သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းအောင်လုပ်ဖို့ မြန်မာကို အိုဘားမားတိုက်တွန်း


အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းအောင်လုပ်ဖို့ မြန်မာကို အိုဘားမားတိုက်တွန်း
အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းအောင်လုပ်ဖို့ မြန်မာကို အိုဘားမားတိုက်တွန်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုပြီး ကောင်းမွန်အောင် မြန်မာနိုင်ငံဘက်က ရှေ့ဆက်လုပ်ဆောင်ရမှာတွေကို ရှင်းရှင်းလင်းလင်း ဆက်ပြောမှာ ဖြစ်တဲ့အကြောင်း အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက ပြောဆိုသွားပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ပြီးခဲ့တဲ့ မိနစ်ပိုင်းက သြစတေးလျနိုင်ငံ လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံအရေးကို ထည့်သွင်းပြောဆိုသွားတာပါ။ ဦးသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

သြစတေးလျ ပူးတွဲပါလီမန်မှာ ပြောကြားသွားတဲ့ သမ္မတအိုဘားမားရဲ့ မိန့်ခွန်းမှာ အရှပစိဖိတ်ဒေသနဲ့ဆိုင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မျှော်မှန်းချက်တွေအကြောင်း ပြောကြားရင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒကို ထည့်သွင်းပြောဆိုသွားတာပါ။

နိုင်ငံတွေအနေနဲ့ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့တည်ဆောက်ကြတယ်၊ ကိုယ့်ပုံစံနဲ့ကိုယ် လမ်းကြောင်းရှာကြတယ်ဆိုပေမယ့်လည်း လူထုရဲ့ အခြေခံ လူ့အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်၊ အုပ်ချုပ်မယ့် ခေါင်းဆောင်ကို ကိုယ့်ဘာသာရွေးချယ်ခွင့်တွေကတော့ အခြေခံအားဖြင့် မပြောင်းလဲဘဲ၊ အတူတူပဲလို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒီမိုကရေစီပေါ်ထွန်းစနိုင်ငံတွေမှာ လူထုအဓိက လူ့အဖွဲ့အစည်းတွေ၊ လူထုအကျိုးပြုအဖွဲ့အစည်းတွေကနေ နိုင်ငံသားတွေကို တာဝန်ပေးနိုင်အောင်၊ ကောင်းမွန်တဲ့အစိုးရတွေ ပေါ်လာအောင် စွမ်းဆောင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း အခုလို ထည့်သွင်းပြီးတော့ ပြောဆိုသွားပါတယ်။

“လွတ်လပ်ခွင့ိကို ခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေမှာ ကျနော်တို့က လွတ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့ကြပါတယ်။ အင်ဒိုနီးရှားလို ထွန်းသစ်စ ဒီမိုကရေစီ နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့အစိုးရ အုပ်ချုပ်ရေးတွေပေါ်လာအောင်၊ အစိုးရအုပ်ချုပ်ရေးယန္တယားတွေ ခိုင်မာအောင် ကျနော်တို့ လက်တွဲ ကူညီခဲ့ကြတယ်။

လွတ်လပ်ပွင့်လင်းတဲ့ အစိုးရတွေ ပေါ်လာရေးကို ကျနော်တို့က အားပေးတာက ဒီမိုကရေစီ ဆိုတာ သတင်းအချက်အလက်တွေကို နားလည်ပြီး တက်ကြွလှုပ်ရှားနေတဲ့ နိုင်ငံသားတွေအပေါ်မှာ မှီတည်နေလို့ပါ။ လူမှုအဓိက လူ့အဖွဲ့အစည်းတွေ ပိုပြီး ခိုင်မာအောင် ကျနော်တို့ က ကူညီပေးပါတယ်။ ဘာလိုလဲဆိုတော့ လူထု အဓိက လူ့အဖွဲ့အစည်းတွေဟာ သူတို့အစိုးရတွေ တာဝန်ယူမှု ရှိလာအောင် ပြည်သူတွေကို တာဝန်အပ်နှင်းပေး၊ ကူညီပေးတဲ့ အဖွဲ့အစည်းတွေမို့ပါ။

ပြည်သူတွေရဲ့ အခွင့်အရေး၊ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ လူမျိုးစုတွေနဲ့ ဌာနေတိုင်းရင်းသားတွေ အရေးကို ကျနော်တို့က တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ဒီလို လူထုအကျိုးပြု အဖွဲ့အစည်းတွေကပဲ ပြည်သူတွေအားလုံး သူတို့ရဲ အခွင့်အလမ်းတွေ ပိုင်ဆိုင်နိုင်အောင် ထောက်ပံ့ကူညီပြီ ပိုပြီး အောင်မြင်တဲ့ ပိုပြီးချမ်းသာကြွယ်ဝတဲ့ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းတွေပေါ်ပေါက်လာအောင် ကူညီဆောင်ရွက်ပေးနေတာပါ”

-ဆိုပြီး သမ္မတ အိုဘားမားက ပြောသွားတာပါ။ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ သမ္မတအိုဘားမား တိတိကျကျ ပြောသွားတာက-

“မြန်မာနိုင်ငံကို ချဉ်းကပ်မှု မူဝါဒတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ်မှာ အရေးယူပိတ်ဆို့မှုနဲ့ ထိတွေ့ ဆက်ဆံရေးမှုကို ပူးတွဲ ကျင့်သုံးနေပါတယ်။ ဒီနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသား တချို့လည်း လွတ်မြောက်ခဲ့ပါပြီ။ အစိုးရဘက်ကလည်း တွေ့ဆုံဆွေးနွေးစကားပြောလာတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေကတော့ မြန်မာနိုင်ငံမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ပိုပြီးတော့ကောင်းမွန်အောင် ရှေ့ဆက် လုပ်ရမှာတွေကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ဆက်ပြောရပါလိမ့်မယ် - ဆိုပြီး ပြောဆိုသွားခဲ့တာပါ ခင်ဗျာ။

XS
SM
MD
LG