အမေရိကန်သမ္မတ မစ္စတာဘာရက်အိုဘားမားဟာ ရုရှားနဲ့ အရှေ့အာရှခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးကြတဲ့ နေရာမှာ လုံခြုံရေး၊ စီးပွားရေးအပါဝင် အားလုံးနဲ့ သက်ဆိုင်တဲ့အကြောင်းတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဘာလီကျွန်းကို သမ္မတအိုဘားမား ရောက်ရှိနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် အင်ဒိုနီးရှားပြည်တွင်း လေကြောင်းလိုင်းဖြစ်တဲ့ Lion Air က အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၂၀၀၀ တန်ဖိုးရှိတဲ့ အမေရိကန်လုပ် ဘိုးရင်းဂျက်လေယာဉ် အစီး ၂၃၀ ၀ယ်ယူဖို့ မှာကြားကြောင်း ဘိုးရင်းလေကြောင်းကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ သက်တမ်းတလျှောက်မှာ တန်ဖိုးအကြီးမားဆုံး ၀ယ်ယူဖို့ မှာကြားချက်ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်ဟာလည်း ဘာလီကျွန်းကိုရောက်ရှိနေပြီး သောကြာနေ့မှာ သီးခြားကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ဖြစ်ကြောင်း သိရပါတယ်။
ဒီကနေ့ သောကြာနေ့မှာတော့ မစ္စတာအိုဘားမားဟာ အိန္ဒိယ၀န်ကြီးချုပ် မက်မိုဟန်ဆင်း၊ ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအာကီနို၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ် စသူတို့နဲ့ သီးခြားတွေ့ဆုံဖို့ ရှိနေပါတယ်။
ဘာလီကျွန်းကို သမ္မတအိုဘားမားရောက်ရှိနေချိန်မှာ တောင်တရုတ်ပင်လယ်တွင်း နယ်မြေပိုင်နက် အငြင်းပွားနေပြီး အမေရိကန်နိုင်ငံရဲ့ ထောက်ခံမှုကိုရဖို့ တောင်းဆိုထားတဲ့ အာရှနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြဖို့လည်း ရှိပါတယ်။