စစ်မှန်တဲ့ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထု အကျိုးအတွက် အလျှော့အတင်း လုပ်ပေးကြ စမြဲ ဖြစ်တယ် လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki Moon က ပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံကို ၃ ရက် ခရီး လာခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံအပြီးမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း အလျှော့ အတင်း လုပ်တယ်ဆိုတာဟာ NLD အတွက် အသစ်အဆန်း မဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၃ နှစ်လုံး အလျှော့ အတင်း လုပ်လာခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်းကို မစုမြတ်မွန်က ပြောပြမှာပါ။
မြန်မာနိုင်ငံ နိုင်ငံရေး အပြောင်းအလဲကို ကိုယ်တိုင်လာရောက် အကဲခတ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့ပြီး နောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပေမဲ့ ရှေ့ဆက် အပြောင်းအလဲတွေ လုပ်သွားဖို့ လိုအပ်တဲ့ အကြောင်း ကို အတွင်းရေးမှုးချုပ် Ban Ki Moon က ပြောကြားခဲ့ပါတယ်၊
"လုပ်ငန်းစဉ်တွေက ခက်ခဲနိုင်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန် မလှည့်ဘဲ ရှေ့ဆက် သွားသင့်ပါတယ်။ ရှေ့ဆက်ပြီး ဖွံ့ဖြိုး တိုးတက်ရေး နဲ့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေမှာ ပါဝင်ချင်စိတ် ရှိသူ တွေကို ကျနော်တို့က ကူညီ အားပေးသွားမှာ ဖြစ်ပါတယ်"
လက်ရှိ မြန်မာ့နိုင်ငံရေး ဒီအခြေအနေရောက်ဖို့ သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည် ပါ တော်တော်လေး လုပ်ခဲ့ကြရပြီး နောက်ထပ် တိုးတက်မှုတွေ ဖြစ်အောင် လုပ်သွားမယ်လို့ သူ့အနေနဲ့ ယုံကြည် လက်ခံတယ် ဆိုတာကိုလည်း Mr. Ban Ki Moon က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်၊ ကျမ်းသစ္စာ ကျိန်ဆိုရာမှာ အသုံးအနှုန်းကို လက်မခံနိုင်ပေမဲ့ ပြည်သူတွေ အကျိုးအတွက် အလျှော့ပေးပြီး NLD က လွှတ်တော် တက်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့တာကိုလည်း ခုလို ချီးကျူးပါတယ်၊
"ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချခဲ့ရမယ်ဆိုတာကို နားလည်ပါတယ်၊ နိုင်ငံရေးသမားတွေ ဆိုတာ တချို့ ကိစ္စတွေ အပေါ်မှာ သဘောထားအမြင် မတူတာမျိုး ရှိတတ်ကြပါတယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခေါင်းဆောင် တွေဟာ တိုင်းပြည်နဲ့ လူထု အကျိုးအတွက် အလျှော့အတင်း လုပ်ပေး ကြစမြဲဖြစ် ပါတယ်၊ ဒေါ်အောင်ဆန်း စုကြည် ဒီလို ဆုံးဖြတ်ချက် ချတဲ့အတွက် လေးစားပါ တယ်၊ ဒေါ်အောင်ဆန်း စုကြည် ဟာ လွှတ်တော် အမတ် တယောက် အနေနဲ့ မြန်မာနိုင်ငံအတွက် ထိရောက်နဲ့ အပြုသဘော ဆောင်ရွက်မှုတွေကို လုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည် ကတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ညင်သာပျော့ပြောင်းမှုရှိရမယ်လို့ NLD က အမြဲ လက်ခံထားတယ် လို့ ပြောပါတယ်၊
"နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်တဲ့အခါမှာ ပြုနိုင် ပြင်နိုင်ရမယ်ဆိုတာကို ကျွန်မတို့က အမြဲ လက်ခံ ထား ပါတယ်၊ အခု လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာလို့ ပျော့ပြောင်း ညင်သာဖို့ လိုပြီလို့ သဘောထား တာ မဟုတ်ပါဘူး၊ ကျွန်မတို့ နိုင်ငံရေးအရ ရုန်းကန်ခဲ့တဲ့ ကာလ တလျှောက်လုံးမှာ ဒီအချက် ကို လက်ခံ ယုံကြည်ခဲ့ကြတာပါ၊ ကျွန်မတို့ ရည်မှန်းချက်တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရနိုင်ဖို့ ကလည်း ဒီတနည်းနဲ့ပဲ ရနိုင်မှာပါ၊ ဒါကြောင့် လွှတ်တော် တက်တော့မှာမို့ ပြုနိုင် ပြင်နိုင်တဲ့ထုံးကို လက်ကိုင် ထား လိုက်တယ် လို့ ပြောလို့ မရပါဘူး၊ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်ကာလ တလျှောက်လုံးမှာ ဒီထုံးကို ကျွန်မ တို့ရဲ့ နိုင်ငံရေး နည်းနာတခု အဖြစ်နဲ့ သုံးလာခဲ့တာဖြစ်ပါတယ်"
ရှေ့လာမယ့် လတွေ နှစ်တွေမှာ နိုင်ငံရေးသမားတွေ ဆုံးဖြတ်မယ့် ဆုံးဖြတ်ချက်တွေဟာ နောင် မျိုးဆက်ပေါင်း များစွာရဲ့ အနာဂတ်ကို ပုံဖော်မှာဖြစ်လို့ အင်မတန် အရေးကြီးတဲ့ ကာလကို နိုင်ငံရေး သမားတွေ ဖြတ်သန်း ရမှာဖြစ်တယ်၊ ရဲ့ရင့် ပြတ်သားမှု၊ ခေါင်းဆောင်မှု၊ အပေးအယူ လုပ်မှုတွေ လိုအပ်တယ် ဆိုတာကိုလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အလေးထား ပြောသွားခဲ့ပါတယ်၊ ဒီမိုကရေစီ လမ်းကိုလျှောက်နေတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဆက်လက် အားပေးသွားမယ်လို့ ဆိုပါတယ်၊
"မြန်မာပြည်သူတွေနဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်နေကြပါပြီ၊ အားလုံး ပါဝင်ခွင့် ရှိတဲ့ ဒီမိုကရေစီကိုလဲမြတ်နိုးကြပါတယ်၊ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံး ရဲ့ ထောက်ခံ အားပေးမှုကို ရသင့်ပါတယ်၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေနဲ့ ခြေလှမ်းတိုင်းမှာ အတူလက်တွဲပြီး တတ်နိုင်သမျှ ဆက်ပြီး ရပ်တည်သွားမှာဖြစ်ပါတယ်"
ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ပိုပြီး ပေးလာနေ ကြပါတယ်၊ ဒီအကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိဖို့ လိုတယ်ဆိုတာ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခုလို ပြောခဲ့ပါတယ်၊
"မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအတွက် အကူအညီပဲပေးပေး၊ လူသားချင်းစာနာမှုအတွက် အကူအညီ ပဲ ပေးပေး၊ ပြည်သူတွေရဲ့ လုပ်နိုင် ကိုင်နိုင်တဲ့ အစွမ်းအစတွေ တိုးတက်ရေး၊ အစိုးရအပေါ် မှီခိုမှု နည်းသွား နိုင်ရေးတွေမှာ ဒီထောက်ပံ့မှုတွေကို သုံးသင့်ပါတယ်၊ ဒါမှသာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက် မှုတွေဟာ လမ်းမှန်ပေါ် ရောက်ဖို့ အာမခံနိုင်မှာပါ၊ ခုလို ကျွန်မရဲ့ စိုးရိမ်မှုကိုလည်း အတွင်းရေးမှူးချုပ် နားလည်မယ်လို့ ထင်ပါတယ်"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ပထမဆုံး အကြိမ် လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့ပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ တာ ဖြစ်ပါတယ်။