သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံခရီးစတင်


ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံခရီးစတင်
ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံခရီးစတင်

ထိုင်းဝန်ကြီးချုပ်သစ် ယင်းလတ် ရှင်နဝပ်ဟာ အခု ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် အနေနဲ့ ဒီမြန်မာခရီးစဉ်ဟာ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါတယ်။ ဒီ ခရီးစဉ်ဟာ အာဆီယံအတွင်းက ဝန်ကြီးချုပ်သစ် တဦးအနေနဲ့ နိုင်ငံချစ်ကြည်ရေးခရီးစဉ်ထွက် မိတ်ဆက်တဲ့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နိုင်ပေမယ့် မြန်မာအစိုးရလိုလားနေတဲ့ ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးကိစ္စအတွက်လည်း ဆွေးနွေးဖွယ်ရှိတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။

မစ္စ် ယင်းလတ်ရဲ့ ပထမဆုံး မြန်မာချစ်ကြည်ရေးခရီးစဉ်ဟာ နေ့ဝက်ပဲ ကြာမှာဖြစ်ပြီး နေပြည်တော်မှာပဲ အချိန်ကုန်မယ်လို့ မျှော်လင့်ရပါတယ်။ နေပြည်တော်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေလည်ပိုင်းတွေ့ဆုံပြီး ညပိုင်းမှာတော့ နိုင်ငံတော်ညစာ စားပွဲ တတ်ရောက်မယ်လို့ သိရပါတယ်။ ပြီးရင် ညတွင်းချင်းပဲ ထိုင်းကို ပြန်မှာပါ။ ခရီးစဉ်အတွင်းမှာတော့ နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို အဓိက ထားဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးမျိုးညွန့်ကတော့ အခုခရီးစဉ်ဟာ နှစ်ဘက်အစိုးရကြား ဆက်ဆံရေးကောင်းဖို့သာ ရည်ရွယ်ပြီး အရင် ထိုင်းက မြန်မာအပေါ်ထားတဲ့ မူဝါဒ ထူးထူးခြားခြား ပြောင်းလဲလာစရာမရှိဘူးလို့ မြင်ပါတယ်။

“မစ္စ် ယင်းလပ်လာတာက ဝန်ကြီးချုပ်အသစ် တက်လာလို့ရှိရင် ကျန်တဲ့ အာဆီယံနိုင်ငံတွေကို သွားလည်လေ့ရှိတယ်။ Normal and Formal ဖြစ်ပါတယ်။ အဲဒီလို ခရီးမျိုးပါပဲ။ သို့သော်လည်းပဲ ဒီလိုလာရင်းနဲ့ သူက ဘာပြောထားလဲဆိုတော့ ဗမာပြည်အစိုးရနဲ့ ပတ်သက်ပြီးတော့ ၂၀၁၄ ခုမှာ ASEAN Chair နဲ့ပတ်သက်လို့ သူတို့ဘက်ကတော့ ကန့်ကွက်ဖို့ မရှိဘူးဆိုတာကို ပြသဖို့လာမယ်လို့ ဒီလိုဆိုပါတယ်။ အဲဒါအတွက် အဓိကထားတယ်လို့ ထင်ပါတယ်။ နောက် စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စများလည်းပဲ ဆွေးနွေးစရာတွေ ပါမယ်လို့ ထင်ပါတယ်”

အရင်တုန်းက သူ့အကို သက်ဆင်ရှင်နာဝပ်လက်ထက်တုံးကတော့ မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံရေးတော်တော် ကောင်းခဲ့ပါတယ်။ နောက်ပိုင်းတက်လာတဲ့ ဒီမိုကရက်တစ်အစိုးရနဲ့တော့ ခပ်ခွာခွာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ယင်းလပ် ရှင်နာဝပ် ကိုယ်နှိုက်က အမျိုးသမီးဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း Sympathize ဖြစ်တယ်လို့ ပြောခဲ့တာတွေ ရှိတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ ဆက်စပ်မှု အနေအထားက ဘယ်လို ဖြစ်လာနိုင်မယ်လို့ ယူဆပါသလဲ။

“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ Regard ထားတာတို့၊ ဒါတွေကတော့ တပိုင်းဖြစ်ပြီးတော့ သူတို့က ဘာလုပ်လေ့ရှိလဲ ဆိုတဲ့အခါကျတော့ တည်ဆဲအစိုးရနဲ့လည်း အဆင်ပြေအောင် ဆက်ဆံလေ့ရှိတယ်။ အဲဒီလို ဆက်ဆံလေ့ရှိတဲ့အထဲမှာ ဒီမိုကရက်တစ်ပါတီအစိုးရနဲ့ စာလို့ရှိရင် သူတို့က သက်ဆင်တို့ ဘာတို့က ပိုပြီး ဗမာအစိုးရနဲ့ပဲ ဖြစ်စေပေါ့လေ- ပိုပြီးတော့ ရင်းရင်းနှီးနှီးဆက်ဆံတတ်တဲ့ သူ့တိုင်းပြည်ရဲ့ စီးပွားရေးပေါ့။ သူ့တိုင်းပြည် စီးပွားရေးအတွက်လမ်းကြောင်းကို ရွေးတာပါပဲ။ အခုလည်း သူ ဒီတိုင်းသွားမယ်လို့ ထင်ပါတယ် ခင်ဗျ”

အခုက မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ အထူးသဖြင့် ထိုင်းနယ်စပ်မှာရှိတဲ့ အဖွဲ့တွေကိုလည်း အစိုးရသစ်ကနေပြီးတော့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ထားတာ ရှိပါတယ်။ ထိုင်းနဲ့ကလည်း နယ်ချင်းဆက်နေတဲ့အခါကျတော့ အရင်တုန်းကလည်း ထိုင်းက ဒါနဲ့ပတ်သက်လို့ သူတို့က ကြားဝင်ပေးဆိုရင် ဝင်ပေးမယ်ဆိုတဲ့ကမ်းလှမ်းမှုမျိုးတွေ ရှိတဲ့အခါကျတော့ ယင်းလပ် ရှင်နာဝပ် လက်ထက်မှာကော နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေအပေါ် သဘောထား၊ နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေ ဘယ်လို ရှိနေပါလဲ ခင်ဗျ။

“ယင်းလပ်တို့ အစိုးရသစ်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ လောလောဆယ်မှာ ရှောင်ရှောင်ပဲ နေမယ်လို့ ကျနော်မြင်တယ်ဗျ။ ”

မြန်မာအစိုးရဘက်ကတော့ ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းတွေဟာ သူပုန်တွေရဲ့ အခြေချစခန်းဖြစ်တယ်ဆိုပြီးတော့ ထိုင်းဘက်ကို ဖိအားပေးလေ့ရှိပါတယ်။ အခု အခြေအနေမှာ နယ်စပ် ကုန်သွယ်ရေးကိစ္စကိုတော့ ဆွေးနွေးဖွယ်ရှိပေမယ့် အခြား မြန်မာလက်နက်ကိုင် သူပုန်တွေကိစ္စကိုတော့ ထိုင်းဘက်က တိတိပပ ကိုင်တွယ်မယ်ဆိုတဲ့ အလားအလာတော့ မမြင်ရသေးဘူးလို့ လေ့လာသူတွေက ယူဆပါတယ်။ နောက် မြန်မာနဲ့ထိုင်းကြားရှိနေတဲ့ ပြဿနာတရပ်ကတော့ မြန်မာနိုင်ငံဘက်က ထိုင်းဘက်ကို တရားမဝင် လာရောက်ပြီး လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ မှတ်ပုံတင်ဖို့ကိစ္စပါ။ ဒီလူတွေကို တရားဝင်ဖြစ်ဖို့ နှစ်နိုင်ငံ ပေါင်းပြီး ဖြေရှင်းမယ်ဆိုတဲ့ကိစ္စက သဘောထားသာဖြစ်နေပြီး လက်တွေ့မှာ အခက်အခဲတွေ ပြေလည်မယ့် လမ်းစ မမြင်ရသေးပါဘူး။

လက်ရှိအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးပိုင်းမှာတော့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး တိုင်းပြည်ဖြစ်တယ်လို့ မြန်မာအစိုးရ မှတ်တမ်းတွေအရ သိရပါတယ်။ တချိန်တည်းမှာလည်းပဲ မြန်မာဘက်က စွမ်းအင် အထူးသဖြင့် သဘာဝဓာတ်ငွေ့ စွမ်းအင်မှာ စိတ်ဝင်စားမှု ရှိတာကြောင့် ထိုင်းက မြန်မာနဲ့ပိုပြီးတော့ အဆင်ပြေအောင် ဆက်ဆံလာမယ့် သဘောရှိတယ်လို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG