သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ဥက္ကဋ္ဌများနဲ့ ဝန်ကြီးကလင်တန်တွေ့


လွှတ်တော်ဥက္ကဋ္ဌများနဲ့ ဝန်ကြီးကလင်တန်တွေ့
လွှတ်တော်ဥက္ကဋ္ဌများနဲ့ ဝန်ကြီးကလင်တန်တွေ့

မြန်မာနိုင်ငံကိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ဟာ နေပြည်တော်မှာပဲ ဒီနေ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်ရော လွှတ်တော် ၂ ရပ်စလုံးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ တာပါ။ အရင်ဆုံး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအဝင် ကိုယ်စားလှယ် ၃၂ ယောက်နဲ့ နေ့ခင်းပိုင်းမှာ ၁ နာရီ နီးပါးကြာ တွေ့ဆုံခဲ့ပြီးတော့ - ဝန်ကြီး ဟီလာရီ ကလင်တန် က - ၂၀၁၀ ရွေးကောက်ပွဲအပါအဝင် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက် တွေနဲ့ လွှတ်တော်တွေရဲ့ ဆောင်ရွက်ချက်တွေအားလုံးကို သူ့အနေနဲ့ အသိအမှတ် လက်ခံတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း နောက်ထပ် အပြောင်းအလဲတွေ ထပ်ရှိလာဖို့ သူ မျှော်လင့်တဲ့အကြောင်း အဓိက အချက် ၄ ချက်ကို ပြောကြားသွားခဲ့တယ်လို့ - ဒီတွေ့ဆုံမှုမှာပါဝင်တဲ့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက အခုလို ပြောပြပါတယ်။

“တစ်အချက်ကတော့ - ကျနော်တို့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ နှစ်အချက်ကတော့ - လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်နေတာတွေ၊ အပစ်အခတ် ရပ်စဲမှုတွေ လုပ်နေတာကို အသိအမှတ်ပြုပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒါတွေကို ဖော်ဆောင် သွားနိုင်ဖို့ သူ မျှော်လင့်ပါတယ်ဆိုတာကို ဒါက နံပါတ်နှစ်အချက်ပါ။ သုံးအချက်ကတော့ - လွှတ်တော်တွေ ပေါ်ပေါက်ပြီးနောက် ပြဌာန်းခဲ့တဲ့ ဥပဒေတွေကို သူလည်း လေ့လာနေပါတယ်တဲ့။ အဲ့ဒီထဲမှာမှ ဥပမာအနေနဲ့ ဥပဒေ သုံးခု ပြောသွားပါတယ်။

အလုပ်သမား အဖွဲ့အစည်းများ ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ပြင်ဆင်တဲ့ဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ဒီဥပဒေတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့လည်း သူ မျှော်လင့်ပါတယ်ဆိုတာကို ပြောပါတယ်။ နောက်ဆုံး နံပါတ်လေး အချက်အနေနဲ့ကတော့ - နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဒီ လေးချက်ကို အဓိက ပြောသွားပါတယ်။”

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ကတော့ - မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်နေပြီ။ မြန်မာနိုင်ငံမှာ ဘယ်တော့မှ စစ်တပ်အုပ်ချုပ်ရေး ပြန်ပြီးတော့ အုပ်ချုပ်ဖို့ မရှိတော့ဘူး။ အာဏာသိမ်းဖို့ မရှိတော့ဘူးဆိုတာကို ဝန်ကြီး ကလင်တန် ကို စစ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက မျှော်လင့်နေတဲ့ Sanction ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်း - ဦးခင်အောင်မြင့်ရဲ့ ပြောကြားချက်ကို - ဒေါက်တာမြတ်ဉာဏစိုးက အခုလို ဆက်ပြောပြပါတယ်။

“Sanction နဲ့ပတ်သက်လို့ကတော့ တိုက်ရိုက်ပြောတာတော့မရှိပါဘူး။ ဒါပေမဲ့ လွှတ်တော်ဥက္ကဌအနေနဲ့ မစ္စစ် ဟီလာရီ ဆီကနေ တဆင့်ပေါ့ အမေရိကန်လွှတ်တော်၊ အမေရိကန်အစိုးရနဲ့ ပြည်သူတွေကို ပြောချင်တာတွေတော့ ရှိပါတယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။ အဲ့ဒါကတော့ သုံးချက်ပါ။ တစ်အချက်ကတော့ - မြန်မာနိုင်ငံရဲ့ ဒီ ထွက်ကုန်တွေ၊ ထုတ်ကုန်တွေကို အမေရိကားနဲ့ ဥရောပမှာ ဈေးကွက်ဝေစုတွေရဖို့ အတွက် ကူညီဆောင်ရွက်ပေးဖို့၊ နှစ်အချက်ကတော့ - မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ကူညီဆောင်ရွက်ပေးဖို့၊ သုံးအချက်ကတော့ - မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့ဆိုရင် ပညာရေးမြင့်မားဖို့ လိုပါတယ်။ ဒါကြောင့် ပညာရေးနဲ့ပတ်သက်တဲ့ အကူအညီတွေကို ပေးဖို့ ဒါကိုတော့ မေတ္တာရပ်ခံ ပြောဆိုခဲ့တာရှိပါတယ်”

NDF အမျိုးသားဒီမိုကရေစီ အင်အားစုရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်နဲ့ တွေ့ဆုံပြီး မထွက်ခွာခင်လေးမှာတော့ - ဝန်ကြီးကလင်တန် က - ဒေါက်တာ မြတ်ဉာဏစိုး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးဂျေအုန်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးညွန့်တင် တို့ကိုလည်း သီးသန့် တွေ့ဆုံလိုကြောင်း ပြောသွားခဲ့တယ်လို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောခဲ့ပါတယ်။

အဲ့ဒီနောက် ဝန်ကြီးကလင်တန်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ - ဝန်ကြီး ကလင်တန်ကနေ ပြည်သူ့လွှတ်တော် ဆိုတာ နိုင်ငံ့သမိုင်းကို ရေးသားသူတွေဖြစ်တဲ့အတွက် ကောင်းအောင်ရေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကို ပြောကြားခဲ့ပြီး - သူရဦးရွှေမန်းကလည်း လုပ်ဆောင်မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ဒီတွေ့ဆုံ ပွဲမှာပါဝင်တဲ့ ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က ပြောပြပါတယ်။

ဒါ့အပြင် သူရဦးရွှေမန်းက မြန်မာနိုင်ငံ ဒုက္ခရောက်အောင် ပိတ်ဆို့ထားတဲ့ အရေးယူဒဏ်ခတ်ရေး မူဝါဒတွေနဲ့ပတ်သက်ပြီးတော့လည်း ကန့်ကွက်တဲ့အကြောင်း ပြောဆိုချိန်မှာ - ဝန်ကြီး ကလင်တန်က - မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့အတွက် တဆင့်ချင်း ကူညီပေးသွားမယ်လို့ တုန့်ပြန်ကြောင်း ဒေါ်နန်းဝါနုက ပြောပြပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာတွေ၊ နိုင်ငံရေးပါတီ ဥပဒေတွေပြင်ဆင်တာတွေ၊ အလုပ်သမား ဥပဒေတွေ ပြုလုပ်တာတွေဟာ သိသာထင်ရှားတဲ့ လုပ်ရပ်တွေဖြစ်တယ်။ အဲ့ဒီလုပ်ရပ်တွေက နိုင်ငံတကာ မြင်ကွင်းမှာ ကောင်းတယ်။ အဲ့ဒီ နိုင်ငံတကာမြင်ကွင်းမှာ ကောင်းလာတဲ့အတွက်ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပါမယ်။ သူတို့အနေနဲ့ ဒီလို ခြေလှမ်းတွေကို တွေ့မြင်ရတဲ့အတွက် အမေရိကန် ဘက်ကနေ IMF တို့ ကမ္ဘာ့ဘဏ်တို့ စတာတွေကနေတဆင့် တလှမ်းစီ တလှမ်းစီ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကူညီပေးသွားပါမယ်”

ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ သွားနေတဲ့ လွှတ်တော်ဥပဒေစနစ်ဟာ အတွေ့အကြုံနည်းပါးသေးပေမဲ့ - မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးနဲ့ ဒီမိုကရေစီရေးတွေမှာ နောက်ကြောင်း ပြန်မလှည့်ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ကတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံပွဲမှာ အချိန်နည်း လွန်းတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တဦးချင်း အနေနဲ့တော့ တင်ပြဆွေးနွေးခွင့်တွေ မရခဲ့ပါဘူးလို့ ဆိုပါတယ်ရှင်။

XS
SM
MD
LG