ကျွန်မက နူးပန်ပါ။ တိုင်းရင်းသား ဒေသတွေက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။
ကရင်ပြည်နယ်၊ နယ်စပ်မြို့ တိုက်ပွဲတွေကတော့ အရှိန်လျော့ကျလာပါတယ်။
မြဝတီမှာ ရှိနေခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တပ်ဖွဲ့တွေက မြဝတီ မြို့ထဲကနေ ဆုတ်ခွာသွားပါတယ်။ တိုက်ပွဲတွေထဲမှာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မှာတော့ မြဝတီတိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂၀, ၀၀၀ ကျော် ရှိနေပြီး ဒီကနေ့မှာ နောက်ထပ် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ ထပ်ရောက်လာပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ အခြေအနေတွေ အေးချမ်းရင် ဒီကနေ့ပဲ နေရပ်ပြန်ပို့မယ်လို့ ပြောနေ ပေမယ့် ဒုက္ခသည်တွေကတော့ လုံခြုံရေး စိတ်မချရသေးသရွေ့ မပြန်ချင်ဘူးလို့ ပြောပါတယ်။
ဘုရားသုံးဆူဘက်မှာတော့ မြန်မာစစ်တပ်က မြို့ထဲမှာ နေရာယူထားလိုက်ပြီး မြို့ပြင်ကိုဆုတ်ခွာသွားတဲ့ ဒီကေဘီအေစစ်တပ်တွေကို လက်နက်ကြီးနဲ့ ခပ်ကျဲကျဲ ပစ်ခတ်နေပါတယ်။
မြို့ပြင်မှာတော့ ဆုတ်ခွာလာတဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ၊ ကရင့်အမျိုးသားတပ်မတော်က တပ်ဖွဲ့တွေနဲ့ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့က တပ်ဖွဲ့တွေ သူ့နေရာနဲ့သူ နေရာယူထားကြတယ်လို့ ကရင်စစ်ဘက် သတင်းတွေနဲ့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရွေးကောက်ပွဲရလဒ်နဲ့ပက်သက်ပြီး ကန့်ကွက်သွားမယ်လို့ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဒီကနေ့ ပါတီအစည်းအဝေးပွဲမှာ ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကြံ့ဖွံ့ပါတီကမဲလုယူမှုနဲ့ ကော်မရှင်ရုံးမှာ ကြံ့ဖွံ့အတွက် ကြိုတင်မဲ အများအပြားလုပ်ပေးခဲ့မှုတွေကို ကန့်ကွက်သွားမှာဖြစ်ပြီး အနိုင်ရတဲ့ မွန်ကိုယ်စားလှယ်လောင်းတွေလည်း မဲစာရင်းကို အတည်ပြုလက်မှတ်ထိုးပေးမှာမဟုတ်ဘူးလို့ နိုင်ငွေသိန်းက ပြောပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ မဲရုံတွေမှာ မဲအသာစီးရခဲ့ပေမယ့် ကော်မရှင်ရုံးက ကြိုတင်မဲတွေကြောင့် မျှော်မှန်းသလောက် လွှတ်တော်ကိုယ်စားလှယ် မရခဲ့ဘူးလို့ ပြောပါတယ်။
အခုရွေးကောက်ပွဲမှာ မွန်ပါတီအနေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၃)ဦး၊ ပြည်နယ်လွှတ်တော် မှာ ကိုယ်စားလှယ်(၈) ဦး၊ အမျိုးသားလွှတ်တော်မှာ (၄) ဦး၊ စုစုပေါင်း (၁၅) ဦး အနိုင်ရခဲ့ပြီး ကျန်တဲ့ တချို့နေရာတွေမှာတော့ မဲရေတွက်တာ မပြီးသေးလို့ အတည်ပြုလို့ မရသေးဘူးလို့ ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဝင်ပြိုင်ကြတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာဟာ မဲရေတွက်ရာမှာ ကြိုတင်မဲတွေကြောင့် ကြံံ့ဖွံ့ပါတီက မြောက်ပိုင်းတိုင်း၊ တိုင်းမှူးဟောင်း ဦးအုန်းမြင့်ကို ရှုံးနေတယ်လို့ NDF ဖားကန့်စည်းရုံးရေးမှူးက ပြောပါတယ်။
အစောပိုင်းမဲရေတွက်ချိန်မှာဆိုရင်တော့ ဒေါ်ဘောက်ဂျာဘက်က တော်တော် များများနိုင်ပေမယ့် ကြိုတင်မဲတွေ ရေတဲ့အချိန်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အားသာသွားတာဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ မဲရုံ ၁၀၁ ရုံရှိတဲ့အထဲ မဲရုံ ၇၀ က မဲတွေကိုပဲ ရေတွက်ခဲ့ပြီး ကျန်သေးတဲ့ ကြိုတင်မဲတွေကို မြစ်ကြီးနားကို မဲရုံမှူးတွေက သယ်သွားကြတယ်လို့ သိရပါတယ်။
ကျွန်မက ချမ်းလွန်ပါ။
အခု သတင်းလွှာ တပုတ်ကို ကြားရမှာပါ။ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ထိုင်း-မြန်မာ နယ်စပ် တနေရာဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေ ဘယ်လို ဖြစ်ပွားခဲ့ တယ်၊ တိုက်ပွဲတွေက နောက်ဆက်တွဲ ဒေသခံတွေ အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိတယ်ဆိုတာ ရင်စနိုင်းက စုစည်းထားပါတယ်။
ဘုရားသုံးဆူတိုက်ပွဲကတော့ ထိုင်းနယ်စပ် မြဝတီတိုက်ပွဲအဆက်လို့ ပြောလို့ရပါတယ်။ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်တာပါ။
တနင်္လာနေ့ကတော့ ထိုင်း-မြန်မာနယ်စပ်တနေရာဖြစ်တဲ့ ဘုရားသုံးဆူမြို့ပြင်က မဲကတာမှာ မြန်မာ စစ်အစိုးရတပ်နဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) တို့ မိနစ် ၂၀ လောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲ စဖြစ်ခဲ့ပါတယ်။
တိုက်ပွဲအခြေအနေကို ဘုရားသုံးဆူမြို့ခံတစ်ဦးက အခုလို ပြောပြပါတယ်။
“မနေ့က မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ရုတ်တရက် လက်နက်ကြီးသံတွေ ကြားရတယ်။ လက်နက်ကြီးသံတွေက ဆက်တိုက် ကြားနေရတယ်။ လက်နက်ကြီးသံက အချက် ၂၀ လောက် ကြားရတယ်၊ လက်နက်ငယ်တွေလည်း ကြားရတယ်၊ လက်နက်သံကြားရတော့ မြို့သူမြို့သား တွေကလည်း အထိတ်တလန့်နဲ့ ပြေးသူတွေကပြေး အဲလိုဖြစ်သွားတယ်”
လက်နက်သံတွေ တိတ်သွားပြီးတဲ့နောက်မှာတော့ ဒီကေဘီအေတပ်တွေက မြို့ထဲဝင်လာပြီးတော့ အစိုရနဲ့ပတ်သက်တဲ့ စုပေါင်းရုံး၊ သစ်တောရုံး၊ စ.ရ.ဖ ရုံးတွေကို ပစ်ခတ် မီးရှို့သွားခဲ့ပါတယ်။
ဒေသခံမြို့ကလူတွေတော့ နီးစပ်တဲ့ ထိုင်းဘက်ကမ်းကို ထွက်ပြေးသွားတာရှိသလို သုံးဆူမြို့အနီးနား တဝိုက်က ရွာတွေဆီကို တိမ်းရှောင်သွားတာလည်းရှိတယ်။ မြို့ခံတွေရဲ့အခြေအနေကို အခုလို ပြောပါတယ်။
“လူထုတွေအနေနဲ့ကတော့ ဖြစ်ပေါ်လာမယ့်အခြေအနေကို ကြည့်ပြီးတော့ ရှောင်ရှား နေကြတာပေါ့၊ ထိုင်းဘက်ကို ရှောင်သူတွေရှိသလို နောက် ဟိုဘေးကင်းတဲ့ တောဘက်ကို ရှောင်သွားတာလည်း ရှိတယ်”
ဘုရားသုံးဆူမြို့ခံတွေထဲက လူဦးရေ ၃ ထောင်ကျော်လောက်က ထိုင်းဘက်ကမ်းကို ကူးသွားကြပြီး ကျန်သူတွေက အနီးအနားရှိ ဥယာဉ်ခြံတွေထဲမှာ ပုန်းအောင်းတာ ရှိသလို အနီးဝန်းကျင်ကကျေးရွာတွေ မှာ သွားရောက်ခိုလှုံနေပါတယ်။ စုစုပေါင်း ဒုက္ခသည် တသောင်းကျော်ရှိနေပါတယ်။
အင်္ဂါနေ့မှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေ စတင်ရောက်ရှိလာကြပါတယ်။
ထိုင်းဘက်ကမ်းကို တိမ်းရှောင်လာတဲ့ အမျိုးသမီးတစ်ဦးက သူတို့ရဲ့ အခြေအနေတွေကို အခုလို ပြောပါတယ်။
“အစားအသောက်က တချို့က ဝယ်စားတယ်။ လာဝေပေးတဲ့လူတွေလည်း ရှိတယ်။ ရေဝေပေးတယ် လူကတော့အများကြီးပဲ။ ရေတွက်လို့မနိုင်ဘူး။ သုံးလေးထောင်လောက်တော့ရှိမယ်။ ဟိုတကွက် ဒီတကွက်နဲ့ ကွင်းကို ကြည့်လိုက်ရင် လူတွေချည်းပဲ”
ထိုင်းဘက်ကမ်းကို ရောက်နေတဲ့ မြို့ခံတွေက လက်နက်သံတွေ ကြားနေရတာကြောင့် လက်ရှိမှာ ဘယ်သူမှ မပြန်ရဲကြောင်း ပြောပါတယ်။