သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတသစ်အဖြစ် ဦးမြင့်ဆွေကို အမည်တင်သွင်းမှုအပေါ် တုံ့ပြန်မှု


မြန်မာ့တပ်မတော်မှာ အရေးပါတဲ့ စစ်ရာထူးကြီးတွေကို ထမ်းဆောင်ခဲ့တဲ့၊ လက်ရှိမှာလည်း ရန်ကုန် တိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက်၊ ပြည်ထောင်စုလွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲ့က အမည်စာရင်းတင်သွင်းလိုက်ပြီလို့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဝေလင်းက သတင်းဌာနတွေကို ပြော ပြခဲ့တာကို တွေ့ရှိရပါတယ်။ လာမယ့် ဇူလိုင်လ (၁၂) ရက်နေ့ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်ရဲ့ အစည်းအဝေး ပြန်လည်ကျင်းပတဲ့အခါမှာ ဦးမြင့်ဆွေကို ဒုတိယသမ္မတနေရာအတွက် အမည်စာရင်းတင်သွင်းထားကြောင်း တရားဝင်ကြေညာဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဒုတိယ သမ္မတ ဖြစ်လာဖို့ ရှိနေတဲ့ ဦးမြင့်ဆွေရဲ့ တပ်မတော်အရာရှိ ဘဝဖြတ်သန်း မှု ဖြစ်စဉ်အကျဉ်းကို ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်Network of Democracy and Development (NDD) အဖွဲ့က သုတေသနမှူး ဦးဋ္ဌေးအောင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းတဲ့ အခါမှာ ဦးဋ္ဌေးအောင်က အခုလို စပြီး ဖြေပါတယ်။

ဦးဌေးအောင်။ ။ ဦးမြင့်ဆွေအနေနဲ့က မူလတုန်းကပေါ့ဗျာ သူက DSA အပတ်စဉ် ၁၅ က ဆင်းတဲ့ အရာရှိ ဆိုတဲ့အခါကျတော့ အခုလက်ရှိ စီနီယာကျတဲ့ ခေါင်းဆောင်တယောက်လို့လည်း ပြောလို့ရ တာပေါ့။ နောက် တချက်အနေနဲ့ ပြောမယ်ဆိုရင်လည်းပဲ သူ့အနေနဲ့က နဝတ၊ နအဖ ဥက္ကဋ္ဌလုပ်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်းပဲ သူက အင်မတန်ရင်းနှီးခဲ့တဲ့ အနေအထားတွေ ကျနော်တို့တွေ့ရတာ ရှိတယ်လေ။

ဦးနေဝင်းနဲ့ သူ့ရဲ့မိသားစုကို ဖမ်းဆီး ထိန်းသိမ်းအရေးယူတဲ့အခါမျိုးမှာဖြစ်စေ၊ နောက်တခုက ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖမ်းဆီးအရေးယူတဲ့အခါမှာဖြစ်စေ ဦးမြင့်ဆွေကပဲ တာဝန်ယူပြီးတော့ပဲ ဖမ်းဆီးထိန်းသိမ်း အရေး ယူခဲ့ရတာတွေလည်းတွေ့ရတယ်။ နောက်ပိုင်းကျတော့ သူ့ကို ကကလှမ်းကနေ စရဖ ကို ပြောင်းတဲ့ အခါ မှာလည်း သူက တိုင်းမှူးအဖြစ်နဲ့ စရဖ အရာရှိချုပ်တာဝန်ကိုလည်း သူ ပူးတွဲထမ်းဆောင်ခဲ့ တယ်။ အဲတော့ သူ့ကို ကြည့်မယ်ဆိုလို့ရှိရင် သူ့ကို တပ်မ ၁၁ တပ်မမှူးတို့ ၊ ရန်ကုန်တိုင်းမှူး တို့၊ နောက်ပြီး စရဖ အရာရှိချုပ် တို့ စတဲ့ အရေးကြီးတဲ့ လံခြုံရေးဆိုင်ရာ တာဝန်တွေကို ပေးခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း သူ့အပေါ် မှာပေါ့နော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ အများကြီး အားကိုးယုံကြည်ခဲ့တယ်ဆိုတဲ့ အနေအ ထားတွေ ကျနော်တို့တွေ့ရတာ ရှိတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အရည်အချင်းပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် စရဖ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ ဆိုပြီးတော့ တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းပြီးတော့ ပထမဆုံး စရဖ အရာရှိ ချုပ်ဖြစ်တဲ့အချိန်မှာ ၂၀၀၅ ခုနှစ် မေလမှာ ကုန်တိုက်တွေမှာ ဗုံးတွေပေါက်ကွဲပြီးတော့ လူအတော် များ များ သေဆုံးမှုဖြစ်တဲ့အချိန်မှာ သူ ဒီကိစ္စကို ဘယ်လိုမှ မကိုင်တွယ် မဖြေရှင်းနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းမရှိတဲ့အတွက်ကြောင့် သတင်းရရှိမှု မရှိတဲ့အတွက်ကြောင့် အဲဒါမျိုးတွေလည်း စရဖ အသိုင်းအဝိုင်း ကနေ ကျနော်တို့ ပြန်ကြားရတာ ရှိပါတယ်။ အဲဒီ အချိန်တုန်းက ဒီ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ စရဖရဲ့ အရာရှိချုပ် အနေနဲ့ ဗိုလ်ချုပ်မြင့်ဆွေ ကိုင်တွယ်ခဲ့ပုံကို ဦးဌေးအောင် သိရှိထားသလောက် ပြန် ပြီး ဝေဖန် သုံးသပ်ပေးပါ။

ဦးဌေးအောင်။ ။ သူ တိုင်းမှူးအဖြစ်နဲ့လည်း တာဝန်ယူထားတယ်။ နောက်တခုက ဒီ စရဖ ပေါ့လေ၊ လုံခြုံရေး ဆိုင်ရာတာဝန်ကိုလည်း သူယူထားတဲ့ အနေအထားမှာ ခုနက လူအသေအပျောက် အများဆုံးဖြစ် တဲ့ ဒီရန်ကုန် ကုန်တိုက်ကြီးတွေမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ အနေအထားတွေကို ကြည့်မယ် ဆိုလို့ရှိရင် သူ့မှာ တာဝန်ရှိတယ်ဆိုတာကတော့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် အဲလို တာဝန် ရှိပေမယ့် သူ့ကိုပေါ့လေ နအဖ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ အရေးယူတာ လုံးဝမရှိခဲ့တဲ့ အပြင် သူက နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်နဲ့ ကထစမှူး အဖြစ်နဲ့ပါ သူ တာဝန် တိုးမြှင့်ပေး တာတွေ ကျနော်တို့ တွေ့ရတာ ရှိတယ်လေ။

ရော်နီညိမ်း။ ။ ဟုတ်ကဲ့။ နောက်တခုက သူ ရန်ကုန်တိုင်း စစ်ဌာနချုပ် အပေါ်ကနေ ကွပ်ကဲရတဲ့ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ ၅ ရဲ့ စစ်ဆင်ရေးမှူး ဖြစ်နေတဲ့ အချိန်မှာ ဖြစ်ရပ်ကြီးနှစ် ခုကို သူ ကျော်ဖြတ်ခဲ့ရတယ်။ ပထမ တခုကတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ အရေးတော် ပုံကြီး၊ နောက်တခုကတော့ ၂၀၀၈ ခုနှစ် မေလမှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြီး အဲဒီ နှစ်ခုကိုလည်း သူ ကထစမှူး အနေနဲ့ ကိုင်တွယ်ပုံဟာ တော်တော်လေး ဝေဖန်ခံရတယ်။ နောက်တခါ အခု မကြာသေးခင် ကပေါ့နော်၊ စာနယ်ဇင်းသမားတွေကို ခေါ်ယူပြီး ကြိမ်းမောင်းတဲ့ ကိစ္စလည်း ဖြစ်ပေါ်ခဲ့သေးတယ်။ ဆိုတော့ ဒီ ဒု သမ္မတ တာဝန်ကို ထမ်းဆောင်တဲ့ အခါမှာ အများပြောနေကြသလို သီဟသူရ ဦးတင်အောင်မြင့်ဦး အတိုင်းပဲ သဘောထားတင်းမာတဲ့သူတယောက်ရဲ့ လမ်းကြောင်းပေါ်မှာလျှောက်မယ့် သူမျိုးလား။ တဘက် က ဒေါ်အောင်ဆန်းစုကြည်ကပြောတာတော့ ဒုသမ္မတ ဖြစ်မယ့်လူဟာ တိုင်းပြည် ကောင်းကျိုးကို အတူတ ကွ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူ ဖြစ်သင့်တယ်လို့ သူ့ရဲ့ မျှော်လင့်ချက်ကိုလည်း ပြောထားတယ်။ ဆိုတော့ အဲဒီ နှစ်ခုနဲ့ နှိုင်းယှဉ်ပြီးတော့ပေါ့နော်၊ ဒီ သဘောထားတင်းမာသူ လိုင်းပေါ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်များ လား၊ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တဲ့ ပုဂ္ဂိုလ်မျိုးများ ဖြစ်နေမလား ဦးဌေးအောင် ဘယ်လို မြင်ပါလဲ။

ဦးဌေးအောင်။ ။ ဒုတိယသမ္မတနေရာကို သူ့ကို အစားထိုးလိုက်တယ်ဆိုတာကလည်းပဲ စစ်ဘက် က ရွေးချယ်တယ်ဆိုပေမယ့် ဒီ ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန် လွန် မသွားရလေအောင် ထိန်းချုပ်ဖို့အတွက် အဲလို တင်းမာတဲ့ သဘောထားရှိတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး လို သဘောထားမျိုး ရှိတဲ့လူမျိုးကိုပဲ ရွေးချယ်တာမျိုး ဖြစ်နိုင်တယ်။ နောက်တစ်ခုကလည်း တချိန်တုန်းက လည်းပေါ့ဗျာ သူ့အနေနဲ့ ဒီ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားတယောက်ဆိုတော့ အထက်ကပေးတဲ့အမိန့်ကို သူ့အနေနဲ့ ဦးလည်မသုန် ထမ်းဆောင်ခဲ့ရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူ့ အနေနဲ့ ဦးမြင့်ဆွေလည်းဖြစ်သွားပြီ၊ နောက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်အဖြစ်နဲ့လည်း သူ့အနေနဲ့ အရပ်ဘက်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးပြီးပြီ။ ခေတ်တွေ၊ စနစ်တွေ ပြောင်းပြီဆိုတာ သူတို့ ကိုယ်တိုင်လည်း သူတို့ ကိုယ်တိုင် ပြောင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်လည်း သဘောပေါက်မယ် လို့ ကျနော်ထင်ပါတယ်။ အဲတော့ အခုအခြေအနေမျိုးမှာတော့ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲနေတဲ့လုပ်ငန်းတွေနဲ့ အံဝင်ခွင်ကျဖြစ်သ လို ဒေါ်အောင်ဆန်းစုကြည်တို့လို ဒီမိုကရေစီ အင်အားစုတွေနဲ့လည်းပဲ အံဝင်ခွင်ကျ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အနေအထားမျိုးတော့ ကျနော့် အနေနဲ့ မျှော်လင့်မိပါတယ်။

ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် Network of Democracy and Development (NDD) အဖွဲ့က သုတေသနမှူး ဦးဋ္ဌေးအောင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။



XS
SM
MD
LG