သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီလဝါမြို့ပြစီမံကိန်းကြောင့် သံလျင် မြေဈေးတက်


Photographers work during a photocall for the film "Blood Ties" at the 66th Cannes Film Festival in Cannes, France.
Photographers work during a photocall for the film "Blood Ties" at the 66th Cannes Film Festival in Cannes, France.

ရန်ကုန်တိုင်း၊ သံလျင် သီလဝါဆိပ်ကမ်းနဲ့ ဆက်နေတဲ့နေရာမှာ တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ သန်း ၅,၀၀၀ ဖိုးလာရောက်ရင်းနှီးမယ့် စီမံကိန်းတွေကြောင့် အဲဒီနေရာတွေမှာ မြေဈေးတွေ အရင်ကထက် ၁၀ ဆလောက် တက်သွားပါတယ်။ ဈေးတွေ ခေါင်ခိုက်နေပေမဲ့ မြေကွက်ဝယ်ဖို့ စိတ်ဝင်စားသူတွေကလည်း အများအပြားရှိနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပြပါတယ်။ ဒီတော့ ဘယ်လို စီမံကိန်းတွေလုပ်မှာမို့ ဘယ်လိုလူတွေက မြေတွေ လိုက်ဝယ်နေကြတာပါလဲ။ ဒီလို ကြီးကျယ်တဲ့ နိုင်ငံခြားက စီမံကိန်းကြီးတွေ မြန်မာနိုင်ငံမှာ နောက်ထပ် ဘယ်လောက်ရှိလာနိုင်မလဲ ဆိုတာကို စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံက HANA International Inc ကနေပြီး ရန်ကုန်မြို့နဲ့ မဝေးတဲ့ သီလဝါ အထူး စီးပွားရေးဇုန်မှာ မြန်မာနဲ့ ကိုရီးယားပေါင်းပြီး (Myanko) မြန်ကိုဆိုတဲ့ စီးပွားရေး မြို့တော်သစ် တည်ဆောက်သွားဖို့ ရှိနေချိန်မှာ မြေဈေးတွေ အဆမတန်တက်သွားခဲ့တာ ဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်မှာ အဆင့်မြင့် အိမ်ယာစီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိမ်းသိမ်းမဲ့ အစိမ်းရောင် စီမံကိန်း၊ အဆင့်မြင့်ဆိပ်ကမ်း စီမံကိန်း စ တဲ့ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ဖို့ရှိနေတာကြောင့် အဲဒီနေရာမှာ မြေဈေးတွေတက်သွားတာလို့ လုပ်ငန်းရှင် တယောက်က VOA ကို ပြောပြပါတယ်။

“အခုတက်တာကတော့ အကုန်ပဲ၊ အိမ်ခြံမြေတွေလည်းတက်သွားတယ်။ လူတွေနေတဲ့ မြေတွေလည်း တက်သွားတယ်။ အရင်က အဲဒီမှာ ဖလန်းဆိုတဲ့ ရပ်ကွက်လေးရှိတယ်။ ကျနော်တို့က ၄၀-၆၀ တကွက်ကို လွန်ခဲ့တဲ့ ၃ လက ၅၉ သိန်းပဲ ရှိတယ်။ လမ်းမကြီးဘေးမှာ။ အခုက သိန်း ၅၅၀ ဖြစ်သွားပြီ”

သီလဝါဆိပ်ကမ်းနဲ့ ကပ်နေတဲ့နေရာမှာ သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်လိုက်တဲ့ သီလဝါဟာ ရန်ကုန်မြို့ရဲ့ တောင်ပိုင်း ၁၅ မိုင်လောက်မှာတည်ရှိပြီး သွားရေးလာရေးလည်း လွယ်ကူလှတဲ့အတွက် စီးပွားရေးအတွက် အင်မတန် အချက်အခြာကျတဲ့ နေရာဖြစ်လာနိုင်ပါတယ်။ လောလောဆယ်မှာ ရန်ကုန်ဘက် ကနေ သံလျင်ဘက်ကို ဒါကြောင့် စီးပွားရေးသမားတွေက မြေတွေကို အလုအယက်ဝယ်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်တဲ့။

“အရင်တုန်းကဆိုရင် သွားရင်ကားက တစီး ၂ စီးပဲရှိတယ်။ အခုကတော့ ပွဲတော်ကြီးလိုပဲ။ မြန်မာပြည်အနှံ့နှံ့ကနေလာပြီး investment လုပ်မယ့်သူတွေ အကုန်လုံးလာပြီးတော့ လက်ဦးမှုယူကြတာပေါ့။ အများဆုံးတွေ့ရတာတော့ တရုတ်လူမျိုးတွေလည်း တွေ့ရပါတယ်။ တချို့လုပ်ငန်းရှင်တွေလည်း သူတို့ ဒီမှာလာပြီးတော့ လက်ဦးမှုယူထားတာပေါ့နော်။ ဒီနေရာကြီးက တချိန်မှာ တကယ်ကို ဖွံ့ဖြိုးမယ့် နေရာကြီးဖြစ်တော့မှာကို”

ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်အောင်လို့ဆိုတဲ့ သီလဝါစက်မှုဇုန်နဲ့ဆိုင်တဲ့ ဥပဒေတခုကို အစိုးရက ထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ ခုလို တောင်ကိုရီးယားနိုင်ငံက Hana ကုမ္ပဏီက ဒေါ်လာ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ခေတ်မီမြို့သစ် တည်ဖို့အတွက် မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းမှာလည်း အထူးစီးပွားရေဇုံအဖြစ် သတ်မှတ်ထားတဲ့ နေရာမှာ Italian Thai ကုမ္ပဏီက ဒေါ်လာ ၈ ဘီလျှံ ရင်းနှီးမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို ဆောက်ရွက်နေပါတယ်။

ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြီးကြောင့်လည်း အဲဒီဘက်မှာ မြေဈေးတွေ အဆမတန် တက်ခဲ့ပါတယ်။ အစိုးရက အပြောင်းအလဲတွေ စတင်လုပ်နေပြီလို့ နိုင်ငံတကာက လက်ခံစပြုနေပြီမို့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံချင်သူတွေက သင့်တော်မယ့် အချိန်ကို စောင့်နေကြတယ်လို့ မြန်မာ့အရေး လေ့လာသူတချို့က ပြောကြပါတယ်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ ကာလမှာ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ပေးထားတဲ့ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဥပဒေသစ်ကလည်း မြန်မာနိင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံသူတွေအတွက် မျက်စိကျစရာဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။

“အရင်ကလို ပြည်ပပို့ကုန်လုပ်တဲ့ကိစ္စတွေမှာ သိပ်ပြီးခက်ခက်ခဲခဲနဲ့ ကြန့်ကြာမှုတွေ မရှိဘဲနဲ့ ဒီဇုန်ထဲမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့သူ မှန်သမျှဟာ ဒီဇုန်ကနေ အပြင်ကို တိုက်ရိုက် ဆက်သွယ်နိုင်မယ်၊ ပို့ကုန်တွေပို့နိုင်မယ်။ နောက်ပြီးတော့ ဒီဇုန်တွေဟာ အခုနပြောသလို ဒီ လမ်းပန်းဆက်သွယ်ရေး အချက်အခြာကောင်းပြီးတော့ ရေ၊ မီး၊ ပါဝါ စတဲ့ အခြေခံအဆောက်အဦးတွေကပါ တိတိကျကျ အစိုးရက ဖန်တီးပေးထားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဇုန်ထဲမှာလာပြီးတော့ စက်ရုံလုပ်လိုက်ရင် အနေအထားက အရင်ကလို ရေရမှာလား၊ မီးရမှာလား၊ ပါဝါကို ဘယ်လိုဆွဲရမှာလဲ၊ ဖုန်းက ဘယ်ကနေယူရမှာလဲဆိုတဲ့ နောက်ထပ် ဆင့်ပွားလုပ်ရမယ့် ကိစ္စတွေအားလုံးကို စိတ်ပူနေစရာမလိုဘူးလေ။ ဒီဇုန်ထဲကနေ တိုက်ရိုက်လုပ်သွားနိုင်တယ်ဆိုတဲ့ အခွင့်အလန်းတွေကိုလည်း တိုးချဲ့ဆောင်ရွက်ပေးထားမယ်ဆိုတဲ့ ကတိကဝတ်တွေလည်း ရှိနေတယ်ပေါ့လေ။ ဆိုတော့-အဓိက ကတော့ ကျနော်တို့ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးဝန်းကျင်ကောင်းတခုကို မဖန်တီးနိုင်ခင် စပ်ကြားမှာ အနည်းဆုံးတော့ ဒီစီးပွားရေးဇုန်တွေမှာ ကျနော်တို့ အစိုးရကနေ သတ်သတ်မှတ်မှတ်နဲ့ ဆောင်ရွက်ပေးထားမယ်ဆိုတဲ့ ကတိကဝတ်မျိုးကို ဒီဥပဒေက ပြဌာန်းပေးထားတယ်လို့ နားလည်လို့ရပါတယ်”

စီးပွားရေးကြီး တခုလုံးကို ကောင်းမွန်အောင် မလုပ်နိုင်ခင် အချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နိုင်အောင် အထူးစီးပွားရေးဇုန်တွေ အစိုးရက လုပ်နေတဲ့ တချိန်တည်းမှာလည်း တနိုင်ငံလုံး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ လိုတယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးက သုံးသပ်ပါတယ်။

“တချို့သော စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ ဆိုတဲ့ ကိစ္စကိုလည်း စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ သူတို့သည် စီးပွားရေးဇုန်ထဲမှာပဲ လာရောက်လုပ်တာမဟုတ်ဘဲနဲ့ တနိုင်ငံလုံးကို အကျိုးရှိစေမယ့် စီးပွားရေးလုပ်ကိုင်မှုမျိုးလည်း သူတို့မှာ စဉ်းစားမှုတွေ ရှိနေတာ ရှိပါတယ်”

မြန်မာနိုင်ငံမှာ စက်မှုလက်မှု လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်ခွင့်ပေးထားတဲ့ စီးပွားရေးဇုန်ပေါင်း ၂၀ လောက်ရှိပြီး ဘက်စုံ အဆင့်မြင့် စီမံကိန်းတွေအတွက် နိုင်ငံတကာက ဒေါ်လာသန်း ထောင်ချီ လာရောက် ရင်းနှီးမြှုပ်နှံမယ့် အထူးစီးပွားရေးဇုန်ကတော့ လောလောဆယ် ထားဝယ်နဲ့ သီလဝါ ၂ ခုပဲ ရှိပါတယ်ရှင်။

XS
SM
MD
LG