သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အခြေအနေငြိမ်သက်


ဒေသခံ ရခိုင်ဒုက္ခသည်များအား ပုဂ္ဂလိကအလှူရှင်များမှ ဆန်အိတ်ငယ်များ ပေးအပ်လှူဒါန်းနေစဉ်။ (ဂျွန် ၁၃ ရက်၊ ၂၀၁၂။)
ဒေသခံ ရခိုင်ဒုက္ခသည်များအား ပုဂ္ဂလိကအလှူရှင်များမှ ဆန်အိတ်ငယ်များ ပေးအပ်လှူဒါန်းနေစဉ်။ (ဂျွန် ၁၃ ရက်၊ ၂၀၁၂။)

အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အစ္စလာမ်ဘာသာဝင်တွေကို စစ်တပ်ဝင်း အပါအဝင် တခြား လုံခြုံတဲ့နေရာတွေဆီ လုံခြုံရေးတပ်ဖွဲ့တွေက ရွှေ့ပြောင်းပေးလိုက်ပြီးတဲ့နောက် အခြေအနေတွေ ငြိမ်သက်နေပါတယ်။ ပဋိပက္ခတွေအတွင်းမှာ ဒုက္ခရောက်သူတွေကိုလည်း တာဝန်ရှိသူတွေအပြင် ပုဂ္ဂလိကအလှူရှင်တွေက အကူအညီပေးနေပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာလည်း ရခိုင်ပြည်နယ်မှာရောက်နေပြီး စစ်တွေမြို့အပါအဝင် အခင်းဖြစ်ခဲ့ဲတဲ့မြို့တွေကို လိုက်လံ လေ့လာကြည့်ရှုနေပါတယ်။
အခုလိုဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေအားလုံးကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်း က တင်ပြပေးထားပါတယ်။

သုံးရက်နီးပါး ရုန်းရင်းဆန်ခတ်အခြေအနေတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီကနေ့တော့ အခြေအနေတွေ ငြိမ်သက် နေတာပါ။ အစ္စလာမ်ဘာသာဝင်တွေကို သူတို့နေထိုင်ရာ နေရာတွေကနေ တခြား ဘေးကင်းတဲ့နေရာတွေဆီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မနေ့ကတည်းကစလို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဒီကနေ့မှာလည်း ဆက်ပြီး ရွှေ့ပြောင်းပေးနေတာကြောင့် အခုလို အခြေအနေတွေ ငြိမ်သက်သွားတာဖြစ်တယ်လို့ စစ်တွေမြို့ခံ သတင်းထောက်တဦးက ဗွီအိုအေကို ပြောပါတယ်။

“လူထုလုံခြုံရေးအတွက် မနေ့က စစ်တပ်ထဲကို ပြောင်းလိုက်တာပေါ့။ စစ်တွေမြို့ပေါ် နာဇီရပ်ကွက်က အကုန်လုံးကို စစ်တပ်ထဲကို ပြောင်းရွှေ့လိုက်တယ်။ အဲဒီလိုပြောင်းရွှေ့လိုက်တဲ့အတွက် လောလောဆယ် ငြိမ်နေပါတယ်။”

ဒီကနေ့ထုတ် သတင်းစာတွေထဲမှာ အရပ်ဘက်နဲ့ စစ်ဘက် တာဝန်ရှိသူတွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ တသီးပုဂ္ဂလတွေက ရုန်းရင်းဆန်ခတ်ဘေးဒဏ်သင့် ရခိုင်လူထုအတွက် အကူအညီတွေ ပေးနေကြတဲ့သတင်းတွေ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကလည်း
ဒီကနေ့မနက်ပိုင်းက စစ်တွေမြို့မှာ လှူဒါန်းငွေလာပေးသွားတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။

ဒီကနေ့မှာပဲ ဥရောပခရီးစဉ် စတင်ထွက်ခွာသွားပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကူအညီပေး တာနဲ့ ပတ်သက်တဲ့ သူ့ရဲ့သဘောထားကို ခရီးမထွက်ခင်မှာ ပြောသွားတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ ဒီမှာ အလှူရှင်တွေဆီကနေပြီးတော့ အတိဒုက္ခရောက်တဲ့သူတွေကို ကူညီဖို့ပေါ့လေ- အဲဒါကို သူက မှတ်ချက်ပေးပါတယ်။ ကူညီပါ-တဲ့၊ ဒါပေမဲ့ နှစ်ဘက်လုံးပါပစေ-တဲ့။ တဘက်ဘက်ကို ကူညီတယ် ဆိုတာမျိုး မဖြစ်ပါစေနဲ့-တဲ့။ ”

ရခိုင်ပြည်နယ်ထဲမှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူ တွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာမှာ စစ်တွေအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုက ဒေါက်တာထွန်းအောင် နဲ့ သမီးဖြစ်သူတို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခဲ့ပြီး အခုတခါ ဦးကျော်လှအောင်ဆိုသူကို ထပ်ပြီး ဖမ်းထားတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုတာကို ဒေသခံ သတင်းထောက်က ပြောပြပါတယ်။

“သူ့ဆီကနေ စာရွက်စာတမ်းတွေ တွေ့တဲ့အတွက် အမှတ်(၁) ရဲစခန်းကနေ ဖမ်းဆီးပြီး စစ်ဆေးနေတယ် လို့ ပြောပါတယ်။ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်သွယ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အမှတ် (၁) ရဲစခန်းက ဒု-ရဲအုပ်တယောက်ကနေပြီးတော့ ပြောတာ။”


ရခိုင်ပြည်နယ်တွင်း တခြားမြို့တွေမှာလည်း အခြေအနေတွေ ငြိမ်သက်နေပေမဲ့ မြေပုံမြို့မှာတော့ မနေ့ကနဲ့ ဒီကနေ့ မနက်ပိုင်းမှာ အကြမ်းဖက်မယ့်အခြေအနေတချို့ ဖြစ်ခဲ့တာကြောင့် တာဝန်ရှိသူတွေက အချိန်မီ ထိန်းသိမ်းခဲ့ရပါတယ်။ ဒီအခြေအနေကို မြေပုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေကို ရှင်းပြပါတယ်။


“မြေပုံမြို့၊ မြို့ဦးကျောင်းမှာသွားပြီး စုကြတယ်။ လူ ၂၀၀ ကျော်လောက် ရှိမယ်ထင်ပါတယ်။ အဲဒီမှာ တပ်မတော်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက သွားပြီးတော့ အဲဒီအစုအဝေးကို ဖြိုခွဲလိုက်လို့ လူစုကွဲသွားပါတယ်။ နယ်ကတက်လာတဲ့အဖွဲ့တွေကိုလည်း မြို့ပေါ်က သွားတားလိုက်ပါတယ်။ အဲဒါ လောလောဆယ်တော့ ငြိမ်နေတယ်။ နောက် ဘယ်လို ဆက်ဖြစ်လာအုံးမလဲ မပြောတတ်ဘူးခင်ဗျ။”

ရုန်းရင်းဆန်ခတ်ဖြစ်ရတဲ့ အခြေအနေတွေအားလုံးရဲ့ အစပထမ ဖြစ်ရပ်တွေကတော့ ရမ်းဗြဲမြို့နယ်မှာ မသီတာထွေး အသတ်ခံခဲ့ရတဲ့ဖြစ်ရပ် နဲ့ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦး အကြမ်းဖက် အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေပါ။ အဲဒီဖြစ်ရပ်တွေအပေါ် အစိုးရပိုင် သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့တဲ့ ပုံစံတွေကိုလည်း အစ္စလာမ်ဘာသာဝင်တွေက ဘဝင်မကျဖြစ်ခဲ့ကြပါတယ်။


မသီတာထွေး အသတ်ခံရမှုကို ဒီကနေ့ ဆက် ကြားနာစစ်ဆေးနေပြီး သက်သေထွက်ဆိုချက်တွေ ပြီးဆုံးမယ်လို့ ကျောက်ဖြူ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောပါတယ်။

“မနက်ပိုင်းမှာ သက်သေသုံးယောက်စစ်တယ်။ ညနေပိုင်း ၂ ယောက်ကျန်တယ်လို့ပြောတယ်။ ဒီနေ့ ၅ ယောက်လောက် စစ်မှာပေါ့။ သက်သေတွေ စစ်ပြီးရင် ဥပဒေအရာရှိက စွဲချက်တင်ဖို့ လျှောက်လဲချက်ပေးပါလိမ့်မယ်။ ဘယ်နေ့ ချိန်းမလဲတော့ မပြောတတ်ဘူး။ အမှုစစ်ဆေးလို့ပြီးတဲ့အချိန်တော့ ရုံးချိန်းပေးမယ်။”

မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambia) ဟာ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့က ဘာသာရေးခေါင်းဆောင် ၁၅ ဦးတို့နဲ့အတူ စစ်တွေမြို့နဲ့ တခြားမြို့တွေမှာ လှည့်လည် လေ့လာ ကြည့်ရှုနေတယ်လို့ ဒေသခံ သတင်းထောက် ကရော၊ ပြည်တွင်းသတင်းတွေကပါ ပြောကြပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဇွန်လ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် အခြေအနေတွေကြောင့် လူ ၂၁ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရခဲ့ပြီး အိမ်ခြေ ၁၆၆၂ လုံး မီးလောင်ဆုံးရှုံး၊ ဆိုင်ခန်း ၆ ခန်း၊ ဆိုင်ကယ် ၁၈ စီး၊ ထော်လာဂျီ ၃ စီး၊ စက်ဘီး ၉ စီး ပျက်စီးခဲ့တယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG