မြန်မာအစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြင်ဆင်အပြီးမှာပဲ နိုင်ငံရေး ပါတီတွေအဖြစ် မှတ်ပုံတင်သင့်-မသင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဝင်ခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းတွေ ဆွေးနွေးတိုင်ပင်တာတွေ လုပ်နေပါတယ်။ ဒီကနေ့မှာ ဆိုရင်လည်း NLD ပါတီ၊ တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေ ဒီကိစ္စကို ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း အပြီးသတ် ဆုံးဖြတ်ချက်တွေတော့ မချနိုင်သေးပဲ ဖြစ်နေတုန်းပါပဲ။ အခြေအနေတွေ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း ကတင်ပြပေးထားပါတယ်။
ဒီနေ့မနက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအတွင်း NLD မှတ်ပုံတင်ခြင်း - မတင်ခြင်းကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဒီအစည်းအဝေးကို ကျန်းမာရေး သိပ်မကောင်းတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကလွဲရင် - အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ပြီး - ဒီကနေ့ အစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့ တာနဲ့ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် က ဗွီအိုအေ ကို ပြောပါတယ်။
“ကျနော်တို့ မနက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာရှိတဲ့ အစည်းအဝေးခန်းမမှာ မနက် ၁၀ နာရီကနေပြီးတော့ ၁၂ နာရီအထိ ကျင်းပပြီးစီးသွားပါပြီ။ အဲ့ဒီ အစည်းအဝေးကနေပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေး - မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး - မဝင်ရေး ကိစ္စကို ဆွေးနွေးဆုံးဖြတ်ဖို့အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ တည်ဆဲ ဗဟိုအဖွဲ့ဝင်များ အစည်းအဝေးကို ခေါ်ယူကျင်းပဖို့ ဆုံးဖြတ်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို အဖွဲ့ချုပ်ဌာနချုပ်ရုံး ဗဟိုဦးစီးခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ် ခင်ဗျ။”
ဒါကြောင့် နိုဝင်ဘာလ ၁၈ ရက်နေ့ကျရင် - တည်ဆဲဗဟိုအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း ၁၀၆ ဦး စလုံးနဲ့ အရံဗဟိုကော်မတီဝင်တွေကိုပါ သက်ဆိုင်ရာ တိုင်းဥက္ကဋ္ဌတွေကနေတဆင့် ဒီကနေ့ကစပြီး ဖိတ်ကြားနေပြီဖြစ်တယ်လို့ ဦးအုန်းကြိုင် က ပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း - NLD မှတ်ပုံတင်ခြင်း - မတင်ခြင်းကိစ္စ ဆုံးဖြတ်ချက် မချခင် - တိုင်းရင်းသားအဖွဲ့တွေကိုလည်း တွေ့ဆုံဖို့ ဖိတ်ကြားထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ် က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ လိုပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျနော်တို့နဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ လောလောဆယ် ဆွေးနွေးဖို့ကို ရက်အတိအကျ မသတ်မှတ်ရသေးဘူး။ အဲ့ဒီနောက်ပိုင်းမှပဲ ကျနော်တို့ ပြောလို့ရပါမယ်။ သူတို့ရဲ့ စီအီးစီ အစည်းအဝေး ခေါ်ထားတာ ၁၈ ရက်နေ့လေ၊ အဲ့ဒီ ၁၈ ရက်နေ့ မတိုင်ခင်မှာ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးကြဖို့ရှိပါတယ်။”
