ဒီတစ်ခေါက်ပြန်လည်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေအနေနဲ့ ဒေသတွင်း ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ထူးထူးခြားခြား အဆိုတင်သွင်း တင်ပြမှုရှိနေတယ်လို့ သိရပါတယ်။ ကျန်းမာရေးကြောင့် အနားယူ သွားပြီဖြစ်တဲ့ ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦးရဲ့ ရာထူးနေရာ အစားထိုးခန့်အပ်ဖို့ကိစ္စနဲ့ ပတ် သက်ပြီးလည်း လွှတ်တော်တွင်း ကြိုတင် ခန့်မှန်းချက်တွေရှိနေပါတယ်။ ဒီအကြောင်းကို နေပြည်တော် မှာကျင်းပတဲ့ လွှတ်တော်ကို တက်ရောက်နေတဲ့ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို မဆုမွန်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဒီလ ဇူလိုင်လ ၄ ရက်နေ့ကစပြီး ကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေးတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်တွေရဲ့တင်ပြချက်တွေက ဒီ တကြိမ် မှာတော့ ထူးခြားမှုရှိတယ်လို့ တက်ရောက်လာတဲ့ အခြားလွှတ်တော်အမတ်တွေကပြောပါတယ်။ အစည်း အဝေးတွေထဲက တိုင်းပြည်ရဲ့ကဏ္ဍ အသီးသီးနဲ့ နယ်ပယ်အသီးသီးက စံချိန်စံညွန်းဥပဒေတွေ သတ် မှတ်ပေးရေး အဆို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မှုကြမ်းတွေနဲ့ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီ ရင်ရေးစတဲ့ ဥပဒေမှုကြမ်းတွေအပါအဝင် ပြည်သူလူထု ကျမ်းမာရေး၊ ပညာရေး၊ တောင်သူ လယ် သမားရေး၊ အလုပ်သမားရေးနဲ့ ပတ်သက်တဲ့ အဆိုပြုမှုတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တွေက အများစု တင်သွင်းကြပါတယ်။
ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအမတ်တွေရဲ့ ထူးခြားတဲ့ အဆိုတင်သွင်းမှုကို မန္တလေးတိုင်း၊ တိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က အခုလို သုံးသပ်ပါတယ်။
“အရင်လွှတ်တော်တွေတုန်းက မပြီးပြတ်သေးတဲ့အဆိုတွေ တင်တယ်၊ ဆွေးနွေးတယ်၊ အဆိုသစ်တွေ တင် သွင်းတယ်။ များသောအားဖြင့် ကြံ့ခိုင်ရေးအမတ်တွေက တင်တာပေါ့။ ထင်တာက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးသွားတဲ့ အခါကျတော့ ပြည်သူလူထု အကျိုးကို လျစ်လျူရှုတယ်ဆိုပြီး အမြင်မှန်ရ သလားတော့ မသိဘူး။ လွှတ်တော်ထဲမှာ ထူးခြားတာကတော့ သူတို့တင်တဲ့ အဆိုတွေက ပြည်သူလူထု ဘက်က နစ်နာတဲ့ဟာတွေကို စုစည်းတင်ပြနေတာဟာ တချို့ အန်ကယ်လ်တို့ တင်ပြမယ့်ဟာတွေတောင် တင်လို့မရတော့ဘူး။ သူတို့က ဦးသွားပြီ။”
စတုတ္ထအကြိမ် ပြည်သူ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာ နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦး ရာထူးက နုတ်ထွက်သွားတဲ့ အကြောင်း ပြည်ထောင်စုလွှတ်တော်က ပြည်သူ့ လွှတ်တော် နာယက ဦးခင်အောင်မြင့်က သမ္မတဦးသိန်းစိန် ပေးပို့တဲ့သဝဏ်လွှာနဲ့ အတည်ပြုကြေငြာ ခဲ့ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေ အရ လစ်လပ်သွားတဲ့ ဒုတိယသမ္မတသစ်ရာထူးကို တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့တွေ က ပြန်လည်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
လတ်တလောမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးဦးဌေးဦး၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လိူင် စတဲ့သူတွေကို ကြိုတင် ခန့်မှန်းနေကြ ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ နောက်တက်လာမယ့် ဒုသမ္မတသစ်အနေနဲ့ ဒီမို ကရေစီ အသွင် ကူးပြောင်းရေးမှာ သမ္မတဦးသိန်းစိန် ချမှတ်မယ့် ပြုပြင်ပြောင်းလဲရေး မူဝါဒတွေနဲ့အတူ လက် တွဲဆောင်ရွက်နိုင်မယ့် သဘောထား ပျော့ပြောင်းသူကို တက်လာစေချင်တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကပြောပါတယ်။
ဒုသမ္မတသစ် ရွေးချယ်မှုနဲ့ပတ်သက်ပြီးလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က ဒေါက်တာအေးမောင်က သမ္မတသစ်ရဲ့ဘေးနားမှာရှိမယ့် ဒုတိယသမ္မသစ်နှစ်ဦးဟာ အတွဲညီဖို့ လိုတယ် လို့ သူ့အမြင်ကို အခုလိုသုံးသပ်ပါတယ်။
“ဒုတိယသမ္မတနှစ်ပါးဆိုတာ သမ္မတကြီးရဲ့ ဘယ် ညာ လက်ရုံးတွေပါပဲ။ ဆိုတော့ အတွဲညီဖို့လိုတယ်။ သမ္မတကြီးသွားမယ့် လမ်းကြောင်း အတူလိုက်ပါနိုင်မယ့် ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်။ အဲ့လိုပဲ၊ အဲဒီ့ ပုဂ္ဂိုလ်တွေဟာ တပ်မတော်သားအစုအဖွဲ့က ရွေးချယ်တာမို့လို့ တပ်မတော်သားတွေအားလုံးရဲ့ ကိုယ်စား လည်း ပြောနိုင် ဆိုနိုင် လေးစားအပ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုသလို လုံခြုံရေးတာဝန်ကို ယူထားတဲ့ တပ်မတော်ဖြစ်လို့ ကျနော်တို့ ပြည်သူပြည်သားတွေက နည်းလည်သဘောပေါက်ပြီး လိုလားတဲ့ ပုဂ္ဂိုလ်ဆိုရင် ပိုကောင်းမယ်လို့ ကျနော်ထင်တယ်။”
တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ လာမယ့်ဇူလိုင်လ ၁၂ ရက်နေ့ မတိုင်ခင် ဒုသမ္မတသစ်ရဲ့ အမည်စာရင်းကို တင်သွင်းရမှာဖြစ်ပြီး တင်သွင်းလာတဲ့အထဲက မဲအများဆုံးရတဲ့သူကို လွှတ်တော်က အတည်ပြုရ မှာဖြစ်ပါတယ်။ လွှတ်တော်တွင်းမှာ ဝန်ကြီးအဆင့် အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ အပေါ်ကိုလည်း ဒေါက်တာအေးမောင်က သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ဒုတိယအဆင့်ရောက် ရှိနေတဲ့နေရာမှာ မသွားချင်တဲ့သူတွေ ထားခဲ့ရမယ် ဆိုတဲ့ မိန့်ခွန်းပေါ်အခြေခံပြီး အခုလိုသုံးသပ်ပါတယ်။
“လာမယ့်ကိုးရက်နေ့မှာ ကျနော်တို့ကြားနေရတဲ့သတင်း Cabinet အပြောင်းအလဲလုပ်မယ်ဆိုလည်း ဝမ်းသာပါတယ်။ လာမယ့်အစိုးရအဖွဲ့ဟာ အားလုံးပါဝင်တဲ့အစိုးရအဖွဲ့ဖြစ်ရင် သိပ်ကောင်းမှာပဲဗျာ။ နိုင်ငံရေးပြောင်းလဲ ရင် စီးပွားရေး ပြောင်းလဲဖို့လိုမယ်။ အကုန်လုံးပေါ့ အစိုးရအဖွဲ့၊ နောက် လွှတ်တော်၊ ပြည်သူ၊ နိုင်ငံတကာ ညီညွတ်နေမယ်ဆိုရင် ကျနော်တို့ အမြန်ဆုံး လိုချင်တဲ့လမ်းကို ရောက် မှာပေါ့။”
လွှတ်တော်တွင်းအစည်းအဝေးပွဲတွေမှာ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ဒေသတွင်း လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးဖို့ရှိတယ်လို့လည်း ရခိုင်လွှတ်တော်ကိုယ်စားပြု ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။
စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေးတွေပြန်ကျင်းပနေတာ အခုဆိုရင် သုံးရက်မြောက်နေ့ဖြစ်လာ ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့ မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းပြီး ဇူလိုင်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။