သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ခြေလှမ်း မြန်မာအစိုးရကြိုဆို


အမေရိကန်ရဲ့ခြေလှမ်း မြန်မာအစိုးရကြိုဆို
အမေရိကန်ရဲ့ခြေလှမ်း မြန်မာအစိုးရကြိုဆို

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ နောက်ပိုင်းမှာ တိုရိုက်ထိစပ်ဆက်ဆံလာမှုတွေ၊ အထူးသဖြင့် လာမယ့်ဒီဇင်ဘာလ ၁ ရက်နေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာနိုင်ငံကို လာရောက်မယ့်ကိစ္စတွေ အပေါ်မှာ မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်က ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲ လုပ်ကိုင်သွားမယ်လို့လည်း သမ္မတဦးသိန်းစိန်က ကတိပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ လုပ်ဆောင်စရာတွေ ကျန်နေသေးတယ်ဆိုတာကို သမ္မတ ဦးသိန်းစိန်က လက်ခံ အသိအမှတ်ပြုပေမယ့်လို့ တဘက်မှာ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းဆန်ပါတယ်။ ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းရေးသားပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို လာမယ့်ဒီဇင်ဘာလဆန်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စေလွှတ်တဲ့အပေါ်မှာ သမ္မတ ဦးသိန်းစိန်က ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့မတ်လကစလို့ သမ္မတတာဝန် ယူပြီးကတည်းက ပထမဆုံးအကြိမ် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။

“အိုဘားမားအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ လတ်တလောပေါ့-နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေရှိတယ်ဆိုတာကို ဘာပဲဖြစ်ဖြစ် ဖွင့်ထုတ်ပြီး ပြောကြားသွားတာ ရှိပါတယ်။ အကုန်လုံးပကတိအကောင်းကြီးတော့ မဟုတ်သေးဘူး။ ဆက်ပြီးတော့ ကျနော်တို့ လုပ်ရမယ့်ဟာတွေ ဆက်ပြီး သူတို့အနေနဲ့ စောင့်ကြည့်ရမယ့်ဟာတွေ၊ ဒါတွေလည်း သူပြောပါတယ်။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် ခုနက ကျနော်တို့ရဲ့ ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုတယ် ဆိုကတည်းက ကိုယ့်နိုင်ငံအတွက်တော့ ဒါ အများကြီး ကောင်းတယ်လို့ ပြောရမှာပေါ့။ မင်္ဂလာသတင်းပဲလို့ ကျနော်တို့ ပြောရမှာပေါ့”

အခု နိုင်ငံခြားရေးဝန်ကြီးကလင်တန် မြန်မာပြည်သွားမယ်ဆိုတာဟာ နှစ် ၅၀ ကျော်အတွင်းမှာ မြန်မာပြည်ကို အမေရိကန် ပြည်ထောင်စု ဘက်က အဆင့်မြင့်ကိုယ်စားလှယ်တဦး သွားရောက်မယ့် အခြေအနေဖြစ်ပါတယ်။ စစ်တပ်က ထောက်ခံတဲ့ အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုအချို့လုပ်လာခဲ့ပြီး အခုလို အမေရိကန် မြန်မာ ဆက်ဆံရေးဖြစ်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ် ဆိုပြီး ပြီးခဲ့တဲ့အပတ်ကပဲ ကြေညာလိုက်ပါပြီ။

Kelly Currie ဟာ ဝါရှင်တန်ဒီစီအခြေစိုက် the Project 2049 အဖွဲ့မှာ မြန်မာပြည်လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိစ္စတွေအပေါ် သုတေသန ပြုနေသူ တဦးပါ။ အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တာဟာ လက်ရှိအစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေအပေါ် အများယုံကြည်လက်ခံမှုရလိုက်စေတယ်လို့ သူက Skype က တဆင့် ဗွီအိုအေနဲ့မေးမြန်းခန်းမှာ ပြောသွားပါတယ်။

“ဒါဟာ အတော်လေးကို သိသာထင်ရှားမှုဖြစ်ပါတယ်။ လက်ရှိအစိုးရလုပ်နေတာတွေအပေါ် အတိုင်းအတာတခု ထောက်ခံတယ်ဆိုတာ ပြလိုက်တာပါ။ ဒီ လုပ်ငန်းစဉ်အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က တစုံတရာ ယုံကြည်မှုရှိတယ်ဆိုတာ ပြလိုက်တာပါ။ လာမယ့် ရွေးကောက်ပွဲအတွင်း မျှမျှတတ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အလမ်းမရှိဘူးလို့ သံသယရှိနေတယ်ဆိုရင် ဒီလို လုပ်မယ်လို့တော့ ကျမ မထင်ပါဘူး။ ဒါကြောင့်လည်း မြန်မာ့ဒီမိုကရေစီရေးကိစ္စကို ထောက်ခံအားပေးနေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အခြားတိုင်းပြည်တွေအနေနဲ့က ဒါကို သတိတကြီး ကြည့်နေရတယ်လို့ ထင်ပါတယ်”

ဒါပေမယ့်လည်း Currie အပါအဝင် အခြားသုံးသပ်သူတွေရဲ့အမြင်မှာ မြန်မာနိုင်ငံဟာ အတိတ်အခြေအနေကို ပြည်လှည့်သွားနိုင်တာကို သတိထားကြသလို အစိုးရရဲ့ လုပ်ရပ်တွေကို အနီးကပ်စောင့်ကြည့်သွားရမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံထဲမှာ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းပဲလို့လည်း ထောက်ပြပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ သမ္မတဦးသိန်းစိန်ကတော့ ဒီလို နိုင်ငံရေးအကျဉ်းသားတွေဆိုတဲ့ကိစ္စကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေပါတယ်။

“ယုံကြည်ချက်ကြောင့် ဆိုတဲ့ဟာကတော့ ပြောရမှာခက်တယ်။ ကျနော်တို့က ယုံကြည်ချက်ကြောင့် ဆိုတာကို လက်မခံဘူး။ ဥပဒေတခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူထားတာ။ အဲဒီတော့ ဥပဒေတခုခုကို ကျူးလွန်ထားတဲ့သူတွေလည်း ပါကောင်းပါမယ်။ ဒီလိုနဲ့ပဲ ပြောမယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့ အဖွဲ့မှာ ခင်ဗျားတို့ ကိုယ်ချင်းမစာရာကျမယ်”

David Steinberg ဟာ ဝါရှင်တန်ဒီစီ Georgetown တက္ကသိုလ်က မြန်မာ့အရေးသုံးသပ်သူဖြစ်ပါတယ်။ စစ်တပ်ဟာ အာဏာ လုံး၀ လက်လွှတ်ဖို့တော့ မရှိဘူးလို့ သူက မြင်ပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှားနဲ့ တောင်ကိုရီယားက စစ်အစိုးရတွေလိုမျိုး အတန်ငယ် အာဏာ လျှော့ပေးဖို့ စဉ်းစားတယ်လို့ ထင်ပါတယ်။

“လူ့အဖွဲ့အစည်းအတွင်း လူမှုကိစ္စရပ်အဝဝကို စစ်တပ်က ချုပ်ကိုင်ထားတာက အဓိက အခြေခံပြဿနာပါ။ ဒါကိုပြောင်းလဲဖို့ဆိုရင်တော့ အခြေခံအားဖြင့် မျိုးဆက်တဆက် အချိန်ယူရပါလိမ့်မယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူထုအခြေပြုအဖွဲ့အစည်းတွေကတဆင့် အပြောင်းအလဲတွေ ဖော်ဆောင်ရပါမယ်။ ဒီလို အပြောင်းအလဲတွေဖြစ်မှသာ စစ်တပ်ရဲ့ အခန်းကဏ္ဍက တဖြေးဖြေးအားနည်းသွားမှာပါ။”

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဆယ်စုနှစ်ကြာ အုပ်ချုပ်မှုကြောင့် ဒေသတွင်း အချမ်းသာဆုံးနိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားရတယ်ဆိုတာကို သဘောပေါက် နားလည်မှုတွေ တိုးလာတယ်လို့ Steinbverg က ပြောပါတယ်။ အခု ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌဖြစ်လာမယ်၊ အာဆီယံ အိမ်ရှင်နိုင်ငံ ဖြစ်လာမယ် ဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုတွေအတွက် အတွင်းဖိအားတွေ ပိုလာလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။

XS
SM
MD
LG