွေ နောက်ပြန်လှည့်ပြီဆိုတာနဲ့ ကျနော်တို့မှာ အခုလို လျှော့ပေးထားတာတွေကို ပြန်လည် အရေးယူနိုင်တဲ့ လုပ်ပိုင်ခွင့်လည်း ရှိထားပါတယ်။”

အခုလိုအရေးယူမှုတွေ လျှော့ပေးတာဟာ မြန်မာလူထုနဲ့ မြန်မာခေါင်းဆောင်ပိုင်းထဲက ပြုပြင်ပြောင်းလဲရေးအင်အားစုတွေကို အားပေး အကူအညီပေးနိုင်ဖို့ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ အခု အခြေအနေမှာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာကူညီရေးအဖွဲ့ USAID အနေနဲ့ မြန်မာပြည်သူလူထုအတွက် ထိထိရောက်ရောက် တိုက်ရိုက် ကူညီ ဆောင်ရွက်ပေးနိုင်မယ့် အနေအထားရှိလာတယ်လို့ USAID ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး သံအမတ်ကြီး Nisha Biswal က ပြောပါတယ်။

“မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ကို အခုနှစ် နှောင်းပိုင်းမှာ ခန့်ထားဖို့ရှိသလို လာမယ့် နွေကျရင်တော့ လုပ်ငန်းအစီအစဉ်တွေအားလုံး ပြန်စဖို့ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကို တိုက်ရိုက် အကူအညီပေးနိုင်မယ့် အခြေအနေတွေ ရှိလာတော့မှာပါ။ မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို တိုက်ရိုက် ထောက်ပံ့ကူညီနိုင် မှာပါ။ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေကို အကူအညီ ပေးနိုင်မှာပါ။

လူနည်းစု တိုင်းရင်းသားတွေအပါအဝင် လိုအပ်ချက်တွေရှိနေတဲ့ အစုအဖွဲ့တွေကို ဆက်ပြီး ကူညီသွားနိုင်မှာပါ။ အစိုးရအဖွဲ့တွင်းနဲ့ အစိုးရအပြင်ဘက်က ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ အစုအဖွဲ့တွေကို ထိစပ်ကူညီသွားနိုင်မှာပါ။ အထူးသဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် စွမ်းဆောင်ရည်တွေ မြင့်တက်လာဖို့ အားဖြည့် ကူညီသွားနိုင်မှာပါ။ အခြားအလှုရှင် အသိုင်းအဝိုင်းတွေနဲ့လည်း ထိထိရောက်ရောက် ဆက်စပ်လုပ်ကိုင်သွားနိုင်မှာပါ။ အရေးကြီးဆုံးကတော့ အခုဖြစ်ထွန်းလာတဲ့ အခြေအနေသစ်အပေါ်မှာ မူတည်ပြီးတော့၊ ဒီအကူအညီလုပ်ငန်းတွေကို ကျမတို့ ပိုပြီးတော့ ကြီးကြပ်ကွပ်ကဲခွင့် ရရှိလာမှာဖြစ်ပါတယ်။”

အခု အထက်လွှတ်တော် ကြားနာစစ်ဆေးမှုကို ဦးဆောင်ပြုလုပ်သူကတော့ အထက် လွှတ်တော် နိုင်ငံခြားဆက်ဆံရေး အာရှပစိဖိတ်ဒေသဆပ်ကော်မတီဥက္ကဋ္ဌ ဂျင်ဝက် ဖြစ်ပါတယ်။ မကြာခင်ကပဲ သူဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး၊ မြန်မာ အာဏာပိုင်တွေ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ခဲ့တာပါ။ သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ လိုလားသူလို့ အများက သိကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲကို နောက်ခံ မတူတဲ့ ခေါင်းဆောင်နှစ်ဦးက အဓိက မောင်းနှင်နေတယ်လို့ သူက ပြောသွားပါတယ်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းဖို့ ခေါင်းဆောင်နှစ်ဦး ကနေ ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့နှစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နောက်ခံသမိုင်းကြောင်း အတွေ့အကြုံမတူ ကြပါဘူး။ နောက်ခံတွေ မတူညီကြပေမယ့် ဒီခေါင်းဆောင်နှစ်ဦးစလုံးဟာ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အတူတကွ ဆောင်ရွက်နေကြပါတယ်။ သူတို့နှစ်ဦးစလုံးရဲ့ တိုင်းပြည် အတွက် ပေးဆပ်မှုနဲ့ ရဲစွမ်းသတ္တိတွေကို ကျနော် လေးစားပါတယ်။”

မြန်မာ့အရေး အခုလို လွှတ်တော်ကြားနားမှုတွေဟာ အမေရိကန် လွှတ်တော်နှစ်ရပ် အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဘယ်လို ဆက်ပြီး ကိုင်တွယ်မလဲ ဆိုတာ အဖြေထုတ်နိုင်အောင် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကို အများပြည်သူရှေ့ မေးမြန်းကြားနာတဲ့ပွဲဖြစ်ပါတယ်။

ဒီ အရေးယူမှုတွေကို အမေရိကန်လွှတ်တော် နှစ်ရပ်ကနေ ဥပဒေအဖြစ် အတည်ပြု ပြဌာန်း ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအားဖြင့် အမေရိကန်အစိုးရပိုင်းကနေ လွှတ်တော်နဲ့ ညှိနှိုင်းပြီးတော့ မြန်မာနိုင်ငံ တိုးတက်မှုအနေအထားမှာ အဲဒီ ဥပဒေပြဌာန်းချက်တွေကို တချက်ခြင်း ယာယီလျှော့ပေါ့ ဆိုင်းငံ့ပေးနေတဲ့ သဘောဖြစ်ပါတယ်။

XS
SM
MD
LG