မြန်မာနိင်ငံ၊ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်း မှားယွင်းမှုတရပ်ကို ကန့်ကွက်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ လွှတ်တော်မှာ တင်ပြဆဲဥပဒေကြမ်းကို ဖွဲ့စည်းပုံခုံရုံးက ဝင်ရောက်စွက်ဖက်ခွင့်နဲ့ ကန့်ကွက်လိုသူတွေကို ဆွေးနွေးခွင့်မပေးခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက မကျေမနပ်ဖြစ်ခဲ့ကြတာပါ။ ဒီအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော၊ ဒါမှမဟုတ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုတယ်လို့ မှတ်ယူရမည်ဖြစ်တဲ့ ဥပဒေကြမ်းတွေကို နိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံဆိုင်ရာ ခုံရုံးကစီစစ်နိုင်ဖို့ တင်ပြရမယ်ဆိုတဲ့ အဆိုတခုကို အောက်တိုဘာလ ၂၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်နာယက-က ကန့်ကွက်သူရှိမရှိ မမေးဘဲ ထောက်ခံခဲ့တဲ့အတွက် ဒါကိုပယ်ဖျက်ပေးရေး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက VOA မြန်မာပိုင်းကို ခုလို ရှင်းပြပါတယ်၊
“အောက်တိုဘာ ၂၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့အဆိုကို ကျနော်တို့ ဒီနေ့ ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာစိုးရင်ကနေပြီးတော့ အဲဒါကို ကန့်ကွက်ကြောင်းနဲ့ ပယ်ဖျက်ပေးဖို့အကြောင်းကို အဆိုတင်သွင်းတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေး၊ ငါး၊ ခြောက်ဦးက ထောက်ခံဆွေးနွေးပြီးတော့ အဲဒါကို ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ဒေါက်တာစိုးရင်တင်သွင်းတဲ့အဆိုကို ကျနော်တို့ အတည်ပြုပါတယ်။ အဲဒီအဆို အတည်ပြုတဲ့အတွက်နဲ့ ပြည်ထောင်စုလွှတ်တော်က လွဲမှားစွာ အတည်ပြုခဲ့တဲ့အဆိုကို ပယ်ဖျက်ပေးဖို့ ပြန်ပြီးတော့ သက်ဆိုင်ရာကို အကြောင်းကြားမှာ ဖြစ်ပါတယ်။ ဒီအဆိုကို လုံးဝပယ်ဖျက်ပေးဖို့ ကျနော်တို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တယ်။ အဲဒီဟာကို သက်ဆိုင်ရာကို အကြောင်းကြားမှာပါ။”
အောက်တိုဘာ ၂၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယက အဆိုတင်သွင်း အတည်ပြုခဲ့တာကို ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီက ဒီနေ့ ဘာကြောင့် ကန့်ကွက်ရသလဲ ဆိုတာကို မေးကြည့်တော့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြောတာက-
“အဲဒီနေ့က အဲဒီအဆိုကို တင်သွင်းတဲ့ပုဂ္ဂိုလ်မရှိဘူး။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းတာ ဘယ်သူမှမရှိဘူး ဆိုတဲ့တချက်ကို သူတို့က ပြောတယ်။ နောက်တချက်က နာယကကြီးက ထောက်ခံသူရှိပါသလားဆိုပြီးတော့ပဲ မေးပြီးတော့ ကန့်ကွက်တဲ့သူ ရှိပါသလားဆိုတဲ့ အမေးကို မမေးတဲ့အတွက် ကန့်ကွက်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး ဆုံးရှုံးတယ်ပေါ့။ အဲဒါက ဒုတိယအချက်ပေါ့။
တတိယအချက်က အဲဒါဟာ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေတွေနဲ့ရော ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ရော မညီညွတ်ဘူး။ အဲဒါကြောင့် အဲဒါဟာ ဥပဒေအရ မှားယွင်းချက်ဖြစ်တယ်လို့ နောက်တခုက ပြောပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေ့က အဆိုမှာ ဘယ်လို ပါသလဲဆိုတော့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးလုပ်တုန်းမှာ ဘယ်လိုပါသလဲ ဆိုတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော (သို့မဟုတ်) ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်သော ဥပဒေကြမ်းများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကပဲ စီစစ်ပေးဖို့ တင်ပြပေးရမယ်ဆိုပီးတော့ အဲဒီအဆိုကို ထောက်ခံခိုင်းတာပါ။
အဲဒီအဆိုကို သဘောတူညီချက် ရပြီဆိုတဲ့အခါမှာ ခုနကလိုပဲ ထောက်ခံတဲ့သူကိုပဲ မေးပြီးတော့ ကန့်ကွက်မဲ့သူကို မမေးပါဘူး။ အဲဒါနဲ့ပဲ အဲဒီအစည်အဝေးပြီးပြီးချင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က သွားပြီးတော့ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီကို တင်ပြပါတယ်။ အဲဒါနဲ့ပဲ ဒီနေ့ ကြားဖြတ်တင်သွင်းမှုတခု ဖြစ်လာတယ်”
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ မြေပုံမြို့နယ် လွှတ်တော်အမတ် ဦးဖေသန်းဖြစ်ပါတယ်။ လွှတ်တော်ကိုတင်သွင်းလာတဲ့ ဥပဒေကြမ်းတခုအတွက် ပုံမှန်အားဖြင့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်တို့ရဲ့ အတည်ပြုချက်တွေကို ရယူဖို့ လိုအပ်ပါတယ်။ လွှတ်တော် ၂ ရပ်လုံး အတည်ပြုနိုင်ရင် ဒီဥပဒေကြမ်း အတည်ဖြစ်ဖို့ သမ္မတရဲ့ အတည်ပြုချက်ကို ယူရမှာဖြစ်ပေမဲ့ ဖွဲ့စည်းပုံခုံရုံးက စိစစ်ရဦးမယ်ဆိုတဲ့ အဆိုကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော် နာယကလည်းဖြစ်တဲ့ ဦးခင်အောင်မြင့်က ကန့်ကွက်လိုသူ ရှိ မရှိ မေးမြန်းခြင်းမပြုဘဲ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီအပေါ် ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ကန့်ကွက်ခဲ့ပြီမို့ ဒီကိစ္စကို ပြည်ထောင်စုလွှတ်တော် တင်ရေး ဥပဒေကြမ်း ကော်မတီနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဆက်လုပ်သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်ရှင်။