သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချားစ်တေလာ အပြစ်ရှိကြောင်းဆုံးဖြတ်မှု အမေရိကန်ကြိုဆို


Sierra Leone ဆိုင်ရာနိုင်ငံတကာခုံရုံးကနေ Liberia သမ္မတဟောင်း Charles Taylor ကို စစ်ရာဇဝတ်မှုနဲ့ လူမဆန်စွာကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်ဆေးချက်တွေအရ အပြစ်ရှိကြောင်း အမိန့်ချလိုက်တဲ့ အတွက် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ Sierra Leone နိုင်ငံ Freetown မှာ ၁၉၉၈ နဲ့ ၁၉၉၉ အတွင်း လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့ကြတဲ့ သူပုန်တွေ ကို Charles Taylor က ပံ့ပိုးပေးခဲ့ကြောင်း Netherlands နိုင်ငံ၊ The Hague မြို့ရှိ နိုင်ငံတကာအထူးခုံရုံးကနေ စစ်ဆေး တွေ့ရှိ ရတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရသူ Victoria Nuland ပြောဆို လိုက်တာပါ။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း Liberia သမ္မတဟောင်း Charles Taylor ကိုအခုလို အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချတာကို ကြိုဆိုလိုက်ကြပြီး နိုင်ငံတကာတရားရေး စံနစ်နဲ့ Sierra Leone ပြည်သူတွေအတွက် သမိုင်းမှတ်တိုင် ဖြစ်ပါတယ်လို့ ပြောဆိုလိုက်ကြပါတယ်။ Amnesty International နဲ့ Human Rights Watch လူ့အခွင့်အရေး အဖွဲ့တွေ ကလည်း Charles Taylor ကို အပြစ်ပေးလိုက်တာဟာ ရာဇဝတ်မှုတွေ ကျူးလွန်နေ ကြတဲ့ လက်ရှိ ဘယ်အာဏာရှင်ကိုမဆို ဥပဒေအရအရေးယူလို့ရတယ်ဆိုတဲ့ အမှာစကား ပါးလိုက်တာ ပဲ ဖြစ်ပါတယ်လို့ ပြောဆိုလိုက်ကြပါတယ်။

၁၉၄၆ ခုနှစ်က နာဇီခေါင်းဆောင်ဟစ်တလာ သေဆုံးပြီး ဂျာမဏီနိုင်ငံကို ခေတ္တ အုပ်ချုပ်ခဲ့တဲ့ Karl Doenitz ကို Nuremburg ခုံရုံးက အပြစ်ပေးပြီးနောက်ပိုင်း Chrales Taylor ဟာ နိုင်ငံတကာခုံရုံးက ပထမဆုံး အပြစ်ပေးခံရတဲ့ နိုင်ငံ့ခေါင်းဆောင်တဦးဖြစ်ပါတယ်။ Charles Tayolr အတွက် ပြစ်ဒဏ်ကို မေလ ၁၀ ရက်နေ့ မှာကြေညာမှာဖြစ်တယ်လို့ နိုင်ငံတကာအထူးခုံရုံး တရားသူကြီး Lussick ကပြောပါတယ်။ Charles Taylor ကတော့ သူ့မှာအပြစ်မရှိကြောင်းနဲ့ အယူခံဝင်မယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG