သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြိုးဝေအောင်ကို သေဒဏ်ချမှတ်


လူ အနည်းဆုံး ၁၀ဦးသေဆုံးပြီးတော့ လူ ၁၆၀ကျေုာ် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန် ကန်တော်ကြီးအနီး x2o ရေကစားမဏ္ဍပ်မှာ ဧပြီလ ၁၅ရက် သင်္ကြန် အကြတ်နေ့က ဗုံးပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်တွင်း ရန်ကုန် မြောက်ပိုင်း ခရိုင် အထူးတရားရုံးကနေ ဒီကနေ့ သေဒဏ် ချမှတ် ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် သူ့ရှေ့နေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဘယ်လို တုံ့ပြန်ခဲ့ပါသလဲ။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ က ပြောပြပါမယ်။

××××××

နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ခုနှစ် ဧပြီလမှာ ဖမ်ဆီး ခံခဲ့ ရပြီး သူ့ကို ၂နှစ်ကျော်ကြာ စစ်ဆေးနေရာကနေ မေလ ၈ရက်နေ့မှာ အင်းစိန် ထောင်တွင်းမှာ ဖွင့်ထားတဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံး ကနေ သေဒဏ်ချမှတ်ခံခဲ့ရတာပါ။

သ့ူအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေကြီး ဦးကျော်ဟိုး ပြောပြ တာက

“ အမှုလေးခုမှာ ပထမ တမှုမှာ ပုဒ်မ ၃ခုနဲ့ စွဲချက်တင်ထားတယ်။ အဲဒီထဲမှာ ပထမ ပုဒ်မ ၃၀၂-၁(ခ) က ကြိုတင်ကြံစည်မှုနဲ့ သတ်တာကို အားပေးတယ် ဆိုပြီးတော့ သေဒဏ်ပေးထားတယ်။ ဒုတိယပုဒ်မ ၃၂၆/၁၂၄ ဆိုတာက ထိခိုက်နာကျင်စေအောင် ပြုလုပ်တာကို အားပေးတယ်ဆိုပြီးတော့ ထောင် ဒဏ် ၁၀နှစ်၊ တတိယပုဒ်မက ၃၂၄/၁၂၄ဆိုပြီး သာမန် နာကျင်စေမှု ပေါ့၊ သာမန်နာကျင်စေမှုကို ကျူးလွန်တယ်ဆိုပြီးတော့ အဲဒါနဲ့ ထောင်ဒဏ် ၃နှစ်။ အဲဒါက ပထမအမှုအတွက် ပြစ်ဒဏ် ၃ခုပေါ့။ နောက်တမှုက ဖောက်ခွဲပုဒ်မ ၃/၆ က ဖောက်ခွဲမှုကို အားပေးကူညီတယ်ဆိုပြီးတော့ ထောင်ဒဏ်က တသက် တကျွန်းပေါ့။ နောက်တမှုမှာ မတရားအသင်း ဆက်သွယ်တယ် ဆိုပြီး ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် နှစ် ၃၀၊ နောက်တမှုက နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်ပြီးတော့ လူဝင်မှု ကြီးကြပ်ရေးရဲ့ အရေးပေါ် ကန့်သတ်ချက်အရ ထောင်ဒဏ် ၃ နှစ်၊ ဒီ လေးမှုကို တပေါင်းတည်းချတယ်။ သေဒဏ်ချလိုက်တယ်”

ကိုဖြိုေဝေအောင်ကို ညှင်းပမ်းနှိပ်စက်ပြီး ဖြောင့်ချက်ပေးခိုင်းခဲ့တာကြောင့် ဥပဒေနဲ့ မညီသလို ေသေဒဏ်စီရင်မူဟာ တရားမျှတမူမရှိဘူး လို့လည်း ရှေ့နေဖြစ်သူက ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်ပတ်က ကျနော်တို့ဘက်က အပြီးသတ်လျှောက်လဲချက် ပေးတဲ့ အချိန်မှာ ဒီအမှုက မမှန်ဘူး။ ညှင်းပမ်းနှိပ်စက်လို့ ဖြောင့်ချက်ပေးခိုင်းလို့ ပေးရတဲ့အမှုပေါ့။ အဲဒါကြောင့် လွှတ်ပေးပါလို့ ကျနော်တို့က အချက်အလက် တွေ အများကြီး တင်ပြခဲ့ပါတယ်။ အဲဒီတုန်းက တဘက်က ဥပဒေအရာရှိက ကျနော်တို့ တင်ပြတဲ့ အချက်အလက်တွေကို ဘာမှလည်း မချေပနိုင်ဘူး။ ချေလည်း မချေပဘူး။ လျှောက်လဲချက်ကို စာနဲ့ ရေးတင်တယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့ တင်ပြခဲ့တဲ့အပေါ်မှာ တရားရုံးက လက်ခံတဲ့ သဘော ပေါ့။ ဒါနဲ့ ပတ်သက်လို့ အယူခံ ထပ်တက်ဖို့ပဲ ကျနော်တို့က စီစဉ်ရမှာပေါ့”

ကိုဖြိုးဝေအောင်ကို သေဒဏ်ချမှတ်ခြင်းမှာ ပြင်းထန်လွန်းကြောင်း သူ ပြန်လည် လွတ်မြောက်လာရေးအတွက် ကြိုးပမ်းတဲ့အခါမှာ နိုင်ငံရေး အခြေအနေပေါ် မူတည်နေတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်ကလည်း ပြောပါတယ်။

“သေဒဏ်ချတယ်ဆိုတာဟာ တကယ်ကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပါ။ တကယ် တမ်းကျတော့ သူက မျှတတဲ့ တရားစီရင်မှုကို မရဘူး။ ဖမ်းဆီးပြီးပြီးချင်းမှာ လည်း လူမဆန်စွာ နှိပ်စက်ခံရတယ်။ ခုက ကျန်းမာရေးလည်း မကောင်းဘူး။ ကျန်းမာရေး သေချာ စောင့်ရှောက်ပေးတာလည်း မရှိဘူး။ ဒါဟာ မျှတတဲ့ တရားစီရင်မှုကို မရဘူးလို့ပဲ ကျနော်တို့ ပြောရမှာပါ။ ကိုဖြိုးဝေအောင် ကိစ္စ တင် မကပါဘူး၊ တခြား နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စတွေကိုလည်း လွတ်မြောက်ဖို့အတွက် နိုင်ငံတကာကိုလည်း ကျနော်တို့ တိုက်တွန်းနေတာ ရှိပါတယ်။ နောက် ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နဲ့ တခြား နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေကလည်း နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေးကိစ္စ ဆက်ကြိုးစားဖို့ ရှိပါတယ်။ သူတို့ကို ဖမ်းတယ်ဆိုတာက နိုင်ငံရေးအရ ဖမ်းတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအခြေနေပေါ် မူတည်ပြီးတော့ အပြီးသတ်မှာတော့ ပြန်လွတ်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”

အာရှ လူအခွင့်ရေးကော်မရှင်ကလည်း နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင် အမှုနဲ့ ပတ်သက်ပြီး တရားစီရင်မှုဟာ မျှတတဲ့စီရင်မူ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ကိုဖြိုးဝေအောင်ဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတဦးဖြစ်ပြီး နိုင်ငံရေး ထဲမှာ ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်သူ တဦးလည်း မဟုတ်ခဲ့ပါဘူး။ အခင်း ဖြစ်ပွားချိန်မှာလည်း သူဟာ သူရဲ့ အလုပ်ခွင်ထဲမှာပဲ ရှိနေပြီး ဒီပေါက်ကွဲမှုဟာ သူနဲ့ မပတ်သက်တဲ့အကြောင်း ငြင်းဆိုထားပါတယ်။

အခုလက်ရှိမှာတောာ့ အသည်းရောဂါဝေဒနာ ခံစားနေရပြီး အပြင်ကို ထုတ်ပြီး ဆေးကုသခွင့် မရသေးဘူးလို့လည်း မိသားစုက ပြောပါတယ်။

XS
SM
MD
LG