သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်း


အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်း
အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာ ပေးရေး မပေးရေးဟာ အာဆီယံ အသင်းဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာကို အာဆီယံဥက္ကဋ္ဌနေရာ ထားခြင်းအားဖြင့် အာဆီယံအသင်းကြီးရဲ့ မျှော်မှန်းချက်တွေ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာကိုတော့ အာဆီယံနိုင်ငံတွေ အလေးထားစဉ်းစားဖို့ အမေရိကန်ပြည်ထောင်စုက အာဆီယံကို တိုက်တွန်း လိုက်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံကို လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေးကို မကြာခင် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးတွေနဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေကို တက်ရောက်ဖို့အတွက် အမေရိကန်သမ္မတအိုဘားမား အပါအဝင် အမေရိကန် ထိပ်တန်းအရာရှိတွေလည်း အင်ဒိုနီးရှား ဘာလီအစည်းအဝေးကို မကြာခင် ရောက်မှာဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရရေးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ အဲဒီမှာ ထောက်ခံမှုပေးခြင်းအားဖြင့် မြန်မာ အမေရိကန် သံတမန်ရေးဆက်ဆံရေးကို တည်ဆောက်ဖို့လိုမယ်ဆိုပြီး မြန်မာအစိုးရသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မနေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှာ ဆောင်းပါးရေးပြီး တိုက်တွန်းထားပါတယ်။ ဒါပေမယ့်လည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မြန်မာကို ပေးရေးမပေးရေးဟာ အာဆီယံအသင်းဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပြီး ဒီဆုံးဖြတ်တဲ့နေရာမှာ အာဆီယံအသင်းကြီးရဲ့မျှော်မှန်းချက်တွေကို ထည့်တွက် စဉ်းစားဖို့ လိုလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက သဘောထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“အာဆီယံဥက္ကဋ္ဌနေရာကိစ္စကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဆုံးဖြတ်ရမှာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုရှိဖို့ အပါအဝင် အာဆီယံအသင်းကြီးရဲ့ မျှော်မှန်းချက်တွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် အာဆီယံဥက္ကဋ္ဌနေရာကိစ္စကို အာဆီယံအသင်းဝင်နိုင်ငံတွေ အသေအချာစဉ်းစားကိုင်တွယ်ဖို့ အမေရိကန်ပြည်ထောင်စုကတော့ တိုက်တွန်းပါတယ်”

မြန်မာအစိုးရသမတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ ဝါရှင်တန်ပို့စ်ဆောင်းပါးမှာတော့ မြန်မာအတွက် အရေးကြီးတဲ့အပြောင်းအလဲတွေ ဖြစ်လာစေရေးအတွက် ၂၀၁၄ အာဆီယံအလှည့်ကျ တာဝန် ယူနိုင်ရေးဟာ အရေးပါတယ်လို့ ရေးသားထားပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှု အတွက် လိုလားသူဖြစ်ပြီး မြန်မာတနိုင်ငံလုံးအတွက်လည်း မျှော်လင့်ချက်ဖြစ်တယ်လို့လည်း ညွှန်းဆို ရေးသားထားပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေအနေနဲ့ သမ္မတဦးသိန်းစိန်ကို ထောက်ခံအားပေးကြဖို့နဲ့ အကျဉ်းအကျပ်ဖြစ်စေမယ့် ဖိအားမျိုးတွေ မပေးဖို့လည်း အဲဒီဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေရဲ့ နှစ်လမ်းသွားမူဝါဒကို ပြောင်းလဲဖို့လိုမယ်လို့ ဆိုပါတယ်။

နှစ်လမ်းသွားမူဝါဒဆိုတာကတော့ လက်ရှိ အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ်ထားတဲ့ ထိစပ် ဆက်ဆံရေးနဲ့ ဖိအားပေး အရေးယူဒဏ်ခတ်မှု မူဝါဒနှစ်ရပ်ကို ရည်ညွှန်းပုံရပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုအချို့ကို အသိအမှတ်ပြုပေမယ့် လုပ်ဆောင်စရာတွေ အတော်ကျန်သေးတယ်လို့ မြင်ပါတယ်။ မြန်မာ အစိုးရအနေနဲ့ ဒီထက် ခိုင်မာတဲ့ အပြောင်းအလဲတွေ လုပ်ပြဖို့ လိုမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တိုနာကပဲ တနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အပြုသဘောတိုးတက်မှုအချို့ လက္ခဏာတွေကိုတော့ တွေ့နေရပါပြီ။ မြန်မာအစိုးရနဲ့လည်း တွေ့ဆုံ ဆွေးနွေးရတာ အဆင်ပြေမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ အရင်ပြောခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအပါအဝင် အပြုသဘောဆောင်တဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေကို မြင်လိုပါတယ်။ မြန်မာနိုင်ငံရေးစနစ် ပွင့်လင်းလာတာကို မြင်တွေ့လိုပါတယ်။”

မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ ဝါရှင်တန်ပို့စ်ဆောင်းပါးထဲမှာတော့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာက လိုလားတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စကိုတော့ တလုံးတပါဒမှ ထည့်သွင်းဖော်ပြတာမျိုး မရှိပါဘူး။ ပြည်တွင်းက နိုင်ငံရေးအစုအဖွဲ့တွေ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ အလားအလာတွေကိုလည်း ထည့်ရေးတာ မရှိပါဘူး။ ဒါပေမယ့်တော့ မြန်မာသမ္မတဦးသိန်းစိန်ဟာ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် တကယ့်ကို ဆန္ဒရှိသူဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာကိုတော့ ကိုးကားဖော်ပြပါတယ်။

XS
SM
MD
LG