သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကုန်သွယ်ရေးအဖွဲ့ မြန်မာပြည်လာမည်


US အာဆီယံအဖွဲ့က ဦးဆောင်တဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တချို့ဟာ ရန်ကုန်မြို့ကို ဒီသီတင်း ပတ်ထဲမှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ အစီအစဉ်နဲ့အတူ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပေါ်ဖို့ စိတ်ဝင်တစားတောင်းဆိုနေတဲ့ မြန်မာနိုင်ငံမှာ အဲဒီ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ ရောက်လာမယ့် အပေါ်မှာ ရှုမြင်သုံးသပ်ချက်တချို့ကိုတော့ မမိုးဖြူက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ဝင် စားနေကြချိန်မှာ မကြာခင်က အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု (Sanction) ရဲ့ တချို့ကို ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ အမေရိကန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တချို့ပါတဲ့ အဖွဲ့ကြီးကို ဦးဆောင်ပြီးတော့ ဝါရှင်တန်အခြေစိုက် US ASEAN တချို့က မြန်မာနိုင်ငံက စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေကို လေ့လာနိုင်ဖို့အတွက် မြန်မာနိုင် ငံကို လာကြမယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ထဲမှာ မြန်မာနိုင်ငံက စွမ်းအင်နဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ အလုပ်လုပ်ခဲ့တဲ့ ယူနိုကယ်လ် ရေနံ ကုမ္ပဏီ၊ ရှယ်ဗရွန် ရေနံကုမ္ပဏီ၊ ကာတာပိုလာ စက်မှုပစ္စည်း ကုမ္ပဏီ၊ နောက် မြန်မာနိုင်ငံကို ရောက်နှင့်ပြီး ဖြစ်တဲ့ General Electric –GE ကုမ္ပဏီကြီးတွေ အပါ အဝင် မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားတဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဈေးကွက်ဆိုင်ရာ ကုမ္ပဏီတွေ ပါဖို့ ရှိတယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ရဲ့ အစီအစဉ်အကြမ်းဖျဉ်းနဲ့ပတ်သက်ပြီးတော့ ရန်ကုန်မြို့က စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ လုပ်ငန်းတွေ ဦးဆောင်လုပ်ကိုင်နေသူတွေထဲက တဦးက သူသိသမျှကို အခုလို ပြောပြပါတယ်။

“သူတို့ရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့နဲ့တွေ့ပြီး ဘယ်နေ့ဘယ်အချိန်မှာ ဘာလုပ်ကြ မယ်ပေါ့လေ။ နည်းနည်းပါးပါးညှိကြတာမျိုး ရှိပါမယ်။ အဲဒီအဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (state department ) က လက်ထောက်ဝန်ကြီး ၂ ယောက်က ပါဝင်အားဖြည့်မယ်။ လက်ထောက် ဝန်ကြီးတချို့က အခုလုပ်နေတဲ့ အာဆီယံ ရီဂျင်နယ်ဖိုရမ်လုပ်နေတဲ့ ကမ္ဘောဒီယားက လာကြမယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ၂ ယောက်က နေပြည်တော်ကိုသွားပြီး အစည်းအဝေးလုပ်မယ်။ ဒီ US ASEAN အဖွဲ့နဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေဧည့်ခံပွဲကိုတော့ ၁၄ ရက်နေ့ ညနေမှာ အမေရိကန် သံရုံးကလုပ်ပေးမယ်။ ၁၅ ရက်နေ့ကျရင်တော့ မြန်မာ ရင်နှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့နဲ့တွေ့တဲ့ပွဲကို သူတို့ လုပ်မယ်။ အဲဒီနေ့ တွေမှာ သူတို့ စီးပွားရေးအတွက်ဆွေးနွေးပွဲတွေလုပ်မယ်။ ၁၆ ရက် တနင်္လာနေ့အထိ လုပ်ကြမယ်လို့ ပြောထားတယ်။”

အမေရိကန်နိုင်ငံဘက်က စီးပွားရေးလုပ်ငန်းရှင်တွေလာရောက်ကြတဲ့အပေါ်မှာ မြန်မာ့စီးပွားရေးလုပ်ငန်း ရှင် တချို့ရဲ့အမြင်ကိုတော့ အခုလိုကြားရပါတယ်။

“ဒီလိုအဖွဲ့ တွေလာမယ်ဆိုတော့ ကျနော်တို့က ဝမ်းသာတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံကို လာပြီး စီးပွားရေးကူးသန်းရောင်းဝယ်သူတွေ ပိုများလာမယ်။ အဲဒီလိုဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံ သားတွေအတွက်ကို ကြိုက်တဲ့သူကို ရွေးချယ်ပြီး လုပ်ခွင့် ပိုရလာတာပေါ့။ များများ အခွင့်အရေးရလေ ကျနော်တို့ မြန်မာနိုင်ငံအတွက် ပိုကောင်းတာပေါ့နော်။”

မြန်မာနိုင်ငံမှာ တာဝန်သိတဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ပေါက်လာဖို့ လူမှုအခြေပြု လူ့အဖွဲ့ အစည်းတွေ၊ နိုင်ငံရေးလောက ခေါင်းဆောင်တွေ၊ မြန်မာပြည်သူ အများစုအရးကို မျှော်တွေးကြည့် ရှုကြသူတွေက အခုလို အမေရိကန်က စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်ရောက် လာမယ့် အပေါ်မှာ ဘယ်လို ရှုမြင်ကြမလဲ ဆိုတာကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်က အခုလို ပြောပြပါတယ်။

“အဓိက-ကတော့ဗျာ၊ တိုင်းပြည် စီးပွားရေးနလံထူဖို့ဆိုရင် FDI Foreign Direct Investment တွေ အများကြီး ကျနော်တို့ လိုအပ်ပါတယ်။ နောက်တခု ကကျနော်တို့နိုင်ငံ စီးပွားရေးရဲ့ Balance ကို ထိန်းဖို့ အမေရိကန်ရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ နောက်တခုက ကုမ္ပဏီကျင့်ဝတ္တရားနဲ့ ပတ်သက် ရင် အမေရိကန်ကုမ္ပဏီတွေက နှစ်ပေါင်းများစွာ ဥပဒေနဲ့ အသားတကျလုပ်ကိုင်လာခဲ့တဲ့ ကုမ္ပဏီတွေ ဖြစ်တယ်လို့ မြင်တဲ့အတွက်ကြောင့် ကျနော်တို့ နိုင်ငံသူ နိုင်ငံသားအချို့အတွက် အလုပ် အကိုင် အခွင့်အလမ်းတွေပေါ်လာမယ်။ ဥပဒေအရ တိတိကျကျဆောင်ရွက်မှုနဲ့ အတူ ဥပဒေ ကပြဌာန်းပေးတဲ့ အခွင့်အရေးတွေ၊ အလုပ်သမားတွေရလာလိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်တယ်။ အဲဒီတော့ အမေရိကန်ကုမ္ပဏီတွေ ဝင်ရောက်လာခြင်းကို ယေဘုယျအားဖြင့် ကျနော်တို့ ကြိုဆိုတယ်။”

ဒါပေမဲ့ တဘက်မှာလည်း တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလုပ်ကိုင်မှုတွေနဲ့ပတ်သက်လို့တော့ ၈၈ မျိုးဆက် ခေါင်းဆောင်က အခုလို သူ့အမြင်ကို ဆက်ပြောပြပါတယ်။

“ကျနော်တို့နိုင်ငံမှာရှိတဲ့ ဝန်ထမ်းတွေရဲ့အခြေအနေကို ကြည့်ရတာပေါ့နော်။ ကျနော်တို့လို တတိယ နိင်ငံတွေ၊ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ Corruption ဆိုတာ ရှိနေအုံးမှာပဲ။ ဒါပေမဲ့ ကျနော်တို့က မဖြစ်နိုင်သေးဘူးဆို လက်လွှတ်ထားလို့မရဘဲ စောင့်ကြည့်သွားရမှာပေါ့နော်။ စောင့်ကြည့်တဲ့ အဖွဲ့တွေ ပေါ်လာအောင် အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းမောင်းသန်ဖြစ်လာအောင် နောက်.. မီဒီယာ၊ မီဒီယာပိုင်းဆိုင်ရာတွေက ဒါတွေကို နီးနီး ကပ်ကပ် ကြည့်သွားပြီး လွပ်လွပ်လပ်လပ် ရေးသား ခွင့်ရမယ်ဆိုရင်တော့ တစုံတရာအတိုင်းအတာအထိတော့ လျော့ကျသွားလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။”

US ASEAN အဖွဲ့က ဦးဆောင်တဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေပါဝင်တဲ့အဖွဲ့ဟာ မြန် မာနိုင်ငံကို ၁၃ ရက်နေ့ကနေပြီးတော့ တချို့စတင် ရောက်ရှိကြပြီးတော့ ၁၆ ရက်နေ့ အထိ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ မြန်မာ့စီးပွားရေးလောကမှာ ဦးဆောင်လုပ်ကိုင်နေသူတွေ၊ မြန်မာ့စီးပွားရေးလောက နဲ့ ပတ်သက်တဲ့သူတွေကို တွေ့ဆုံသွားဖို့ ရှိတဲ့အကြောင်းကိုလည်း သိရပါတယ်ရှင်။

XS
SM
MD
LG