သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖောက်တဲ့ ၈ နိုင်ငံထဲမှာ မြန်မာပါဝင်


ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖောက်တဲ့ ၈ နိုင်ငံထဲမှာ မြန်မာပါဝင်
ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖောက်တဲ့ ၈ နိုင်ငံထဲမှာ မြန်မာပါဝင်

ဒီနှစ်အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖေါက်တဲ့ နိုင်ငံစာရင်းမှာ မနှစ်ကလိုပဲ ပါဝင်နေပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၇ခုနှစ် သံဃာ့ အရေးအခင်းနောက်ပိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ပိုမိုဖိနှိပ်လာပြီး ရာနဲ့ချီတဲ့ သံဃာတွေ အကျဉ်းကျခံနေရဆဲ ဖြစ်သလို မူစလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကိုလည်း အခုထိ အသိမှတ်မပြုသေးပဲ ခရစ်ယန်ဘာသာဝင် တိုင်းရင်းသားတွေ အတွက်ဆိုလည်း အခွင့်အရေး ရပိုင်ခွင့် တွေ ဆုံးရှုံးမှု ရှိနေတယ်လို့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို CPC လို့ခေါ်တဲ့ ဘာသာရေး လွတ်လပ်ခွင့် အပြင်းအထန်ချိုးဖေါက်နေတဲ့ နိုင်ငံထဲမှာ ဆက်လက်ထည့်သွင်းထားပြီး ဒီနှစ်အတွက် မြန်မာနိုင်ငံအပါအဝင် စီပီစီ ရှစ်နိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်နေမှု အပြည့်အစုံကို အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပေါ့စ်စနာ(Michael Posner) ကပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အထူးစိတ်ပူဖို့ကောင်းတဲ့ နိုင်ငံအဖြစ် ၈ နိုင်ငံကို သတ်မှတ်ခဲ့ပါတယ်။ ဒီနိုင်ငံတွေကတော့ မြန်မာ၊ တရုတ်၊ အီရစ်ထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်နဲ့ အူဇဘက်ကစ်စတန် နိုင်ငံတွေပါ။ ဒီနိုင်ငံတွေအားလုံးမှာ ဘာသာရေး လွတ်လပ်ခွင့် မရှိတာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သလို ဆိုးဆိုးဝါးဝါးလည်း ချိုးဖေါက်နေတာ တွေ့ရပါတယ်။ ဒီချိုးဖေါက်မှုတွေကို အစီရင်ခံစာမှာ အပြည့်အစုံဖေါ်ပြထားပါတယ်။”

အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပိုင်းလေးပိုင်းခွဲ တင်ပြထားပါတယ်။ နိုင်ငံတွင်း ဒေသအလိုက် ဘာသာရေး ကိုးကွယ်မှုကို ဆန်းစစ်ထားသလို ဗုဒ္ဓဘာသာဝင် ၉၀ ရာခိုင်နှုံးရှိပြီး ခရစ်ယန်နဲ့ မူစလင် ၄ ရာခိုင်နှုန်း စီလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ဘာသာရေးဆိုင်ရာ လေးစားလိုက်နာမှုနဲ့ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးဆိုင်ရာ လေးစား လိုက်နာမှု အခြေနေတွေကိုပါ

ခွဲခြားဖေါ်ပြထားပါတယ်။

“မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင် အခုထိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ထောင်အကျခံနေရတာ တွေ့ရသလို မြန်မာနိုင်ငံက မူစလင် ရိုဟင်ဂျာတွေကိုလည်း အခုထိ အသိမှတ်ပြုတာမျိုး မတွေ့ရသေးပါဘူး။”

မစ္စတာ ပေါ့စ်နာပြောသွားတာပါ။ မြန်မာအစိုးရအနေနဲ့ ဗုဒ္ဓဘာသာကို အထူးဦးစားပေးပြီး အလေးအမြတ်ထားကြောင်း ပြသနေပေမယ့် ၂၀၀၇ခုနှစ် သံဃာ အများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး နယ်ဝေးအကျဉ်းထောင်တွေ ပို့တာရှိသလို အစီရင်ခံစာရေးသားတဲ့ ၂၀၁၀ ဇူလိုင်လ ၁ ရက်ကနေ ဒီဇင်ဘာလကုန် အတွင်း သံဃာအပါး ၂၅၆ ပါး အကျဉ်းထောင်ထဲမှာ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ သံဃာ့ဥသျှောင်မြန်မာ ရဟန်းတော်များအဖွဲ့ အတွင်းရေးမှုး အရှင်ဂုဏိဿရကတော့ လွတ်လပ်စွာကိုးကွယ်မှုကို သင်ပေးတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို အကျဉ်းချထားတာ မသင့်လျှော်ဘူးလို့ မိန့်ပါတယ်။

“မြန်မာစစ်အစိုးရဖမ်းထားတာကတော့ ရာဂဏန်းရှိတယ်ပေါ့ ဘယ်သူ့မှ အဆက်အသွယ်မမှီတဲ့ အတွက် စာရင်းမပြုနိုင် တာတွေလည်း အများကြီးရှိတယ်။ တချို့ဖမ်းထားရင်းနဲ့ ပျံလွန်တော်မူသွားတာတွေလည်း ရှိပါတယ်။ ၂၀၀၇ခုနှစ်က သံဃာတော်တွေက ဦးဆောင်ပြီး မေတ္တာပို့တယ်၊ လမ်းလျှောက်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သံဃာတော်တွေနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ပိတ်တာ၊ ဝါတွင်း ကာလတောင် ကိုယ့်ကျောင်းကိုယ် မပြန်နိုင်ဘူး။ တောက သံဃာ မြို့မတက်နိုင်အောင် မြို့ကသံဃာ တောမပြန်နိုင်အောင် အမျိုးမျိုးဒုက္ခပေးတာရှိတယ်။

ဘာမှ အပစ်မရှိတဲ့ ဆရာတော်တွေ ဦးဂမ္ဘီယအပါအဝင် တခြားဆရာတော်သံဃာတွေကို ဖမ်းထားတာဟာ ဘာသာရေးကို အမျိုးမျိုး ပိတ်ပင် တားဆီးနေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့ ဘာသာ သာသနာထွန်းကားတဲ့ တိုင်းပြည်မှာ ဒီလို ဖြစ်တယ်ဆိုတာ ရှက်ဖို့လည်းကောင်းပါတယ်။ ဒါတွေကိုရပ်တန်းကရပ်ဖို့ တိုက်တွန်းပါတယ်။”

ရခိုင်ပြည်နယ်မှာ အများဆုံးနေထိုင်တဲ့ ရိုဟင်ဂျာ အပါအဝင် မူစလင်တွေ အပြင် ခရစ်ယန်ရော၊ ဗုဒ္ဓဘာသာ သံဃာတွေကိုပါ ဖိနှိပ် ချုပ်ချယ်နေတဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန် အစိုးရရဲ့ အခု အစီရင်ခံစာဟာ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေတယ်ဆိုတဲ့ ပြောကြားချက်တွေကို စိန်ခေါ်နေတယ်လို့ မြန်မာ မူစလင်အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးအောင်တင်ကပြောပါတယ်။

“မြန်မာပြည်မှာက မူစလင်ဖြစ်ခြင်းကိုက အစ္စလာမ်ဘာသာ ကိုးကွယ်တယ်ဆိုတာနဲ့ ဒီလူဟာ တိုင်းရင်းသားမဟုတ်တော့ဘူး။ နိုင်ငံသား မဟုတ်တော့ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အထူးသဖြင့် ဒီ ရိုဟင်ဂျာ လူမျိုးတွေဆိုရင် နိုင်ငံသားဟုတ်တယ် မဟုတ်ဘူး ဆိုတဲ့ အဆင့်ထက်တောင် မကတော့ဘဲနဲ့ ဒီလူသားရဲ့ ဖြစ်တည်ခွင့်တွေမှာပါ အဖိနှိပ်ခံရတယ်။ ဥပမာ အရွယ်ရောက်လို့ အိမ်ထောင်ပြုချင်ရင် တောင်မှ အိမ်ထောင်ပြုလို့ မရတာ၊ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေဟာ ကျန်းမာရေးအတွက် ဆေးကုမယ်ဆိုရင် ဆေးကုလို့မရ တနေရာက တနေရာသွား လို့မရ၊ ပညာသင်လို့ မရ၊ အလုပ်အကိုင် ရှာဖွေလို့မရ၊ သူတို့ကို ဆယ်စုနှစ်ပေါင်းများစွာ စီစစ်လို့ မပြီးနိုင်သေးဘူးလား။ ဒီကနေ့ ယူနိုက်တက် စတိတ်ကထုတ်ပြန်တဲ့ ဒီ ဘာသာရေးဆိုင်ရာ အဖိနှိပ်ဆုံးနိုင်ငံမှာ မြန်မာ နိုင်ငံဆက်လက်ပါရှိနေခြင်း သည်ပင်လျှင် ဒီကနေ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်နေပါတယ် ဆိုတဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရကို မေးခွန်းထုတ်လိုက်တယ် လို့တောင် ထင်မိပါတယ်။”

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်လာစေဖို့ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ။ NGO အဖွဲ့အစည်းတွေနဲ့ အခါသင့်တိုင်း တွေ့ဆုံဆွေးနွေးနေသလို ၂၀၀၈ခုနှစ် ကစပြီး အမေရိကန်လွှတ်တော်အမတ် တွန်လန်းတို့စ် (Tom Lantos Block Burmese Junta Anti- Democratic Efforts Act) ရဲ့ JADE အက်ဥပဒေနဲ့ ချမှတ် အရေးယူ ဆောင်ရွက်နေတယ်လု့ိလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG