သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှု အမေရိကန် လျှော့ချ


မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ တနှစ်တာအတွင်း သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိ ကန်ပြည်ထောင်စုက လျှော့ချပေးမှာဖြစ်တယ်လို့ မေလတုန်းက ကြေညာ ထားခဲ့တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပြုလုပ်ခွင့်ရှိမယ့် ပြုပြင်ပြောင်းလဲမှုတွေကို သမ္မတ အိုဘားမား အစိုးရ က မနေ့တုန်းက ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေကို အန္တရာယ်ပြုမယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာလည်း အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခွင့် ပြုဖို့ကို သမ္မတအိုဘားမားက အမိန့်သစ် ထုတ်ပြန်လိုက်ပါ တယ်။ ဒီအကြောင်းအသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကြေညာခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ယာယီဆိုင်းငံ့ရေး အစီအစဉ် အသေးစိတ်ကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာပါ။

သမ္မတအိုဘားမားရဲ့ အိမ်ဖြူတော်ကြေညာချက်ထဲမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ တာဝန်သိသိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြ ဖို့ အခုလို ကန့်သတ်ချက်တွေကို လျှော့ချပေးလိုက်တာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ တွေ့မြင်နေရတဲ့ ပြုပြင်ပြောင်း လဲရေးတွေကို အမေရိကန် က အခိုင်အမာ ထောက်ခံကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေအတွက် ချက်ခြင်းလက်ငင်း အသိအမှတ် ပြုမှုဖြစ်တဲ့အပြင် မြန်မာပြည်သူတွေအားလုံးအတွက် သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေ ရစေဖို့အတွက် ဖြစ်တယ်လို့လည်း သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jay Carney က ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အခုလို ယာယီဆိုင်းငံ့ပြီး အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေအတွက် လမ်းခင်းပေးတာဟာ အချိန်စော နေသေးတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဒီလို ဝေဖန် သူတွေ ထောက်ပြထားတဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားဒေသ အတွင်း ဖြစ်ပွားနေတဲ့ပဋိပက္ခ စတာတွေအပြင် အစိုးရရဲ့လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု မရှိသေးဘူး ဆိုတဲ့ အချက်တွေ ကို အမေရိကန်အစိုးရအနေနဲ့ အလေးအနက်ထား သုံးသပ်ပြီး အခုလို အစီအစဉ်တွေ ထုတ်ပြန်ခဲ့တာလို့လည်း Jay Carney က ရှင်းပြပါ တယ်။

“မနေ့က ထုတ်ပြန်လိုက်တဲ့ အစီအစဉ်တွေဟာ အတော် လေးနက်သိမ်မွေ့ပါတယ်။ နဂိုရှိပြီးသား ဒဏ်ခတ် မှုတွေ အချိန်မရွေး ပြန်လုပ်နိုင်တယ်ဆိုတာ ခပ်ရှင်းရှင်းဖေါ်ပြထားသလို မေလတုန်းက ပြောထားခဲ့ သလိုပဲ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ပိုင်လုပ်ငန်းတွေမှာ ရင်းနှီးမြုတ်နှံဖို့ အခု ဥပဒေအရ ခွင့်မပြုပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုတ်နှံမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် ကုမ္မဏီတွေ ဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ကြေညာမှုတွေ လုပ်ပေးရမယ်လို့လည်း စည်းကမ်းသပ်မှတ်ထားပါတယ်” -လို့ Jay Carney က ရှင်းပြသွားတာပါ။

အမေရိကန် စီးပွားရေးလုပ်ငန်းတွေအတွက် အထွေထွေလုပ်ပိုင်ခွင့်လိုင်စင် အမှတ် ၁၆ နဲ့ ၁၇ လို့ အမည် တပ်ပြီး အမေရိကန် ဘဏ္ဏာရေး ဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ မြန်မာနိုင်ငံအပေါ် ဘဏ္ဏာရေးဝန်ဆောင်မှုများ တင်ပို့လုပ်ဆောင်ပေးခွင့်အပြင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ဆောင်ခွင့်လည်း ပါဝင်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုတွေ ရှိစေဖို့အတွက် ဒေါ်လာငါးသိန်းနဲ့အထက် ရင်းနှီးမြျုပ်နှံမှု အသစ် တိုင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို စည်းကမ်းချက်တွေနဲ့အညီ သတင်းပို့ အကြောင်းကြားရမှာဖြစ်သလို အထူးသဖြင့် ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြထားခဲ့ဖူးတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုမှန်သမျှကို ရက်ပေါင်းခြောက်ဆယ် အတွင်း အကြောင်းကြားရမယ်လို့လည်း ဖေါ်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ အင်းဝဘဏ်တို့ကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်လက် လုပ်ဆောင်ထားမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်မှုတို့ကို ထိပါးစေပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ၊ တိုင်းရင်းသားဒေသတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ကို ထိခိုက်စေမယ့် လူပုဂ္ဂိုလ်၊ လက်နက်ကိုင်အဖွဲ့အစည်း စတာတွေကိုလည်း ဆက်လက် ဒဏ်ခတ်ပိတ်ဆို့ ထားမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်နွယ်မှုတွေကို အဆုံးသတ်နိုင်ဖို့လည်း လက်ရှိ ဒဏ်ခတ်မှုတွေ အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG