ရခိုင်ပြည်နယ်က စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပေါ် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့ အတွက် အမေရိကန်ပြည်ထောင်စုက မြန်မာအာဏာပို်င်တွေကို တိုက်တွန်းပါတယ်။ ဒါ့အပြင် လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်စေရေး ထိန်းထိန်း သိမ်းသိမ်းလုပ်ကိုင်ကြဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစုအဖွဲ့အားလုံးကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအပေါ်မှာ အပြန်အလှန် မကျေမနပ်ဖြစ် ပြီး နောက်ထပ် မငြိမ်သက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မကင်းရှိတာကြောင့် အခြေအနေတွေအပေါ်မှာ နားလည်မှုရှိရှိနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း သွားတာပါ။ မတူကွဲပြားတဲ့အမြင်တွေ၊ နောက်ခံတွေအပေါ်မှာ နားလည်သည်းခံပြီး ငြိမ်းချမ်းတဲ့ လူ့ အဖွဲ့အစည်းဖြစ်ဖို့ မြန်မာလူမျိုးတွေ ကိုယ်တိုင် အားလုံး ပါဝင်ဆောင် ရွက်ကြရမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှ ပစိဖိတ်ရေးရာ ပြောခွင့်ရသူ Darragh Paradiso က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“အပြန်အလှန်နားလည်သည်းခံမှုရှိတဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ လူ့အခွင့်အရေးတွေကို လေးစားတဲ့ လူ့အဖွဲ့အစည်း၊ တရားဥပဒေစိုမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အစိုးရနဲ့အတူ နောက်ခံပေါင်းစုံ အလွှာပေါင်း စုံက မြန်မာလူမျိုးတွေအားလုံး ပါဝင်ဆောင်ရွက်ကြရမယ်ဆိုတဲ့ အချက်ကို အလေးအနက် ထားရမယ်လို့ ထင်ရပါတယ်။”
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအတွင်း အသက်ဆုံးရှုံးသူတွေအတွက်လည်း ဝမ်းနည်းကြေကွဲမိတယ်လို့လည်း ပြောပါတယ်။
“မူစလင်ဘုရားဖူး ၁၀ ဦးကို လူအုပ်က သတ်ဖြတ်တယ်ဆိုတဲ့ ဒီသတင်းအပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရပါတယ်။ နယ်စပ်ဘက်မှာ ဇွန်လ ၃ ရက်နေ့က ဘတ်စ်ကားပေါ်မှာ ပါလာတဲ့ အဲဒီ မူစလင်တွေကို အသက်ဆုံးရှုံးတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်ဆိုတဲ့ သတင်းကြားရတာ တကယ်တော့ အကြမ်းဖက်မှုပါပဲ။ ဒီ အသက်ဆုံးရှုံးရသူတွေအတွက် ဝမ်းနည်းကြေကွဲရပါတယ်။”
ဒီလို အကြမ်းဖက်ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ကိုလည်း Darragh Paradiso က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းသွားပါတယ်။
“ဒီ အကြမ်းဖက်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။ ဥပဒေစိုမိုးရေး အတွက် ဒီအဖြစ်အပျက်သတင်းကို စုံစမ်း စစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အစုအဖွဲ့အားလုံးအနေနဲ့လည်း ထိန်းထိန်းသိမ်းလုပ်ကြဖို့၊ အကြမ်းဖက်မှုတွေမလုပ်ဖို့၊ ဘာသာရေးလွတ်လပ်ခွင့်ကိုလေးစားပြီး ခွဲခြားဆက်ဆံမှုတွေမလုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။”
ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လူများစုက လူနည်းစုကို နားလည်ဂရုဏာထားနိုင်ကြဖို့နဲ့၊ ပြဿနာ ပိုပြီး ကြီးထွားမလာအောင် ဂရုစိုက်ကြဖို့ တိုက်တွန်းသွားပါတယ်။
“ကျမအမြဲပြောတယ်။ လူများစုဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီလို ကျမပြောတာကို တချို့က ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမဲ့ ကြိုက်တာမကြိုက်တာ ထက် ပြောသင့်တာကိုတော့ ကျမ ပြောရမှာပဲ။ လူများစုဆိုတာဟာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့အများစုအင်အားက ရှိပြီးသားမို့လို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်။ ပိုပြီးတော့ ဂရုဏာတရား ထားနိုင်ရမယ်။ အဲဒီတော့ ကျမတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သားအားလုံး တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေး ချမ်းချမ်း နေတာကို ကျမမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွားသွားအောင်လို့ လုပ်နေတာမျိုးတော့ ကျမတို့ သတိပြုပြီးတော့ ရှောင်ကျဉ်စေချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကပဲ မူစလင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြဿနာတွေ ကို အေးအေးချမ်းချမ်းဖြေရှင်းနိုင်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ရခိုင်တောင်ကုတ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ အစိုးရသတင်းစာပါ အသုံးအနှုန်းကို မကျေနပ်လို့ ရန်ကုန် မူစလင်အချို့ တနေ့က ဆန္ဒပြတာ ရှိခဲ့ပေမဲ့ မနေ့ကတော့ အခြေအနေတွေအားလုံး ငြိမ်ငြိမ်သက်သက်ရှိခဲ့ပါတယ်။
ဒီ အဖြစ်အပျက်တွေကြောင့် လူမျိုးရေးအဓိကရုဏ်းပုံစံ ပြဿနာ မကြီးလာအောင် နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေကတော့ သက်ဆိုင်ရာလူထုကို တိုက်တွန်းတာတွေ လုပ်နေပါတယ်။ အစိုးရကတော့ ရခိုင်ပြည်နယ်တွင်း ၂၀၁၂ မေလနဲ့ ဇွန်လထဲ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေကို စုံစမ်း ဖော်ထုတ်ဖို့၊ ပြည်ထဲရေး ဒုတိယဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ၁၆ ဦးပါ အဲဒီ စုံစမ်း စစ်ဆေးရေးအဖွဲ့ဟာ ဖြစ်ရပ်မှန်ပေါ်ရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ သက်သေခံ ဥပဒေတို့နဲ့အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား နိုင်ငံတော်သမ္မတထံကို တိုက်ရိုက် အစီရင်ခံမယ်လို့ သိရပါတယ်။