NLD ပါတီဟာ - ၂၀၀၈ ဖွဲ့စည်းပုံထဲမှာပါဝင်တဲ့ ထောင်ဒဏ်ကျခံနေရသူဟာ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်ကြောင့် - မနှစ်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပါတီမှတ်ပုံတင်ရမယ်ဆိုတာကို ငြင်းဆန်ခဲ့တာပါ။ ဒါကြောင့် အစိုးရကနေ NLD အပါအဝင် မှတ်ပုံတင်ခြင်း မရှိတဲ့ နိုင်ငံရေးပါတီ တော်တော်များများကို တရားဝင်နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက်တချို့ကို အစိုးရက ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၄ ရက်နေ့မှာပဲ သမ္မတ ဦးသိန်းစိန် က အတည်ပြုကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့မှာပဲ - UNA ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကလည်း ပဏာမအကြိုအစည်းအဝေးတခု ပြုလုပ်ခဲ့ပြီးတော့ နိုင်ငံရေးပါတီတရပ်အနေနဲ့ မှတ်ပုံတင်သင့် - မတင်သင့်ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်အားလုံး မစုံသေးတဲ့အတွက် ဆုံးဖြတ်ချက် အတိအကျတော့ မချနိုင်သေးဘူးလို့ UNA အဖွဲ့ဝင်ပါတီတခုဖြစ်တဲ့ SNLD မှ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ဆက်ပြောပါတယ်။
“ဒီနေ့အစည်းအဝေးကတော့ ဦးနိုင်ငွေသိန်းရယ်၊ နောက် SNLD က အတွင်းရေးမှူး စိုင်းရွှေကြူးရယ်၊ နောက် UNLD က ဦးသာဘန်းပေါ့နော်။ ဒီ ၃ ယောက်ပဲပါတယ်။ ဆိုတော့ အဖွဲ့ဝင်တွေ မစုံသေးတဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်တော့ မချရသေးဘူး။ ပဏာမ ဆွေးနွေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အလားအလာကတော့ အင်မတန်မှ နဲပါသေးတယ်ခင်ဗျ။ UNA တဖွဲ့လုံးအနေနဲ့ စုပေါင်းပြီး မှတ်ပုံဆက်တင်ဖို့ ဆိုတာမျိုးကတော့ မရှိပါဘူး။ တဖွဲ့ချင်းအနေနဲ့ တင်ချင်တဲ့ အနေအထားမျိုးရှိတယ်ဆိုရင်တောင်မှ UNA နဲ့ မဆိုင်ဘူးပေါ့နော်”
UNA အဖွဲ့ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက လူထုထောက်ခံအားပေးမှုကို ရခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၃ ခုနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ကတော့ ခေါင်းဆောင်တွေ မလွတ်မြောက်သေးတဲ့အတွက် ပါတီ မှတ်ပုံတင်ဖို့ စဉ်းစားမှာမဟုတ်ကြောင်းနဲ့ NLD ပါတီ မှတ်ပုံတင်ခြင်း - မတင်ခြင်းကိစ္စပေါ် SNLD ရဲ့ သဘောထားကို အခုလို ပြောခဲ့ပါတယ်။
“ကျနော်တို့ကတော့ တင်ဖို့ မစဉ်းစားပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဌ ခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး စိုင်းညွန့်လွင်က အကျဉ်းကျနေဆဲမို့လို့ သူတို့တွေ လွတ်မြောက်လာခြင်းမရှိသေးပဲနဲ့ မှတ်ပုံတင်ဖို့ိကစ္စကို ကျနော်တို့ စဉ်းစားဦးမှာမဟုတ်ပါဘူး။ ကျနော်တို့ SNLD တခုတည်းရဲ့ သဘောထားဆိုရင်တော့ - NLD ရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ ဝင်ရောက် ပြီး ဝေဖန်ချက် မပေးလိုပါဘူး။ ထိုက်သင့်သလို သူတို့လမ်းကြောင်းနဲ့ သူတို့ သွားမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကတော့ တူတာရှိရင် ပေါင်းလုပ်မယ်။ မတူတာရှိရင် ခွဲလုပ်မယ်ဆိုတဲ့ အနေအထားပဲရှိပါတယ်”
SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ် ဖြစ်ပါတယ်။ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကတော့ ပူတာအို အကျဉ်းထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ကျခံ နေရပြီး အတွင်းရေးမှူး စိုင်းညွန့်လွင်ကိုလည်း ထောင်ဒဏ် ၈၃ နှစ်ချမှတ်ခံထားရတာပါ။ ဒါကြောင့် ဒီခေါင်းဆောင်တွေရဲ့ အမှုကို ပြန်လည်သုံးသပ်စစ်ဆေးပြီး သူတို့ လွတ်မြောက်ရေး မိသားစုဝင်တွေကနေ - မကြာသေးခင်ကပဲ - မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို လက်မှတ်ရေးထိုး တောင်းဆိုထားတာဖြစ်ပါတယ်။