သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံအမတ်နေရာအတွက် အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ


မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်လာပြီဆိုပေမယ့် စိုးရိမ်ရဆဲ အခြေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အဆိုပြု ခံထားရတဲ့ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell က သူ့ကို သံအမတ်ကြီးအဖြစ် အဆိုပြုတာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကောက်မတီ ရှေ့မှောက်ကြားနာပွဲမှာ မနေ့က ပြော ဆိုပါတယ်။ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အမေရိကန်ပြည်ထောင် စုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ဖို့ သူ့အနေနဲ့ အားပေးလုပ်ဆောင်သွားမယ်လို့ ပြောပါ တယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ထိတွေ့ဆက်ဆံရေးမူဝါဒတွေဟာ အကျိုးဖြစ်ထွန်းပြီး ဒီ ထက်ပို ရှေ့ဆက် လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အဆိုပြုခံထားရတဲ့ မစ္စတာ Derek Mitchell က အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာ ပြောဆိုသွားပါတယ်။

“ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာအစိုးရဘက်က ပြောင်းလဲလာတဲ့ ခြေလှမ်းတွေ တော်တော်များများကို တွေ့နေရပါတယ်။ အမေရိကန် ပြည်ထောင်စုဘက်ကလည်း လှုပ်ရှားမှုတခုချင်းဆီပေါ် တုံ့ပြန်သွားမယ်ဆိုတဲ့အတိုင်း ဆက်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ကျနော်တို့ဘက်က ဆောင်ရွက်ချက်တွေဟာ မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်စေရေးနဲ့ စနစ်အတွင်းက ပြုပြင်ပြောင်းလဲရေးကို လိုလားသူတွေ၊ ပြုပြင် ပြောင်းလဲမှုတွေကို အားကောင်းလာအောင် ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာပါ။ ဒီ ထိတွေ့ဆက်ဆံရေးကို ဆက်လက်ပြီး တိုးချဲ့ ဆောင်ရွက်သင့် ပါတယ်။

“ပြီးခဲ့တဲ့နှစ်အတွင်း အထူးခြားဆုံး ဖြစ်ပေါ်တိုးတက်မှုတခုကို ပြောရရင် သဘာပတိကြီးပြောတဲ့ အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ အကြား လက်တွဲဆောင်ရွက်ဖို့ ပြင်ဆင်လာနိုင် တာကို ပြရပါလိမ့်မယ်။ သမ္မတဦးသိန်းစိန်ဟာ ထူးခြားတဲ့ ဦးစီး ဦးဆောင် တယောက် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ထူးခြာပြောင်မြောက်တဲ့ အမြော်အမြင်နဲ့ ဦးဆောင်မှုကို ကျနော်တို့ ဘယ်လိုမှ အသိအမှတ်ပြုဖို့ မပျက်ကွက်သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ သမ္မတဦးသိန်းစိန်၊ သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ဆောင်ချက်တွေဟာ သန်းနဲ့ချီတဲ့ မြန်မာပြည် သူတွေ နှစ်ပေါင်းများစွာ ပေးဆပ် အနစ်နာခံမျှော်မှန်းခဲ့တဲ့ မျှော်မှန်းချက်တွကို ထင်ဟပ်နေပါတယ်။”

ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ပြော သလို နောက်ကြေင်း ပြန်လှည့်မသွားနိုင်တဲ့ အခြေအနေမျိုး မဟုတ်တဲ့အတွက် ရှေ့မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိမယ်ဆိုတာကို သတိရဖို့လည်း မစ္စတာ Derek Mitchell က ပြောဆိုသွားပါတယ်။ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲဖြစ်သလို လွတ်မြောက်လာသူတွေအပေါ်မှာလည်း ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တဲ့ အကြောင်း၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ လူမျိုးစုဒေသ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေရှိတဲ့ အကြောင်း ပြောဆိုသွားတာပါ။ သူသံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခွင့်ရတဲ့အခါ မြန်မာနဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးအခြေနေအပေါ် စိုးရိမ်မှုတွေကို အလေးပေးပြောဆိုမယ်လို့ ဆိုပါတယ်။

“မကြာသေးခင်က ရခိုင်ဒေသအတွင်း အုပ်စုဂိုဏ်းဂဏတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ တာကိုကြည့်ရင် မြန်မာနိုင်ငံမှာ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်ဖို့ ရာစုနှစ် မဟုတ်ရင် ဆယ်စုနှစ်ချီ အမြစ်တွယ်ခဲ့တဲ့ ကွဲလွဲချက်တွေကို ပြေလည်အောင် ဖြေ ရှင်းဖို့ လိုနေတယ်ဆိုတာကို ပြသနေပါတယ်။

“မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေး ဆက်ဆံမှုတွေ ထင်သာမြင်သာမရှိတဲ့အပေါ် စိုးရိမ်တယ် ဆိုတာကို ကျနော်တို့ ဘက်က လူသိရှင်ကြားရော၊ သီးခြားတွေ့ဆုံပွဲတွေမှာပါ အမြဲတစေ ပြောဆိုခဲ့ပါတယ်။ တိတိကျကျအနေနဲ့ မြန်မာအစိုးရဘက်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ လက်နက် မပြန့်ပွားရေး နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာဖို့ ပြောဆိုခဲ့တာပါ။ သံအမတ်ကြီးအဖြစ် အတည်ပြုချက်ရပြီးရင် မြန်မာအစိုးရနဲ့ ပြောဆိုဆွေးနွေးမှုတွေမှာ ဒီကိစ္စကို အဓိက ဦးစားပေးအဖြစ် ကျနော် ဆွေးနွေးပြောဆိုမှာပါ။ မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ လျို့ဝှက်ဆက်ဆံမှုတွေ ရှိတယ်ဆိုပြီး ကျနော်တို့ဘက်က မကြေမနတ်ဖြစ်နေသမျှ၊ ဒီဆက်ဆံမှုကို ချက်ချင်း အပြီးသတ် အဆုံးမသတ်မချင်း မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အပြည့်အ၀ ပုံမှန်ဖြစ်မှာ မဟုတ်ဘူးဆိုတာ ကျနော် ရှင်းရှင်း လင်းလင်း ပြောဆိုမှာပါ။”

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါဝင် စစ်မှန်တဲ့ အပြောင်းအလဲတွေ မဖြစ်မနေဆောင်ရွက်ဖို့ သံန္နိဋ္ဌာန် ခိုင်မာတဲ့သူတွေ အများအပြားရှိနေပြီး မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အခွင့်အလမ်းတွေ မြင်တွေ့နေရပြီဆိုပြီး Mr. Derek Mitchell က ပြောသွားပါတယ်။

“သမ္မတအနေနဲ့ရော သူနဲ့လုပ်ဖော်ကိုင်ဘက် ဝန်ကြီးဌာနအရာရှိတွေက အပြောင်းအလဲတွေအတွက် တကယ်ပဲ သံန္နိဋ္ဌာန်ခိုင်မာတဲ့ သူတွေပါ။ သူတို့မှာ ရှေ့ကို တိုးတက်တဲ့ အစီအစဉ်တွေ ချထားပါတယ်။ ဒီ ခေါင်းဆောင်တွေ ဘယ်လောက်ကြာကြာ ဆက်ပြီး ဦးဆောင်နိုင်မလဲ၊ မျှော်မှန်းချက်တွေကပဲ သိပ်ကို မြင့်နေသလား၊ စိန်ခေါ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာ ကျနော်တို့ အတိအကျ မသိပါဘူး။ ဒါပေမယ့် ကျနော်အပါအဝင် အမေရိကန် အစိုးရအရာရှိတွေဘက်ကတော့ မြန်မာပြည်ရဲ့ အခြေအနေဟာ အခွင့်အလမ်းတွေ ရလာနေပြီ၊ တံခါးတွေ ပွင့်လာနေတဲ့ အနေအထားလို့ မြင်ပါတယ်။”

အမေရိကန် အထက်လွှတ်တော နိုင်ငံခြားဆက်ဆံရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာ ဗာဂျီးနီးယား ပြည် နယ်၊ အထက်လွှတ်တော်အမတ် Jim Webb က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တာပါ။ သူက အမေရိကန် စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေကို အဓိက ဆွေးနွေးပြောဆိုသွားခဲ့ပါယ်။

“ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးစနစ် ဟာ စိန်ခေါ်အကဲစမ်းမှုတွေ အများအပြား ရှိနေဆဲပါ။ ဒါပေမယ့်လည်း အပြု သဘောဆောင်တဲ့ လုပ်ရပ်တွေ အတွက် အပြန်အလှန် တုံ့ပြန်အချက်ပြဖို့ တောင်းဆိုမှုတွေ ရှိနေတာပါ။ ကျနော်တို့အနေနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေနဲ့ လူတဦးချင်းစီရဲ့ အခွင့်အရေးဆိုတာတွေကို ဘေးဖယ် မထားသင့်ပါဘူး။ ဒီလို အချက်တွေကို မြန်မာနိုင်ငံအပါအဝင် ဘယ်နိုင်ငံတွေနဲ့ ပဲ ထိတွေ့ဆက်ဆံပါစေ၊ ကျနော်တို့အနေနဲ့ အဓိကဦးစားပေးအဖြစ် ထားသင့်ပါတယ်။ ရရှိလာတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ရေရှည် တည်တံ့ဖို့အတွက် ဆိုရင် စီးပွားရေး ဖွံ့ဖြိုးလာအောင် ကျနော်တို့ဘက်က တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုပါတယ်။”

ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်နေသူတွေကို ပံ့ပိုးပေးတာ၊ မြန်မာပြည်သူတွေကို ကူညီပေးတာတွေနဲ့ အပြောင်းအလဲတွေကို စနစ်တကျ ဒီမိုကရေစီအခြေခံပေါ်မှာ ခိုင်မာအောင် ထေက်ပံ့ပေးတာတွေ လုပ်ကိုင်ဖို့ လိုမယ်လို့ မစ္စတာ ဒဲရစ်မစ်ချဲက ပြောဆိုသွားပါတယ်။

XS
SM
MD
LG