သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ယူကေ မြန်မာများနဲ့တွေ့ဆုံ


မြန်မာနိုင်ငံမှာမွေးကြတဲ့ မြန်မာလူမျိုးတွေအနေနဲ့ ဘယ်ကိုပဲရောက်ရောက် မြန် မာနိုင်ငံအတွက် တတ်နိုင်တဲ့ ဘက်ကနေ လုပ်ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။ လန်ဒန်မြို့က နာမည်ကျော် တော်ဝင်ပြဇာတ်ရုံဖြစ်တဲ့ Royal Festival Hall မှာ ဒီကနေ့ မြန်မာလူမျိုး ၃ ထောင်လောက် ကို တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြော လိုက်တာ ဖြစ်ပါတယ်။ ရုံးဖွင့်ရက် ဖြစ်ပေမဲ့ လည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့အတွက် ဗြိတိန်အနယ်နယ် အရပ်ရပ်က မြန်မာတွေ သွားခဲ့ကြတဲ့ ပွဲကို ဗွီအိုအေအယ်ဒီတာ ဒေါ်ခင်စိုးဝင်း သွားရောက် သတင်းယူခဲ့ပါတယ်။

ဗြိတိန်နိုင်ငံရောက် မြန်မာမိသားစုအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖျဖျ ကြိုဆိုကြတဲ့ နောက်ဆက်တွဲ အခမ်းအနားအဖြစ်နဲ့ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီစုံ ဒီမိုကရေစီစံနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာလို အရွေးချယ်ခံ၊ အတိုက်အခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Shadow Government လို့ခေါ်တဲ့ အတိုက်အခံ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး အလားအလာနဲ့ပတ်သက်လို့ အခုလို ရှင်းပြသွားပါတယ်။

"'ဒီဟာအထိကိုတော့ အဆင့်ဆင့် တက်သွားရမှာပဲ။ အခုဆိုလို့ရှိရင် သိတဲ့အတိုင်းပဲ။ အန်တီတို့ပါတီက ၄၄ ယောက်ပဲ ရှိတယ်။ ၄၄ ယောက်ဆိုတာဟာ တကယ်တော့ ၆၀၀ ကျော်ထဲမှာဆိုလို့ရှိရင် သိပ်များ တယ်လို့ မဆိုနိုင်ဘူး။ အဲဒီတော့ ဒီ လေးဆယ်နဲ့လေးယောက်ထဲမှာ- အခု ဒီ ဗြိတိန်မှာဆိုလို့ရှိရင် Shadow Government ဆိုတာ အများအားဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပေါ့။ အခု အန်တီတို့ အရွေးချယ်ခံကိုယ်စားလှယ်တွေက အင်မတန်နည်းပါသေးတယ်။ ဒါကတော့ တဆင့်ချင်း လုပ်သွားရမယ့် ကိစ္စပါ။ အဲဒီလိုပဲ ဦးတည်ရမှာပဲ။

ဒီမိုကရေစီ ပြည့်ပြည့်ဝဝရဖို့ဆိုတာဟာ- အတိုက်အခံဆိုတာဟာ အစိုးရဖြစ်နိုင်တဲ့အဖွဲ့အစည်းဆိုတာကို ကျမတို့နိုင်ငံက လက်ခံဖို့လိုတယ်။ အခုအထိတော့ ဒီသဘောတရားကိုတော့ သိပ် နားလည်သေးတယ် လို့တော့ ပြောလို့ မရဘူး။ ဒါပေမဲ့လည်း ဒါ နားလည်အောင်လည်း အန်တီတို့ကလုပ်သွားရင်လည်း ကိုယ့်ဘက်ကနေကိုယ် တည်ဆောက်သွားရမှာပေါ့။"

ပြည်ပရောက်မြန်မာတွေ မြန်မာနိုင်ငံကို ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတပ်တအား ပါဝင်ကြ မယ်ဆိုရင် ကိုယ့်ရဲ့ကျွမ်းကျင်ရာနယ်ပယ်က အဆက်အသွယ်တွေနဲ့ စုံစမ်းမေးမြန်းလေ့လာပြီး လက်တွေ့ ကျကျ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပါဝင်နိုင်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

"ကျမတို့ မြန်မာနိုင်ငံကနေ ထွက်လာကြတဲ့သူတွေ အားလုံးဟာ ကိုယ့်ရဲ့အမိနိုင်ငံကိုတော့ မမေ့ကြပါနဲ့။ လက်တွေ့ကျကျ ဘာမှ မလုပ်ပေးနိုင်ရင်တောင်မှ မေတ္တာနဲ့ ဂရုဏာနဲ့တော့ သတိရကြပါလို့ ကျမ ပြော ချင်ပါတယ်။ နောက်ပြီးတော့ ကိုယ် နေနေတဲ့ နိုင်ငံအပေါ်မှာလည်း ကျေးဇူးသိပါ။ မေတ္တာထားပါ။ ဂုဏ်ယူပါ။"

ဒီလို ပြည်ပရောက် မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ကူညီကြတယ်ဆိုတဲ့နေရာမှာ ကျန်းမာရေးကဏ္ဍက ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကိုသာ စွမ်းရည်မြှင့်တင်ရုံမကဘဲနဲ့ တကယ် အကူအညီပေးရမှာက ပညာရေးလောကက ကျောင်းဆရာ ဆရာမတွေ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောပါတယ်။

"ပညာရေးနဲ့ပတ်သက်လို့ အရေးအကြီးဆုံးဟာ ဆရာဝန်တွေမဟုတ်ဘူး၊ ကျောင်းဆရာ၊ ဆရာမတွေလို့ ကျမ ပြောပါရစေ။ ကျမတို့အနေနဲ့ အရည်အချင်းမီတဲ့ ဆရာ၊ ဆရာမတွေ ဖော်ထုတ်ဖို့၊ အရည်အချင်းမီတဲ့ ဆရာ၊ ဆရာမတွေ သွန်သင်လေ့ကျင့်ပေးဖို့ကို အဓိကထားပြီးလုပ်ဖို့ စီစဉ်ထားပါတယ်လို့ ပြော ပါရစေ၊ ကျေးဇူးတင်ပါတယ်။"

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ဘာသာခြားတွေနဲ့ အေးအတူ၊ ပူအမျှ လိုက်လျှောညီထွေစွာ သဟဇာတ မျှမျှတတနေထိုင်သွားကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းလိုက်ပါတယ်။

"ကိုယ့်ရဲ့လူမျိုးကို တန်ဖိုးထားသလို တခြားဘာသာဝင်တွေကိုလည်း လေးစားရမယ်။ ကျမတို့အနေနဲ့ နားလည်မှုရှိရမယ်။ ကိုယ်နဲ့မတူလို့ မကောင်းဘူးဆိုတဲ့အမြင်ဟာ မမှန်ပါဘူး။ ကျမတို့သဘောထားကြီး ရမယ်။ ဒီကမ္ဘာကြီးမှာ၊ ဒီလောကကြီးမှာနေတဲ့ ပုထုဇဉ်လူသားအားလုံးဟာ ဒုက္ခဆင်းရဲနဲ့ ရင်ဆိုင်နေ ကြပြီးတော့ ရုန်းကန်နေကြရတာချည့်ပါပဲ။ အဲဒီတော့ လူသားချင်းစာနာတဲ့စိတ်နဲ့ တဦးကိုတဦး မြင်စေ ချင်တယ်။ ခွဲခြားဆက်ဆံမှုထက် နှစ်ဦးမကဘူးပေါ့နော်။ ဘာသာဆိုတာ နှစ်မျိုးတည်းရှိတာမှမဟုတ်ဘဲ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကြားထဲမှာ ဘယ်လိုပြေလည်အောင် လုပ်နိုင်မလဲဆိုတဲ့ အတွေးအခေါ်တွေနဲ့ ဆက်ဆံကြပါလို့ တိုက်တွန်းချင်ပါတယ်။"

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရဲ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က BBC ကိုသွားရောက်လေ့လာခဲ့ ပြီးတော့ မြန်မာပိုင်းအစီအစဉ်က ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့တာမို့လို့ အမေရိကန်ပြည်ထောင်စုကို အလည် လာခဲ့မယ်ဆိုရင်လည်း ဗွီအိုအေ အမေရိကန်အသံကိုရော အလည်လာဖို့ရှိပါသလားဆိုတဲ့ မေးခွန်း ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေဆိုပါတယ်ရှင်။

"အမေရိကန်ပြည်ထောင်စုကို လာတဲ့အခါကျရင် ဗွီအိုအေကို လာမလားဆိုတာ နှစ်ခုပေါ်မှာ တည်ပါတယ်။ တခုကတော့ ဗွီအိုအေက ဖိတ်သလား၊ မဖိတ်သလားဆိုတာအပေါ်မှာတည်တယ်။ တခုက ပိုပြီးအရေးကြီး တာက အိမ်ရှင်နိုင်ငံရဲ့အစီအစဉ်ပေါ်မှာလည်း တည်ပါတယ်။ ကျမက ဒီနိုင်ငံရဲ့ဧည့်သည်အနေနဲ့ လာတာ ဆိုတော့ အဲဒီနိုင်ငံမှာကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းပြီးတော့မှ အစီအစဉ်တွေလုပ်ရပါတယ်။"

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာမိသားစုနဲ့တွေ့ဆုံပွဲကို လန်ဒန်မြို့ တောင်ဘက် Royal Festival Hall လို့ခေါ်တဲ့ တော်ဝင်ပြဇာတ်ရုံခန်းမကြီးမှာ ဇွန်လ ၂၂ ရက်နေ့၊ သောကြာနေ့က ကျင်းပခဲ့ပြီး ပရိတ်သတ် ၃ ထောင်ကျော် တက်ရောက်ခဲ့ကြ တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG