သုံးရလွယ်ကူစေသည့် Link များ

NLD အတွင်းရေးမှူးဦးလွင် ကွယ်လွန်


NLD အတွင်းရေးမှူးဦးလွင် ကွယ်လွန်
NLD အတွင်းရေးမှူးဦးလွင် ကွယ်လွန်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး တာဝန်ယူခဲ့သူ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က နိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးလွင်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေက ကွယ်လွန်သွားခဲ့ပါတယ်။ ဦးလွင်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှု တချို့အကြောင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ရန်ကုန်၊ ကမ္ဘောဇရိပ်သာနေ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးလွင်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့၊ ည ၈ နာရီနဲ့ မိနစ် ၄၀ မှာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်သွားပါတယ်။

လာမယ့် ကြာသာပတေးနေ့ ဒီဇင်ဘာ ၈ ရက်၊ မွန်းလွဲ ၁ နာရီခွဲမှာ ရေဝေးသုဿန်ကို ပို့ဆောင် မီးသင်္ဂြိုဟ်မှာဖြစ်ပါတယ်။

ဦးလွင်ဟာ ၁၉၈၈ ခုနှစ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်ကတည်းက ပါဝင် လှုပ်ရှားခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် NLD ကို ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အချိန်မှာ NLD ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူပါ၊ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်ပြီး ဦးဆောင် ဦးရွက်တာဝန်ယူခဲ့တဲ့ အရင် မျိုးချစ် တပ်မတော် အရာရှိဟောင်းတဦးဖြစ်သလို အရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က အစိုးရရဲ့ ထိပ်တန်း တာဝန်ယူခဲ့တဲ့ ခေါင်းဆောင် အကြီးအကဲဟောင်းတယောက်လည်း ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးလွင်ဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေးပါတီ တခုအဖြစ် ဆက်လက် ရပ်တည်နိုင်ရေးမှာ နှောင့်ယှက် ခြိမ်းခြောက်မှုတွေ အမျိုးမျိုးကြားက ရုန်းကန်နိုင်အောင် NLD ဥက္ကဋ္ဌ ဦးအောင်ရွေကို အဓိက ကူညီပေးနိုင်ခဲ့သူတွေထဲက တဦးဖြစ်တယ်ဆိုပြီး ၁၉၉၅ ခုနှစ်နဲ့ ၉၆ ခုနှစ်တွေက ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာကို ရေးပို့ခဲ့တဲ့ မြန်မာပြည်ကလာတဲ့ စာမှာ ရေးသားခဲ့ဖူးပါတယ်။

ဒုတိကမ္ဘာစစ်ဖြစ်လို့ ဘီအိုင်အေ (BIA) ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲကို ဝင်ခဲ့တဲ့အချိန်မှာ ဦးလွင်ဟာ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ ၁၉၄၃ ခုနှစ် သြဂုတ်လမှာ ဂျပန်နိုင်ငံ Rikugan Shikan Gakko ဗိုလ်သင်တန်းကျောင်းမှာ သင်တန်းတက်ဖို့ စေလွှတ်ခံခဲ့ရတဲ့ မြန်မာ အရာရှိလောင်းတွေထဲက တဦးလည်း ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်၊ သြဂုတ်လ မြန်မာအရာရှိငယ်လေးတွေ စစ်သင်တန်းပြီးတဲ့အချိန်၊ မြန်မာနိုင်ငံမှာ ဖက်ဆစ်တော်လှန်ရေး စနေတဲ့အချိန်၊ ဦးလွင်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက် အရာရှိငယ်တွေဟာ ဂျပန်နိုင်ငံ Hakone မှာ ၁၉၄၅ ခုနှစ် အောက်တိုဘာလအထိ နေခဲ့ရပြီး သူတို့ စားဖို့ သောက်ဖို့ မီးသွေးဖုတ်ရောင်းခဲ့ရတယ်လို့ ပြောပါတယ်။

လွတ်လပ်ရေးရပြီးတဲ့နောက် ဦးလွင်ဟာ တပ်မတော်ထဲမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး အင်္ဂလန်နဲ့ အနောက်ဂျာမဏီ နိုင်ငံတွေကို စစ်သင်တန်းတွေတက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။ ၁၉၅၉ ခုနှစ်က သူဟာ ဝါရှင်တန်မြို့တော်မှာ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ပြန်လာပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်မှာ ရန်ကုန်မှာ ဒု-ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်ယူတာကို ခံခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းခံခဲ့ရပြီးတဲ့နောက် ဦးလွင်ဟာ ဘဏ္ဏာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို နောက်ပိုင်းမှာ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံတော်ကောင်စီဝင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတော်ကောင်စီဝင်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ် NLD ရဲ့ အတွင်းရေးမှူးတာဝန်ယူပြီးတဲ့နောက်ပိုင်း- ဦးလွင်ဟာ အန်၊အယ်လ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်အဖြစ်လည်း သတင်းဌာနတွေ တော်တော်များများနဲ့ ထိတွေ့ပြီး နိုင်ငံရေးအခြေအနေ၊ NLD ရဲ့ ရပ်တည်ချက်တွေနဲ့ သဘောထားအမြင်တွေကို ပြောခဲ့သူတယောက် ဖြစ်ပါတယ်။

ဦးလွင်နဲ့ တွေ့ဆုံမေးမြန်းခန်းတွေ အများအပြားရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါ် သံဃာ့လှုပ်ရှားမှုကာလ လုံခြုံရေးတပ်ဖွဲ့တွေ ဘုန်းတော်ကြီးကျောင်းတွေကို ဝင်သိမ်းတဲ့အချိန် သံဃာတော်တွေ ဖမ်းဆီးခံရတဲ့အချိန်မှာ VOA က ဦးလွင်ရဲ့ သဘောထားအမြင်ကို မေးမြန်းခဲဖူးပါတယ်။ အဲဒီအချိန်က ဦးလွင်က အခုလို ပြောခဲ့ပါတယ်။

“အန်ကယ့်သဘောထားပြောမယ်၊ နော်- အန်ကယ်အခု ၈၃ နှစ် ရှိပြီ။ ဒီလိုဟာမျိုး ဒီတခါပဲ မြင်ဖူးတယ်။ အဲဒါကလည်း အခုနက ပြောသလို ဒီအရေးအခင်းက နိုင်ငံရေးမှာ ကျနော်တို့က ဝင်ပြီး ပါသင့်တယ်ထင်လို့ ဝင်ပါလာတာ။ ၃ နှစ်ဆိုပြီး ပါလာတာ၊ အခု ၁၉ နှစ်ကြာပြီ။ အဲဒီတော့ တခါမှ မတွေ့ဖူး၊ မကြုံဖူးတဲ့ကိစ္စကို အခု ၁၉ နှစ်အကြာမှာ မြင်ရတယ်။ ၃ နှစ်တန်သည်၊ ၄ နှစ်တန်သည် ပြီးသင့်တဲ့ကိစ္စက ၁၉ နှစ်ကြာတယ်။ မပြီးတဲ့အပြင် အခုလို ဖြစ်ရပ်မျိုးကို အန်ကယ့်တသက်မှာ ဒီတခါပဲ မြင်ဖူးတယ်”

တခါက ဦးလွင် ဗွီအိုအေကို ပြောပြခဲ့ဖူးတာပါ။ လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်၊ ဒီမိုကရေစီအရေးတော်ပုံ ခေတ်၊ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ဖူးတဲ့ ဦးလွင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ် ရှိပြီ ဖြစ်ပါတယ်။

XS
SM
MD
LG