သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှုဆိုင်းငံ့တာ ဆီနိတ်တာတွေ ကြိုဆို


အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို အိုဘားမားအစိုးရက ယာယီရုပ်သိမ်းခဲ့သလို ၂၂ နှစ်အတွင်းမှာ အမေရိကန် သံအမတ်တယောက်ကို ပထမဆုံးခန့်ထားဖို့အတွက်လည်း အဆိုပြုလိုက်တဲ့အပေါ်မှာ အမေရိကန်မှာ သြဇာကြီးတဲ့ လွှတ်တော်အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒါပေမယ့် တားဆီးပိတ်ပင်မှုတွေကို လုံးဝရုပ်သိမ်းဖို့တော့ မဟုတ်သေးဘူးဆိုတာကိုလည်း အလေးအနက် ထောက်ပြ လိုက်ကြပါတယ်။ အခုလို အမေရိကန်အမတ်ကြီးတွေရဲ့တုံ့ပြန်ချက်တွေကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အထက်လွှတ်တော်မှာ သြဇာတိက္ကမ ကြီးမားလှတဲ့ ရီပတ်ဘလီကင်ပါတီ အမတ်တွေရဲ့ခေါင်းဆောင် မစ္စတာ မစ်ချ် မက်ကောနယ်လ်နဲ့ ဂျွန်မက်ကိန်းတို့က ဆိုရင် သူတို့ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ရော အမေရိကန်ဝန်ကြီးနဲ့ပါ စကားပြောခဲ့တယ်၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် ဘာလုပ်ရမလဲ ဆိုတာကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို တားဆီးပိတ်ပင်မှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာရော၊ သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ ရွေးချယ်ဆုံးဖြတ်လိုက်တာကိုရော သူတို့ ကြိုဆိုကြပါတယ်။ ဒီကြေညာချက်ဟာ မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲနေခြင်းကို အားပေးမှုနဲ့ ဒါတွေကို ဆက်လက်ပြီးတော့ ပြုပြင်သွားဖို့ ဖိအားပေးခြင်း နှစ်ခုလုံးကို အညီအမျှ ညှိပြီး လုပ်ထားရာ ရောက်တယ်လို့ သူတို့ထောက်ပြကြပါတယ်။ ဒါပေမယ့် ဒါဟာ ဖိအားပေးမှုတွေကို လုံးဝရုပ်သိမ်းလိုက်တာ မဟုတ်ဘူး ဆိုတဲ့ အချက်ဟာ အရေးကြီးတယ်လို့လည်း အခိုင်အမာကို ပြောထားကြတာပါ။

အခုလို ရပ်ဆိုင်းလိုက်တာဟာ အခြေအနေအရ သူတို့အသုံးအနှုန်းနဲ့ ပြောရရင် conditional suspension ဖြစ်တယ်လို့ ဆိုပါတယ်။ အခြေအနေ မကောင်းရင် မကောင်းသလို ပြန်ပြင်နိုင် တယ်၊ ပြန်လှည့်နိုင်တယ်ဆိုတဲ့သဘောကို သူတို့ အလေးအနက်ပြောကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်စ် လွှတ်တော်က ပြဌာန်းထားတဲ့ဥပဒေတွေကလည်း ဆက်လက်ပြီးတော့ အသက်ဝင်နေမှာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

တချိန်တည်းမှာပဲ Targeted sanction လို့ခေါ်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်မှုတွေကို ဆက်လက်ထားမယ်၊ ဆက်လက်လုပ်သွားမယ် ဆိုတာကိုလည်း ထောက်ခံတယ်လို့ သူတို့ ပြောကြပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာသွားပြီးလုပ်မယ့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း အများပြည်သူအတွက်၊ လွတ်လပ်တဲ့စီးပွားရေးအတွက် အကျိုးဖြစ်ထွန်းစေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ် ရမယ်၊ ပွင့်လင်း မြင်သာတဲ့ စီးပွားရေးပေါ်ထွန်းဖို့ အားပေးရမယ်ဆိုတာကိုလည်း သူတို့ ထောက်ပြပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက် လို့လည်းပဲ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံရဲ့ စစ်ရေး ဆက်ဆံမှုကို လုံးဝရပ်ဆိုင်းဖို့ကို ဆက်လက် ဖိအားပေးသွားမယ်လို့လည်း အထက်လွှတ်တော် အမတ်ကြီး နှစ်ဦးတို့က ပြောကြားထားကြပါတယ်။

နောက်အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဂျင်ဝဘ်ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သံအမတ် ခန့်အပ်တာ၊ တားဆီးအရေးယူမှုတွေကို ရပ်ဆိုင်းဖို့ ကြေညာလိုက်တာတွေကို ကြိုဆိုတယ်လို့ သူက ပြောပါတယ်။ ဒီလို လုပ်ဆောင်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ပိုမိုပွင့်လင်းတဲ့ နိုင်ငံဖြစ်လာပြီး အထီးတဲ့ဘဝက လွတ်မြောက်လာမယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဝင်ဆန့်လာလိမ့်မယ် လို့ မျှော်လင့်တယ်ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG