သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ကုန်သွယ်ရေးရုံး ရန်ကုန်မှာ ဖွင့်လှစ်


မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးလိုက်တဲ့ ဗြိတိန်နိုင်ငံက ဒီကနေ့မှာတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုံးတရုံး ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှုတွေနဲ့အတူ ဗြိတိန်၊ မြန်မာ ဆက်ဆံရေး တိုးတက်ဖို့ အတွက်ကိုလည်း ရည်ရွယ်ထားတဲ့ အကြောင်း ၂ နိုင်ငံ တာဝန်ရှိသူတွေကလည်း ပြောဆိုလိုက် ကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ ဗြိတိန်နိုင် ငံက အခုနောက်ဆုံး စီးပွားရေး အချက်အခြာ ရန်ကုန်မြို့မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုံးတရုံး ဖွင့်လှစ်လိုက်တဲ့ အထိ ဖြစ်ပါတယ်။ ကုန်သွယ်ရေးရုံးရဲ့အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Nick Baird ကတော့ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အာရုံစိုက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွား မှာ ဖြစ်တယ် လို့လည်း ရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောလိုက်တာပါ။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းအတွက် အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု မျိုးတွေဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“စွမ်းအင်ကဏ္ဍမှာ ကျနော်တို့ဆီက အကူအညီတွေ ဘယ်လောက် မြန်မြန်ဆန်ဆန် ရနိုင်မလဲ ဆိုတာကို လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက စိတ်ဝင်စားနေပါတယ်။ ကျေးလက်ဒေသတွေ အပါအဝင်၊ မြို့ကြီးတွေ မှာလည်း လျှပ်စစ်မီး ပုံမှန်ရနိုင်မယ့် စွမ်းအင် ထုတ်လုပ်မှုတွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်မယ့် ဒီလို ကျွမ်းကျင်မှုမျိုးတွေကို ကျနော်တို့ဘက်က ပံ့ပိုးပေးနိုင်တယ် ဆိုတာကတော့ ကျနော့်အနေနဲ့ လုံး၀ ရှင်းပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး ဗြိတိန်နိုင်ငံ အပါအဝင် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေက မကြာသေးခင်နှစ်တွေက ထွက်ပေါ်လာတဲ့ အပြောင်းအလဲတွေကြောင့် ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပြီး အပြန်အလှန် ဆက်ဆံရေးတွေကိုလည်း တိုးမြှင့်လာခဲ့တာပါ။ အထူးသဖြင့်ကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အများစု အနိုင်ရခဲ့တဲ့ ဧပြီလ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွေ အပြီးမှာ ဗြိတိန်နဲ့ တခြား ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေက အရေးယူ ထားတာတွေကို ဖယ်ရှားတာ၊ လျှော့ပေါ့တာတွေ လုပ်ခဲ့တာ ဖြစ်ပါ တယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမယ်လို့လည်း မျှော်လင့်နေကြတာပါ။ ဗြိတိန်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခြေခံ လိုအပ်ချက် တခုဖြစ်တဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေ အားကောင်းအောင် ကူညီဖို့ မျှော်လင့် ထားတယ်လို့လည်း ဗြိတိန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရုံးရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Nick Baird ကပြောပါတယ်။

“ဘဏ္ဍာရေး ကဏ္ဍလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာတွေမှာ ပုဂ္ဂလိက လုပ်ငန်းတွေ အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ မရှိပဲနဲ့တော့ စီမံကိန်းတွေလည်း လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း စီးပွားရေး အတွက်သာမကပါဘူး။ လွတ်လပ် ပွင့်လင်းပြီး တာဝန်ခံမှုရှိတဲ့ ပုံစံတွေနဲ့ အတူတကွ ပူးပေါင်း လုပ်ဆောင်တာတွေက ဒီတိုင်းပြည် တည်ငြိမ်ရေး အတွက်လည်း အထောက်အကူ ဖြစ်လာမှာပါ။”

၂ နိုင်ငံ တာဝန်ရှိသူတွေကတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ သာမက လူမှုရေးအရ ဆက်ဆံမှုတွေကိုလည်း တိုးမြှင့်သွားဖို့ ကတိပြု ပြောဆိုနေကြတာပါ။ လန်ဒန်အိုလံပစ် အားကစားပွဲတော် အကြိုအဖြစ် ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခမ်းအနား အတွင်းမှာ ဆိုရင်လည်း ဆက်ဆံရေးတွေ တိုးမြှင့်နိုင်ဖို့ မျှော်လင့် ထားတဲ့အကြောင်း မြန်မာနိုင်ငံ အားကစားနဲ့ ကာယပညာ ဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဦးသောင်း ထိုက်က ပြောသွားပါတယ်။

“လက်ခံကျင်းပပေးနိုင်တဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားများကိုလည်း အားကစားကိုအခြေခံပြီး ယခင်က တည်ဆောက်ထားပြီးဖြစ်တဲ့ ချစ်ကြည်ရင်းနှီးမှု၊ နားလည်လေးစားမှုတွေကို ပိုမိုတိုးတက်မြင့်မားအောင် တည်ဆောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

လူမှုရေးအရ ဆက်ဆံမှုတွေ ကျယ်ပြန့်လာနေတဲ့ အပေါ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn ကလည်း Road to London လို့ အမည်ပေးထားတဲ့ ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောသွားခဲ့တာပါ။ ဗြိတိသျှ ကုန်သွယ်ရေးရုံး ကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူတွေ ဟာ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆု ဆွေးနွေးမှုတွေ လုပ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံလို အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိ ကန် ပြည်ထောင်စုက ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာလည်း ဒီသီတင်းပတ်ကုန် မြန်မာနိုင်ငံ ကို သွားရောက်ဖို့လည်း စီစဉ်ထားတာပါ။ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေ ကို လျှော့ပေါ့ဖို့ အမေရိကန် ပြည်ထောင်စုက မေလထဲမှာပဲ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီအစီအစဉ် တစိတ်တပိုင်း အဖြစ်နဲ့ လုပ်ငန်း လိုင်စင်တွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG